Friday, January 13, 2012

ချစ်ခြင်းတရားနဲ့ လျှောက်မယ့်လမ်း


ဟိုး … … အရှေ့မှာ
ရောင်နီလာနေပြီ ချစ်သူရေ…
အမှောင်တွေ ကွယ်ပျောက်လို့
အလင်းနယ်ထဲ ရောက်တော့မယ်။

ကဲ… လာ.. ထ..
တို့တွေ သွားကြစို့ရဲ့..
တို့သွားရမယ့် ခရီးကို စ ဖို့သင့်ပြီလေ…။

ဟိုအရှေ့ဆီက
အရုဏ်ဦးရောင်ခြည်တွေဖြာကျ
မှိန်ပြပြ အလင်းတန်းဟာ တစ်စတစ်စနဲ့
တဖြည်းဖြည်းတောက်ပလာနေပြီ ချစ်သူ…။

နံနက်ခင်းရဲ့ နေခြည်အောက်မှာ
တို့တွေလျှောက်ရမယ့် ခရီးလမ်းဟာ
ကြမ်းချင်လဲ ကြမ်းလိမ့်မယ်…။
ပန်းချင်လဲ ပန်းလိမ့်မယ်…။
နွမ်းချင်လဲ နွမ်းလိမ့်မယ်…။

ဒီခရီးကြမ်း ခရောင်းလမ်းကို
တို့တတွေ အတူတစ်ကွ
လက်တွဲကာ လျှောက်လှမ်းကြမယ်ဆိုရင်… …

ချစ်သူရေ…
တို့ရဲ့ ချစ်ခြင်းတွေ
မပျက်ယွင်းစေနဲ့…
တို့ရဲ့ နှလုံးသားတွေ
အမုန်းမပွားစေနဲ့…
တို့ရဲ့ ယုံကြည်ချက်တွေ
မပျောက်ပျက်စေနဲ့…
တို့ရဲ့ ပန်းတိုင်ကို
မယိုင်လဲစေနဲ့…
တို့ရဲ့ ခြေလှမ်းတွေ
နောက်ပြန်မဆုတ်ကြေး…
တို့ရဲ့ စိတ်ဓါတ်တွေ
မပျော့ညံ့ကြေးပေါ့…။

တို့တွေရဲ့ အမှား
အတိတ်မှာ ထားခဲ့ကြစို့ရဲ့…
တို့တွေရဲ့ အကြား
အာဃာတ တရားတွေ
ဖျောက်ကြစို့ကွဲ့…
တို့နှစ်ဦးကြားက
ခိုင်မြဲစွာဆုပ်ထားတဲ့လက်တွေ
မပြေလျော့ပါစေနဲ့ ချစ်သူ…။

တို့သွားမယ့် ခရီးကြမ်း
ဆူးအတိ လွှမ်းထားလဲ
မေတ္တာတရားနဲ့ ကျော်ကာဖြတ်
ရှေ့ကိုဆက်ပြီး လှမ်းကြမယ်…။

အားနဲ့ မာန်နဲ့
လှမ်းသွားရမယ့် ဒီခရီးမှာ
အပြစ်ဖွဲ့စကားတွေ မဆိုပါနဲ့လား ချစ်သူ…
နားလည်ခြင်းများနဲ့ ဖေးကူမ
ချစ်ခြင်းတွေ ညီတူမျှလို့
ကြည်ဖြူစွာ လျှောက်ကြမယ့်လမ်း
အန္တရာယ် ဘယ်လိုပြွမ်းစေတော့
အားမလျှော့စမ်းနဲ့ ချစ်သူ
ပန်းတိုင်ကို တူတူရောက်နိုင်ဖို့…
ချစ်သူရေ…
တို့ဆက်လျှောက်မယ့် လမ်းတွေကို
ချစ်ခြင်းတရားတွေနဲ့ လှမ်းကြစို့လားကွယ်…။

< < < < < ~ ~ ~ > > > > >
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(Friday, 13 January 2012 မှာ အမှတ်တရ ရေးဖြစ်သော ကဗျာ...
ရှေ့ဆက်ရမယ့်လမ်းတွေကို ချစ်ခြင်းတရားတွေနဲ့ ဆက်လှမ်းနိုင်ကြပါစေရှင်...။)

22 comments:

မေဓာဝီ said...

