Thursday, January 26, 2012

Siem Reap မြို့အကြောင်းနှင့် ခမာပြည်က ပုံရိပ်များ

ကမ္ဘောဒီးယားမှာ မအိမ်သူတို့ လက်ရှိနေထိုင်တဲ့ မြို့ကလေးကို ဆီအမ်ရိ(ပ်)
(Siem Reap) လို့ခေါ်ပါတယ်။ ကမ္ဘာကျော် အန်ကောဝပ် (Angkor Wat)
ကျောင်းတော်ကြီး တည်ရှိတဲ့ မြို့ကလေးပါ။ ခမာလူမျိုးတွေက ဆီအမ်ရိ(ပ်)
မြို့ကလေးကို “အန်ကောခေတ်ဟောင်းသို့ ၀င်ရာလမ်း” (Gateway to the
Angkor-era) လို့ တင်စားပြောဆိုလေ့ရှိကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့
အနောက်မြောက်ဖက်ဒေသမှာ တည်ရှိတဲ့ ဆီအမ်ရိ(ပ်)နယ်ရဲ့ မြို့တော်ဖြစ်
တဲ့ ဆီအမ်ရိ(ပ်)မြို့ကလေးဟာ ပတ်ပတ်လည် စပါးခင်း လယ်ကွင်းများ
ခြံရံလို့ မြို့လယ်ကနေ ဖြတ်သန်း စီးဆင်းနေတဲ့ ဆီအမ်ရိ(ပ်) မြစ်ကြောင်း
တစ်လျှောက်မှာ တည်ရှိနေတဲ့ မြို့ငယ်လေးတစ်ခုပါ။ အရှေ့နဲ့အနောက်
ခန့်မှန်းခြေ ၄ ကီလိုမီတာကနေ ၅ ကီလိုမီတာလောက် ကျယ်ဝန်းပြီး
တောင်နဲ့မြောက်ကတော့ မြစ်ကြောင်းဘေးတစ်လျှောက် ၃ - ၄ ကီလိုမီတာ
လောက်သာရှည်လျားတဲ့ မြို့ကွက်ခပ်ကျဉ်းကျဉ်းလေးကို ပိုင်ဆိုင်ပါတယ်။
မြို့ကလေးငယ်သော်ငြားလည်း ကြယ်ငါးပွင့်အဆင့်ရှိ ကမ္ဘာပေါ်က နာမည်ကြီး
ဟိုတယ်ကြီးများ ပုဂ္ဂလိကပိုင် ဟိုတယ် မိုတယ် တည်းခိုခန်း စားသောက်ဆိုင်
အမှတ်တရပစ္စည်းအရောင်းဆိုင်များ ခရီးသွားလုပ်ငန်းများနဲ့ အဲဒီလုပ်ငန်းနဲ့
ပတ်သက်ဆက်နွယ်နေတဲ့ အခြားစီးပွားရေးနဲ့ ၀န်ဆောင်မှုလုပ်ငန်းများ
ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များနဲ့ အမြဲတမ်းလို စည်ကားနေတတ်တဲ့
ချစ်စရာ မြို့ကလေးပါ။ ပြင်သစ်ကိုလိုနီနိုင်ငံ ဖြစ်ခဲ့ဖူးတဲ့အတွက် မြို့တွင်းမှာ
အနောက်တိုင်းဆန်တဲ့ ခေတ်ဟောင်း ကိုလိုနီခေတ် အဆောက်အဦး လက်ရာ
များကိုလဲ မြို့လယ်ဧရိယာအတွင်းမှာ တွေ့နိုင်ပါတယ်။ ခေတ်ဟောင်းတရုတ်ပုံစံ
အိမ်နဲ့ဆိုင်ခန်းတွဲ အဆောက်အဦးများလဲရှိသလို ပြည်တွင်းစစ်ပြီးသွားတဲ့
နောက်ပိုင်း အခုခေတ်သစ်ရဲ့ လက်ရာ ဒီဇိုင်းဆန်းဆန်း အဆောက်အဦးများလဲ
မြို့တွင်းမှာ တစ်နေ့တစ်ခြား တိုးပွားလာနေပါတယ်။ နိုင်ငံရဲ့ အဓိကကျတဲ့
