Monday, May 30, 2011

သမိုင်းထဲက လူတစ်ယောက်အကြောင်း သို့မဟုတ် … ( နောက်ဆုံးပိုင်း)

အမှန်တော့ ၁၉၈၅ ခုနှစ်လောက်ကတည်းက ခမာနီတပ်ရဲ့ ခေါင်းဆောင်အဖြစ်မှ တရားဝင် နှုတ်ထွက်ကြောင်းကို ပိုပေါ့ကိုယ်တိုင် ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ ခမာနီတွေအပေါ် သြဇာရှိပြီး အရေးပါတဲ့ အုပ်ချုပ်သူနေရာမှာ ဆက်လက်တည်ရှိနေခဲ့တာပါဘဲ။

သြဇာကြီးလွန်းလှတဲ့ အာဏာရှင်ကြီးရဲ့ နောက်ဆုံးနေ့ရက်များ ဆိုက်ရောက်မလာခင် ၁၉၉၆ ခုနှစ်မှာ Brother No. 3 ရဲ့ စွန့်ခွာ လက်နက်ချမှုဟာ ကျဆုံးခန်း စတင်ချိန်ဖြစ်ခဲ့ပါတော့တယ်။ အဲဒီအချိန်မှာ ပိုပေါ့ဟာ အသက် ၇၁ နှစ်ရှိနေပါပြီ။

 (ပိုပေါ့ အသက် ၇၀ ကျော်အရွယ်)

လက်နက်ချပြီးတဲ့ နောက်မှာတော့ Brother No. 3 ဟာ ခမာနီတွေ ကျူးလွန်ခဲ့သော လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ မျိုးတုန်းသတ်ဖြတ်ရေး လုပ်ငန်းစဉ်တွေရဲ့နောက်ကွယ်က အဓိက ကြိုးကိုင် ချယ်လှယ်ခဲ့သူ တရားခံအစစ်ဟာ ပိုပေါ့ဖြစ်ကြောင်းကို ကမ္ဘာသိ ထုတ်ဖေါ်အစစ်ခံပါတော့တယ်။

အဲဒီနောက် ၁၉၉၇ ခုနှစ် ဇွန်လမှာ သူနဲ့ အနှစ် ၄၀ လောက် လက်တွဲပေါင်းဖေါ်လာခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ခမာနီတပ်ဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီး ဆုန်ဆန်ဟာ ကမ္ဘောဒီးယား အစိုးရနဲ့ ပူးပေါင်းတော့မယ်လို့ ထင်မြင်ယူဆလာခဲ့တဲ့ အတွက် သုတ်သင်ပစ်ရန် ပိုပေါ့က အမိန့်ချမှတ်ခဲ့ပါတယ်။ ဆုန်ဆန် တစ်ဦးတည်းကိုသာမဟုတ်ဘဲ သူ့ရဲ့ မိသားစု အားလုံးပါ ပိုပေါ့ရဲ့ အမိန့်နဲ့ အသတ်ခံခဲ့ကြရပါတယ်။

အဲဒီအဖြစ်အပျက်ရဲ့နောက်မှာတော့ ပိုပေါ့ဟာ ခမာနီတပ်ဖွဲ့ရဲ့ စစ်ဗျူဟာမှူးဖြစ်သူ တာမော့ (Brother No. 5) ရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး အကျဉ်းစံဘဝ ရောက်ခဲ့ရပါတော့တယ်။ အဲဒီနောက် ဇူလိုင် ၂၅ ရက်နေ့မှာ လူထုတရားစီရင်ရေးအဖွဲ့ (People’s Tribunal) ကနေ ဆုန်ဆန်ကို သတ်မှုနဲ့ ထောင်ဒဏ် တစ်သက် အကျဉ်းကျခံရန် စီရင်ချက်ချခြင်း ခံခဲ့ရပါတယ်။ အဲဒါဟာ ပိုပေါ့ရဲ့ နောက်ဆုံးနေ့ရက်များ စတင်ခဲ့ချိန်ပါဘဲ။ အဲဒီအချိန်မှာ ပိုပေါ့ဟာ အသက်အရွယ်ကြီးရင့်လို့ ကျန်းမာရေးချို့တဲ့ပြီး မီးဇာကုန် ဆီခမ်းတဲ့အချိန်ရောက်နေပါပြီ။
ဒါပေမဲ့လည်း မိုက်လုံးကြီးတဲ့သူဟာ သေတဲ့အထိ မိုက်လုံးကြီးတတ်ကြတယ် ဆိုတာ ဟုတ်များ ဟုတ်မလား မသိပါဘူး။ ပိုပေါ့ဟာ သူသေသွားတဲ့အချိန်ထိ သူ့အပြစ်တွေကို ၀န်မခံသွားခဲ့တဲ့အပြင် သူ့လုပ်ရပ်တွေအားလုံးဟာ မှန်ကန်တယ်လို့ ယုံကြည်သွားခဲ့သူပါ။ သူ့နိုင်ငံနဲ့ လူထုအတွက် သူဟာလုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါလို့ ဆိုပါတယ်။ အဲဒီအခြေအနေမှာ ဒါမျိုးကို လုပ်ကိုလုပ်ရမှာဖြစ်တဲ့အတွက် သူ့လုပ်ရပ်တွေဟာ အမှန်တွေပါဘဲလို့ အခိုင်အမာကို ပြောသွားခဲ့ပါတယ်။