ဦးတည်ချက်တူ
ပန်းတိုင်တူဆီ
ယုံကြည်ရဲရင့်
အားမာန်ဝံ့ကာ
မေတ္တာခြေလှမ်း ဆက်ကြမည်။

မအိမ်သူကဗျာလေး ခံစားဖတ်ရှုသွားပါတယ်။

Crystal said...

ရှေ့မှာ ရောင်နီလာပြီ လာလေ သွားစို့
တို့လက်တွေ ခိုင်ခိုင်မြဲမြဲလက်တွဲထားစို့ ...

Cameron said...

အားရှိတဲ့ ကဗျာလေးတစ်ပုဒ်ပဲအမရေ...။ ဒီလိုနေ့အတွက် အမှတ်တရကဗျာရေးနိုင် အမြဲတမ်းအမှတ်တရဖြစ်သွားတာပေါ့...။

Angelhlaing(May everybody be happy and healthy! said...

ချစ်ခြင်းတာရားနဲ့ လျှောက်မည့်လမ်း....:):)
ခွန်အားတွေအပြည့်နဲ့ ကြည်နူးစွာ ခံစား အားပေး လျှက်ပါမမရေ..

rose said...

ကဗျာလေး လာဖတ်ပါတယ် အစ်မအိမ်သူရေ...။ တစ်တိုင်းပြည်လုံး ပျော်ကြတဲ့ ၁၃ သောကြာ...။

ညီလင်းသစ် said...

ဟုတ်ပါတယ်၊ အရုဏ်ဦးရဲ့ အလင်းတန်းတွေက ဟိုတစ်စ ဒီတစ်စ လှမ်းပြီး မြင်နေရပါပြီ၊ လူတိုင်း ပြုံးပျော်နိုင်မယ့် မနက်ခင်း နေရောင်ခြည် ခပ်နွေးနွေးတွေ ဆက်တိုက် လာပါစေလို့လည်း မျှော်လင့် မိပါရဲ့၊ မအိမ်သူရဲ့ ကဗျာလေးဖတ်ပြီး "hand in hand we stand...all across the land ♫♪" ဆိုတဲ့ သီချင်းလေး တစ်ပိုင်းတစ်စတောင် ကြားမိသွားတယ်..။

ထော်ဦး said...

အစ်မအိမ်သူရေ...
lookမှာပါတဲ့ စာခြောက်ရုပ်ကိုသဘောကျလို့အလည်လာတာပါ
http://htawoo.blogspot.com
ကိုအလည်လာလို့ ရပါတယ်ခင်ဗျာ

ထော်ဦး said...

အစ်မရေ..
ူlookမှာအတူတူဆုံဖူးလို့ သတီရပြီးအလည်လာတာပါ
http://htawoo.blogspot.com
ကိုလည်းအလည်လာပါဦး

Anonymous said...

အရမ်းကောင်းတဲ့ကဗျာလေးပါပဲ
လက်တွဲညီညီ.ဆက်ပြီး.ချီတက်ကြပါစို့ရှင်း)

ချစ်ခင်လျှက်
မိစံ

mstint said...

အားမာန်အပြည့်နဲ့ ကဗျာကောင်းလေးတစ်ပုဒ်
ဖတ်သွားတယ် မအိမ်သူရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးကလည်းကောင်း
ဇန်နဝါရီ ၁၃ရက်ကလည်း မင်္ဂလာရှိတဲ့နေ့ဖြစ်
ဆိုတော့ ဘာပြောကောင်းမလဲနော်
ကောင်းမှကောင်းပေါ့ :)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေးက အရမ်းကို ပြည့်စုံ၊ ကောင်းမွန်တယ်။

ဒီကဗျာလေးကို အရမ်းနှစ်သက်မိတယ်။

စံပယ်ချို said...