စီးပွားရေးမှာ ခရီးသွားလုပ်ငန်းတွေကရတဲ့ ၀င်ငွေများနဲ့ ပံ့ပိုးပေးနေတဲ့
ဆီအမ်ရိ(ပ်) မြို့ကလေးဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်ပင်
(Phnom Penh) ကနေဆိုရင် ၃၁၅ ကီလိုမီတာခန့် ကွာဝေးပါတယ်။
ဆီအမ်ရိ(ပ်)နဲ့ ဖနွမ်ပင်ကို လေယာဉ်နဲ့ဆိုရင် နာရီဝက် လေးဆယ့်ငါးမိနစ် 
ခရီးလောက်ပါပဲ။ ကားလမ်းကနေ သွားမယ်ဆိုရင်တော့ ပျမ်းမျှ ၅နာရီနီးပါး
လောက်မောင်းရပါတယ်။ နောက်ထပ် ခရီးစဉ်တစ်ခုကတော့ ရေကြောင်းလမ်း
ကနေ မော်တော်ဘုတ်နဲ့ နေ့ဝက်ခရီးလောက် စီးပြီးသွားလို့လဲ ရပါတယ်။ 
အရှေ့တောင်အာရှမှာအကြီးမားဆုံး ရေချိုအိုင်ကြီးဖြစ်တဲ့ တုံလီဆပ်ရေအိုင်ကြီး 
ကိုဖြတ်ပြီး တုံလီဆပ်မြစ်ကြောင်းကနေတစ်ဆင့် ဖနွမ်ပင်မြို့ကို ခရီးသည်တင်
စပိဘုတ်တွေ ပြေးဆွဲတာရှိပါတယ်။ ဘုတ်နဲ့သွားမယ်ဆိုရင် Wet Season လို့
ခေါ်တဲ့ July ကနေ March လအတွင်း တုံလီဆပ်အိုင် ရေပြည့်နေချိန်မှာသာ 
သွားကြတာများပါတယ်။ အဲဒီခရီးစဉ်ကတော့ နိုင်ငံခြားသား ကမ္ဘာလှည့်
ခရီးသွားများသာ အများဆုံး သွားလေ့ရှိကြပါတယ်။ အများစုကတော့ ကားလမ်း 
ခရီးကိုသာ အသုံးပြုပြီး သွားလာကြတာပဲ များပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ပိတ်ရက်တွေမှာ ခရီးထွက်ဖြစ်တုန်း ဆီအမ်ရိ(ပ်) ကနေ
ဖနွမ်ပင် ကားလမ်းခရီးတစ်လျှောက် မြင်ရတွေ့ရတဲ့ လမ်းဘေးဝဲယာနဲ့ ဟိုင်းဝေး 
လမ်းမပေါ်က ခမာပြည်မြင်ကွင်းတွေကို ကားပေါ်ကနေပြီး ဓါတ်ပုံတွေ အတော် 
များများ ရိုက်ယူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရိုးရိုး အပျော်တန်း ဒစ်ဂျစ်တယ် 
ကင်မရာလေးနဲ့ ရိုက်တာဆိုတော့ ကိုယ်က ကျွမ်းကျင်တဲ့ ဓါတ်ပုံသမားလဲ
မဟုတ်တဲ့အပြင် ကားသွားတဲ့အရှိန်နဲ့ရော လက်မငြိမ်တာရောပေါင်းပြီး
ပုံအတော်များများက သုံးမဖြစ်လောက်အောင် ၀ါးတားတားတွေဖြစ်နေပါတယ်။
တစ်ချို့ပုံတွေဆို ကိုယ့်ဟာကိုယ် ဘာပုံရိုက်ထားမိမှန်းတောင်မသိအောင်ပဲ။ 
အဲဒီဝါးတားတားပုံတွေထဲကပဲ နည်းနည်းပါးပါး ကြည့်လို့ရတဲ့ဓါတ်ပုံလေးတွေကို 
ခမာပြည်ရဲ့ ခရီးသွားမြင်ကွင်းလေးတွေအဖြစ်သည်းခံပြီးကြည့်ပေးကြပါနော်။း))

အခု ဒီပုံလေးတွေကတော့ ဆီအမ်ရိ(ပ်) ကနေ ဖနွမ်ပင်ကိုအသွား ဟိုင်းဝေး
လမ်းမတစ်လျှောက် မြင်ရတဲ့ ရှုခင်းများပါပဲ။ လမ်းဘေးရှုခင်းတွေ ကျေးလက်
မြင်ကွင်းတွေ ဟိုင်းဝေးလမ်းပေါ်မှာ သွားလာနေကြတဲ့ ယာဉ်တွေကို တွေ့ရာ
မြင်ရာ အကုန်ရိုက်ထားတဲ့ အထဲက သိပ်မ၀ါးပဲ ကြည့်လို့ရတဲ့ ပုံလေးတွေကို
တင်ထားပါတယ်။

မြန်မာပြည် နယ်ဖက်တွေမှာ ဆောက်တတ်ကြတဲ့ အိမ်ကလေးတွေနဲ့တူတဲ့ ခမာကျေးလက်အိမ်
ဟိုင်းဝေးလမ်းပေါ်က ထော်လာဂျီ
ဟိုင်းဝေးလမ်းဘေးက ရွာတန်းရှည်ကလေး... ရွာတိုင်း နယ်တိုင်းလိုလို အိမ်ကလေးတွေက ကြည့်လိုက်ရင် ဆင်တူလေးတွေ ဆောက်ထားတတ်ကြတယ်...
တစ်နယ်နဲ့ တစ်နယ်ကူးဖို့ လမ်းဘေးမှာ ပစ္စည်းတင် ခရီးသည်စောင့် လုပ်နေကြတဲ့ ခရီးသည်တင် လိုင်းဆွဲတဲ့ကားတွေ
ကားလမ်းနံဘေးက ရွာငယ်လေးတွေမှာ တွေ့ရတတ်တဲ့ ကျေးလက်သဘာဝ အိမ်လေးတွေ
ကားပေါ်ကမြင်ရတဲ့ ရှုမျှော်ခင်း
ခမာရွာကလေးတွေက လမ်းတစ်လျှောက် ဆက်နေတာများပါတယ်။
ဒီလိုမြင်ကွင်းလေးတွေက ခရီးသွားမှ မြင်ရတာမျိုးလေ...
ဟိုင်းဝေးလမ်းပေါ်မှာ...

ပစ္စည်း တစ်ပုံတစ်ပင်တင်ပြီး ရှေ့ကနေ သွားနေတဲ့ ဗင်ကား..

ဖြူးဖြူးဖြောင့်ဖြောင့် အဝေးပြေးလမ်းရဲ့ ရှုခင်း

လမ်းဘေးမှာ လယ်ကွင်းအတော်များများ စပါးရိတ်နေကြပါတယ်။ ဒါက စပါးခြွေလှေ့စက်ကို သယ်လာတဲ့ ထော်လာဂျီတစ်စင်း လမ်းဘေးချရပ်ပြီး စက်ဘီးနဲ့ ရွာလည်ပြီးမုန့်လိုက်ရောင်းတဲ့ အသည်ဆီက မုန့်ဝယ်စားနေကြတာ...