အားနဲ့ မာန်နဲ့
လှမ်းသွားရမယ့် ဒီခရီးမှာ
အပြစ်ဖွဲ့စကားတွေ မဆိုပါနဲ့လား ချစ်သူ…
နားလည်ခြင်းများနဲ့ ဖေးကူမ
ချစ်ခြင်းတွေ ညီတူမျှလို့
ကြည်ဖြူစွာ လျှောက်ကြမယ့်လမ်း
အန္တရာယ် ဘယ်လိုပြွမ်းစေတော့
အားမလျှော့စမ်းနဲ့ ချစ်သူ
ပန်းတိုင်ကို တူတူရောက်နိုင်ဖို့…
ချစ်သူရေ…----------တဲ့

ဒီအပိုဒ်ကိုအကြိုက်ဆုံးပါပဲ

Anonymous said...

ကြည်ကြည်နှုးနှုးလေးး)း)
ကဗျာလေး ကြိုက်တယ်

မောင်ဘကြိုင်

မိုးယံ said...

တို့သွားမယ့် ခရီးကြမ်း
ဆူးအတိ လွှမ်းထားလဲ
မေတ္တာတရားနဲ့ ကျော်ကာဖြတ်
ရှေ့ကိုဆက်ပြီး လှမ်းကြမယ်…။

အားနဲ့ မာန်နဲ့
လှမ်းသွားရမယ့် ဒီခရီးမှာ
အပြစ်ဖွဲ့စကားတွေ မဆိုပါနဲ့လား ချစ်သူ…
နားလည်ခြင်းများနဲ့ ဖေးကူမ
ချစ်ခြင်းတွေ ညီတူမျှလို့
ကြည်ဖြူစွာ လျှောက်ကြမယ့်လမ်း
အန္တရာယ် ဘယ်လိုပြွမ်းစေတော့
အားမလျှော့စမ်းနဲ့ ချစ်သူ

(ရင်ထဲက ဆန္ဒနဲ့ထပ်တူကြတယ်)

မြစ်ကျိုးအင်း said...

ရောင်နီသန်းပြီ..။
အားမာန်အပြည့်တက်ကြွစွာနဲ့ လျှောက်ကြပါစို့။

San San Htun said...

တို့ဆက်လျှောက်မယ့် လမ်းတွေကို
ချစ်ခြင်းတရားတွေနဲ့ လှမ်းကြစို့လားကွယ်…။
ကောင်းလိုက်တဲ့ ကဗျာလေး...

နေ၀သန် said...

အားနဲ့မာန်နဲ့ချစ်ခြင်းတရားတွေနဲ့ လျှောက်လှမ်းနိုင်ကြပါစေဗျာ..

ခင်မင်လျက်
နေ၀သန်

ဟန်ကြည် said...

ပန်းတိုင်ဆီရှေ့ဆက်
တွဲလက်တို့ခိုင်ကျည်
ယုံကြည်မှုဦးဆောင်မည်
ထက်ဆီမှာထွန်းမယ့်နေမင်း...

ချစ်ခြင်းနဲ့ဖွဲ့သီမည်
ရောင်နီတွေဖြာလက်ဘိခြင်း...

အစ်မရဲ့ကဗျာလေးကို ဖတ်ပြီး ကြည်နူလိုက်တာဗျာ...

...အလင်းစက်များ said...

ဆူးတွေ ပြည့်နေပါစေ အတူ လှမ်းကြစို့ ရဲ့။ အားတက်လိုက်တာ ဒီကဗျာ။ ဖတ်လို့  ကောင်းပေစွ။

အဖြူရောင်နတ်သမီး said...

တို့ရဲ့ ချစ်ခြင်းတွေ
မပျက်ယွင်းစေနဲ့…
တို့ရဲ့ နှလုံးသားတွေ
အမုန်းမပွားစေနဲ့…
တို့ရဲ့ ယုံကြည်ချက်တွေ
မပျောက်ပျက်စေနဲ့…
တို့ရဲ့ ပန်းတိုင်ကို
မယိုင်လဲစေနဲ့…
တို့ရဲ့ ခြေလှမ်းတွေ
နောက်ပြန်မဆုတ်ကြေး…

Anonymous said...

wow,, how clever of you are. thanks

Related Posts Plugin for WordPress, Blogger...