ကမ္ဘောဒီးယားမှာ ကြိမ်ထည်ပစ္စည်းတွေလဲ အတော်အသုံးပြုကြပါတယ်။ ကြိမ်နဲ့လုပ်ထားတဲ့ သုံးဆင့် လေးဆင့် ငါးဆင့် အရွယ်မျိုးစုံ စင်ကလေးတွေကို ထော်လာဂျီနောက်တွဲပေါ်တင်ပြီး နယ်တကာ မြို့တကာ လှည့်လည်ရောင်းချတတ်ကြပါတယ်။ အဲဒီကြိမ်ထည်ပစ္စည်းတွေ လိုက်ရောင်းတဲ့ထော်လာဂျီလေးတွေကို ဟိုင်းဝေးလမ်းဘေးမှာ တန်းစီရပ်ထားကြတာ တွေ့လို့ ရိုက်ထားတာပါ။

ဒီဟာလဲ ဟိုင်းဝေးလမ်းမပေါ်က လျှပ်တစ်ပြက် မြင်ကွင်းတစ်ခုပါပဲ။ ၀က်ကို အဲဒီလို ဆိုင်ကယ်နဲ့ သယ်တတ်ကြပါတယ်။ ဆိုင်ကယ်သမားက ဆိုင်ကယ်စီးဦးထုပ်မပါ ဘာမပါနဲ့ ရှေ့မကြည့်ပဲ ဖုန်းကို ကလိနေတာ ကြည့်ရတာ အတော် အသည်းယားဖို့ကောင်းတယ်။ ဒီလောက် ကုန်တင်ကားကြီးတွေ ခရီးသည်တင်ယာဉ်တွေနဲ့ တခြားယာဉ်မျိုးစုံ အရှိန်ပြင်းပြင်းနဲ့ ဥဒဟို ဖြတ်သန်းသွားနေတဲ့ လမ်းပေါ်မှာ အန္တရာယ်ကိုမကြောက်ပဲ အဲဒီလိုလုပ်နိုင်ကြတာကိုလဲ တကယ်အံ့သြတယ်။ မြို့ထဲမှာကတော့ ခပ်ဖြေးဖြေးပဲမောင်းကြတာဆိုတော့ ဆိုင်ကယ်တို့ စက်ဘီးတို့ကို လက်တစ်ဖက်လွှတ်စီးပြီး ဖုန်းကိုပဲ မဲလုပ်နေကြတာ ခဏခဏတွေ့နေရတာ .. မြို့လည်ကောင်မှာတော့ အဲဒီလိုမြင်ကွင်းတွေက ရိုးနေပြီ။

ကုန်ကားရယ် ဗင်ကားရယ် အပြိုင်အဆိုင်...
စက်ဘီးအသစ်လေးဝယ်ပြီး တုတ်တုတ်နဲ့ ရွာကို သယ်လာတယ်ထင်ရဲ့ ...
ကောင်းကင်ပြာပြာ အောက်က စိမ်းစိမ်းစိုစို လယ်ကွင်းတွေ... မျက်စေ့တစ်ဆုံးမှာ တောင်ပြာတန်းက အနားသတ်...
ထန်းတောစုစုလေးတွေကတော့ ကြည့်လေရာမှာ... ခမာလူမျိုးတွေက ထန်းပင်ဟာ သူတို့ရဲ့ အမျိုးသား အမွေအနှစ်ပါတဲ့ ... (National Heritage) ဆိုပြီး အရမ်းဂုဏ်ယူကြပါတယ်။ ထန်းသားနဲ့ လုပ်ထားတဲ့ ဇွန်း ယောင်းမ ရေနွေးကြမ်းအိုး ငရုတ်ဆုံ ပန်းကန်ခွက်ယောက် အသုံးအဆောင်တွေလဲ အမျိုးမျိုးရှိပါတယ်။ လက်ရာအရမ်းကောင်းပြီး ချောနေတာ မြင်တာနဲ့ လိုချင်စရာပါ။ အရမ်းလက်ရာမြောက်တဲ့အပြင် အပူအအေး ကြိုက်တာထည့်သုံးလို့ရသလို အသုံးလဲခံပါတယ်။
လမ်းတစ်လျှောက်လုံး လယ်ယာလုပ်ငန်းခွင် အတော်များများမှာ စပါးရိတ်သိမ်းချိန်မို့လို့ စပါးရိတ်နေ ခြွေနေကြတာတွေကို တွေ့ရပါတယ်။ ကောက်ရိုးတွေလဲ ပုံစံအမျိုးမျိုးနဲ့ သယ်နေကြတာ တွေ့ခဲ့ရတယ်။ တစ်ချို့လယ်တွေကတော့ ခုမှစစိုက်တဲ့ပုံနဲ့ စိမ်းစိမ်းစိုစိုတွေလဲ တွေ့ရတယ်။
ဒါကတော့ ရိတ်သိမ်းပြီးခါစ လယ်ကွင်းတွေ... ရိုးပြတ်တွေ ထိုးထိုးထောင်ထောင်နဲ့...
ဒါကတော့ မူလတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်း အ၀င်ဝ မုခ်ဦး... ခမာပြည်မှာ များသောအားဖြင့် ဘုန်းကြီးကျောင်းဝင်းတွေက အကျယ်ကြီးတွေ.. အဲဒီဝင်းထဲမှာမှ ဘုန်းတော်ကြီးကျောင်းရယ် ကလေးတွေ စာသင်ကျောင်းရယ် သုသာန်ရယ် အတူတူ ဆောက်ထားတတ်ကြတယ်။ သုသာန်က သီးသန့်ထားတာမျိုး သိပ်မတွေ့ရဘူး။ အမြဲတမ်း ဘုန်းကြီးကျောင်းဝင်းထဲမှာ တွဲလျက်ထားတတ်ကြတယ်။ ဘုန်တော်ကြီးကျောင်းရှိရင် သင်္ချိုင်းလဲတွဲလျက်ရှိတာမို့ သင်္ချိုင်းက မြို့လယ်ကောင်မှာ ဖြစ်ချင်လဲဖြစ်နေတတ်ပါတယ်။ သုသာန်နဲ့ကပ်လျက်မှာ လူနေရပ်ကွက်တွေလဲ အများကြီးပါပဲ။ သုသာန် ဘေးကပ်ပြီးတော့လဲ ဟော်တယ်တွေ စားသောက်ဆိုင်တွေ ရှိချင်ရှိနေတာပါ။ ခမာလူမျိုးတွေက အဲဒါကိုတော့ အယူသည်းတာမျိုး မရှိကြဘူး။ သင်္ချိုင်းနားကပ်နေတဲ့ စားသောက်ဆိုင်လဲ ကြိတ်ကြိတ်တိုး ရောင်းရတာပဲ။ သင်္ချိုင်းဂူတွေနား ကပ်ရက် အုတ်တံတိုင်းလေး တစ်ခုခြားပြီး တိုက်ဆောက်နေချင်လဲ နေတာပဲ။ ခိုက်တာတို့ ဘာတို့ အယူရှိကြပုံ မပေါ်ဘူး။

လမ်းဘေးက ထင်းပုံတွေရယ် သယ်မယ့်ကုန်တင်ကားရယ်... လမ်းတစ်လျှောက်မှာ အဲဒီလို ထင်းပုံတွေကိုလဲ လမ်းဘေးမှာ ဟိုနားတစ်ပုံ ဒီနားတစ်ပုံ ပုံထားတာတွေ တွေ့ခဲ့ရတယ်။

ဒါကတော့ ဟိုင်းဝေးလမ်းပေါ်မှာ အထဲမှာလဲ အပြည့်အသိပ် ဘေးနှစ်ဘက် နောက်မြီးနဲ့ ခေါင်မိုးပေါ်မှာပါမကျန် ပစ္စည်းတွေ အပြည့်တင်လာတဲ့ တုပ်တုပ်ကို အနောက်ကနေတွေ့လို့ လှမ်းရိုက်ထားတာ...

ကောက်ရိုးပုံသယ်လာတာများ ကြည့်ကြပါအုံး။ ရှေ့ကသွားနေတဲ့ အဲကွန်းဘတ်စ် အမြင့်နဲ့ ယှဉ်ကြည့်နိုင်ပါတယ်။ အဲဒီ ကောက်ရိုးပုံပေါ်မှာ လူ ၅ယောက်လဲပါသေးတယ်။ ရှေ့က ဆိုင်ကယ်မောင်းသူကတစ်ယောက်...

ဖနွမ်ပင်သွားတိုင်းမှာ ခရီးတစ်ထောက်နားတဲ့ နေရာကနေ ပြန်ထွက်ရင် ဒီတံတားလေးကို အမြဲတမ်းဖြတ်ရပါတယ်။ အဲဒီတံတားလေးကို ဖြတ်တိုင်းလဲ စိတ်ထဲမှာ မြန်မာပြည်က ပဲခူးမြို့ အ၀င်ကတံတားလေးကို အမြဲတမ်း သတိရပြီး မျက်စေ့ထဲ သွားသွားမြင်မိတယ်။
ဖနွမ်ပင် မရောက်ခင် လမ်းမှာ အုတ်နီခဲ ထုတ်လုပ်တဲ့ စက်ရုံတွေ တန်းစီပြီးရှိပါတယ်။

အုတ်နီခဲလုပ်မဲ့ မြေကြီးတွေကို စက်ရုံရှေ့ တွေမှာ ဒီလိုပဲ ပုံထားတတ်ကြတယ်။

မြေကြီးပုံရှေ့က ပလတ်စတစ်အုပ်ထားတဲ့ အတန်းတွေက အုတ်နီခဲတွေ ပုံသွင်းထားတာပါ။

လုပ်ရင်းကိုင်ရင်း ကျိုးပဲ့သွားတဲ့ အုတ်နီခဲ အကျိုးအကြေ ပုံတွေရယ်...အုတ်နီခဲဖုတ်ဖို့ ထင်းပုံရယ်...

ဒီမှာလဲ ပုံသွင်းထားတာ အများကြီးပဲ... ပြီးမှ စက်ရုံထဲမှာ ထင်းမီးနဲ့ ဖုတ်ကြတယ်။

ဒီစက်ရုံကတော့ ခေါင်းတိုင်က မီးခိုးတစ်လူလူနဲ့ အုတ်ခဲဖုတ်နေတယ်ထင်ပါရဲ့ ...

ဒါလဲ နယ်မြို့လေးတစ်ခုက ဘုန်းတော်ကြီးကျောင်း အ၀င်ဝ မုခ်ဦးတစ်ခုပါ။

ဒါကတော့ စီးသွားတဲ့ Bus ရဲ့ အတွင်းပိုင်းမြင်ကွင်း..

ဖနွမ်ပင်မြို့ကို အ၀င် မဲခေါင်မြစ်ဖြတ်တံတားပေါ်ကနေ လှမ်းမြင်ရတဲ့ မဲခေါင်မြစ်ကြီးရဲ့ ရှုခင်း

ကဲ.. ဖနွမ်ပင်က Bus Station ကို ၀င်ပြီမို့ ခရီးစဉ်ပြီးဆုံးပါပြီ။း)
 အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

14 comments:

ညီရဲ said...

ဓာတ်ပုံတွေ ကြည့်ရတာတော့ မြန်မာပြည် အတိုင်းဘဲနော် အစ်မ... ခုလို ပြန်မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် အစ်မ...

ညိမ်းနိုင် said...

ညီရဲပြောသလိုပဲ.....မြန်မာပြည်ပြန်ရောက်သွားသလား
မှတ်ရ....။ဆီရမ်ရိမြို့ရဲ့တခြားအကြောင်းလေးတွေပါ
မွှေနှောက်သွားတယ်အစ်မ....၅ရက်နေ့ကျွန်တော်လာ
မှာမို့လို့ နဲနဲပါးပါးကြိုကြည့်ထားတာ....:)))

ဟန်ကြည် said...

ဆိုင်ကယ်ပေါ် ၀က်ကို ကန့်လန့်တင်ပြီး လက်တစ်ဖက်က ဖုန်းကလိနေတာများ ကြည့်ရတာ ကြက်သီးထပါဘိတော့တယ် မအိမ်သူရေ...

ကောက်ရိုးတင်သွားတဲ့ ကားလား၊ ဆိုင်ကယ်လား အပေါ်မှာ ထိုင်လိုက်သွားကြတဲ့ မောင်မင်းကြီးသား ၅ ယောက်ကို အဲဒီလို မလိုက်ခင် ဘီယာများ အမူးတိုက်လွှတ်လိုက်လို့ အဲဒီလောက် သတ္တိကောင်းနေကြသလား တွေးမိပါရဲ့ဗျာ...

ပုံတွေကိုကြည့်ရင်းနဲ့ ခမာပြည်က မြန်မာပြည်နဲ့တူလိုက်တာလို့လည်း စဉ်းစားမိပါရဲ့...

တကူးတက တင်ပေးတဲ့အတွက် ကျေးဇူးပါ မအိမ်သူရေ...

နေ၀သန် said...

ဗဟုသုတရတယ်.. မအိမ်သူရေ... စီရမ်ရိပ် ကို အခွင့်ရှီရင် အလည်လာချင်သေးတယ်ဗျာ.... လမ်းလေးရှုခင်းတွေကို တမျှော်ကြီးငေးကြည့်သွားတယ်..း)))

ခင်မင်လျက်
နေ၀သန်

Anonymous said...

ညီမ ရေ မြန်မာပြည် ထက်တောင် ဆိုးတယ် ထင်ရတယ်နော် ဒီမှာဆိုရင် မော်တော်ပီကယ် ဖမ်းလောက်တယ်
ညီမ အန်ကာဝပ် ဘုရားကျောင်း အကြောင်းသေချာရေးပေးပါအုန်း

ခင်မင်တဲ့
ရွှေစင်ဦး

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဗဟုသုတရစေတဲ့ ပို့စ်အတွက်ကျေးဇူးးအများကြီးတင်မိပါရဲ့ဗျာ
အန်ကောဝပ်သမိုင်းကြောင်းလေးလည်းရေးပါအုံးနော်
ကျွန်တော်အရမ်းရောက်ဖူးချင်ပြီး သိချင်လို့း)း)
အချိန်လည်းအားပါစေ

မိုးငွေ့...... said...

စုံနေအောင်ရိုက်ပြထားတဲ့ ဓါတ်ပုံတွေက စိတ်ဝင်စားစရာ ဗဟုသုတရစရာပါ အမအိမ်သူ ကျေးဇူးပါ..။ မြန်မာပြည်နဲ့တော့ ခပ်ဆင်ဆင်နော်...။

မြစ်ကျိုးအင်း said...

ရှုခင်းတွေက မြန်မာပြည်ရဲ့ နယ်မြို့လေးတွေနဲ့ တော်တော်ဆင်တာပဲ။ ထန်းပင်တွေနဲ့ အိမ်အနီလေးပုံကြည့်ရင်း ကော့မှူးဘက် သွားတုန်းက မြင်ကွင်းမျိုးလို့ စိတ်ထဲ သတိရမိသေးတယ်။

Nyi Linn Thit said...

ကမ္ဘောဒီးယား အကြောင်းကို စိတ်ဝင်စားတယ်..၊ သူတို့ရဲ့ လူနေမှုပုံစံ၊ နေ့စဉ်ဘဝ၊ အစားအစာ စသဖြင့်..၊ ဒီပို့စ် မှာတော့ ဓါတ်ပုံတွေက ဟိုင်းဝေးလမ်းတလျှောက် ခေါ်သွားခဲ့တယ်၊ တခြားလူတွေ ပြောသွားသလိုပါပဲ..၊ အညွှန်းစာတွေသာ တပ်မထားရင် မြန်မာပြည်လို့ ထင်မိမှာ သေချာတယ်ဗျ၊ အိမ်တွေ၊ ဘုန်းကြီးကျောင်း တွေတင် မကဘူး၊ မြစ်ကူးတံတား ပုံစံကပါ တူနေတော့ တာကိုး...၊ မအိမ်သူ အတွက်တော့ မြန်မာပြည် အလွမ်းပြေပဲ ဖြစ်မလား၊ ပိုပြီးပဲ လွမ်းရမလား မသိဘူးနော်..၊း)

san htun said...

မြန်မာပြည်နဲ့  အတော်တူတာပဲ..ခမာ သူငယ်ချင်းတွေ ရှိတယ်..သူတို့ ကို ကူညီတာ ကျေးဇူးတင်လို့  ဆိုပြီး ခမာပြည်က လက်ဆောင် ကီးချိန်း တခု ရွှေးရသေးတယ်..ကီးချိန်းတွေက အန်ကောဝတ်ရယ်၊ မျက်နှာလေးဖက်ရှိတဲ့ အဆောက်အဦး နေရောင်ထိုးရင် ရောင်စဉ်ဖြာတယ် ပြောတဲ့ ဘဝကို အဆောက်အဦးရယ်၊ ပြင်သစ်ဆီက လွတ်လပ်ရေးရတဲ့ အထိမ်းအမှတ် ဂိတ်မုခ်ဦးရယ်..အဲဒီအကြောင်း ကြုံရင် ရေးပေးပါဦး အမ...

ခရစ္စတလ် said...

(Siem Reap) အလွမ်းဖြေ လာကြည့်ပါတယ်အစ်မရေ
နေမကောင်းတာနဲ့ မအားတာနဲ့ အရောက်နောက်ကျသွားတယ် :)

လွင်ပြင်လှိုင်းငယ် said...

ရှု့ခင်းလေးတွေလှတယ်နော်

Angelhlaing(May everybody be happy and healthy! said...

ပုံလေးတွေကြောင့် မြန်မာကိုတောင်လွမ်းသွားတယ်မမရေ... တော်တော်ဆင်တယ်နော်...

vanko said...

မြန်မာ ထိုင်း လာအို ကမ္ဘောဒီးယား ကျေးလက်ရှုခင်းလေးတွေက ဆင်တူယိုးမှားလေးတွေပါပဲ။ ကျနော် အန်ကောဝပ်ကို သွားလည်ဖို့ စိတ်ကူးထားပါတယ်။ Bangkok - Poipet ကိုတော့ သွားဘူးပါတယ်။ Poipet ကနေ Siem Reap ကို free shuttle bus ရှိတယ်လို့ အဲဒီက ဆိုင်ကယ်သမားလေးက ပြောပါတယ်။ ကျနော်လည်း free shuttle bus terminal လို့ရေးထားတဲ့ ဂိတ်နဲ့ ဘတ်စ်ကားတွေကို တွေ့ခဲ့ပါတယ်။ Siem Reap ကနေ အန်ကောဝပ်ကို ဘယ်လိုဆက်သွားရမယ်၊ တည်းခိုရမယ့် နေရာတွေ၊ စားသောက်စရာ လည်ပတ်စရာ နေရာလေးတွေ အကြောင်း၊ ဈေးနှုံးလေးတွေအကြောင်း ပို့စ်တစ်ပုဒ်လောက် တင်ပေးပါလား ခင်ဗျာ။ ကျေးဇူးတင်လျက်...

Related Posts Plugin for WordPress, Blogger...