 (Pol Pot was sentenced here)


 (ဒါက ကိုက်အနည်းငယ်အကွာမှာရှိတဲ့ ထိုင်း နယ်စပ်ပါ။)
 အဲဒီလိုလူတစ်ယောက်ရဲ့ နောက်ဆုံးနေ့ရက်များနဲ့ နောက်ဆုံးခရီးကတော့ တကယ့်ကို မလှပခဲ့တာပါ။ ပိုပေါ့ဟာ သူ့ရဲ့ နောက်ဆုံးနေ့ရက်များကို ထိုင်းနယ်စပ်နဲ့ သိပ်မဝေးလှတဲ့ တောခေါင်ခေါင်က တဲသာသာ အိမ်စုတ်ကလေးရဲ့ အခန်းကျဉ်းလေးထဲမှာ အကျဉ်းကျခံရင်း ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကမ္ဘောဒီးယား အစိုးရ ဘက်ကလည်း ပိုပေါ့ကိုဖမ်းဆီးပြီး နိုင်ငံတကာတရားရုံးကိုတင်ဖို့ စီစဉ်နေကြပါပြီ။ သူ့ကိုဖမ်းဆီးထားတဲ့ တာမော့(Brother No. 5) ကလဲ တရားရုံးတင်ဖို့အတွက် ပိုပေါ့ကို အစိုးရထံလွှဲပြောင်းပေးဖို့် ဆန္ဒရှိနေခဲ့ပါတယ်။ ပိုပေါ့ဟာ အဲဒီသတင်း ရေဒီယိုကထုတ်လွှင့်တာကို နားဆင်ပြီးနောက် နာရီအနည်းငယ်အကြာ 15 April 1998 ဗုဒ္ဓဟူးနေ့ ညနေပိုင်း (အသက် ၇၃ နှစ်အရွယ်)မှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူကွယ်လွန်တဲ့အချိန်မှာ သူ့အနားမှာ ဘယ်သူမှရှိမနေခဲ့ပါဘူး။ ကွယ်လွန်သွားပြီးတဲ့အချိန်ကျမှသာ ဇနီးဖြစ်သူက စတင်တွေ့ရှိခဲ့တာဖြစ်တဲ့အတွက် ဘယ်အချိန်မှာ ဘယ်လိုကွယ်လွန်သွားခဲ့မှန်းကို မည်သူမှမသိရှိခဲ့ရပါဘူး။ နှလုံးခုန်ရပ်ပြီး ကွယ်လွန်ခဲ့ရကြောင်း ပြောပေမဲ့ အသတ်ခံရတယ်လို့လဲ သံသယရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှမသိနိုင်ကြတော့ပါဘူး။

(ပိုပေါ့ ကွယ်လွန်ကြောင်း ကမ္ဘာကို ဒီဓါတ်ပုံနဲ့ ကြေငြာခဲ့ပါတယ်။)
 ကြားဖူးတဲ့ ဆိုရိုးတစ်ခုက “He who kills a man is a murderer but kills millions of people is a great person.” လို့ပြောပါတယ်။ အဲဒီ Great Person ကြီးရဲ့ နောက်ဆုံးခရီးလမ်းကတော့ တရားကျဖွယ် သံဝေဂယူဖွယ် ကောင်းလွန်းလှပါတယ်။ တောခေါင်ခေါင် နယ်စပ်နားက ရွာငယ်ဇနပုဒ်မှာ သရဏဂုံတင်ဖို့ ဘုန်းတော်ကြီးမရှိသလို အသုဘအခမ်းအနားလဲ မလုပ်နိုင်ခဲ့ပါဘူး။
အကျဉ်းကျခံနေရတဲ့ အိမ်စုတ်ကလေးထဲမှာ သံသယဖြစ်ဖွယ်ရာ တိတ်တဆိတ် သေဆုံးခဲ့ရပြီး သုံးရက်အကြာမှာ ရုပ်အလောင်းကို တာလပတ်စတစ်ခုနဲ့ပတ်ကာ ရရာ ပျဉ်တိုပျဉ်စများနဲ့  ဖြစ်သလို လုပ်ထားရတဲ့ ခေါင်းတစ်ခုထဲထည့်လို့ စောင်စုတ်လေးတစ်ထည်ကို ခေါင်းတလားပေါ်လွှမ်းပြီး မီးရှို့သင်္ဂြိုဟ်ခဲ့ရပါတယ်။
မီးသင်္ဂြိုဟ်ရန်ထင်းကတော့ အနီးအနားက ကားတာယာဟောင်းများနဲ့ အိမ်စုတ်ကလေးမှာ သူနောက်ဆုံးပိုင်ဆိုင်ခဲ့တဲ့ ပရိဘောဂ အဟောင်းများကို စုပုံလို့ ဖြစ်သလိုသင်္ဂြိုဟ်ခဲ့ရတာပါ။ အားလုံးပြာကျသွားပြီးတဲ့အခါမှာတော့ အဲဒီနေရာမှာဘဲ ပြာများကိုစုပုံပြီးမြေပုံသဖွယ် ပြုလုပ်ကာ သစ်သားတိုင်များစိုက်၍ သွပ်ပြားအဟောင်းအနည်းငယ်ကို အမိုးလုပ်ပြီး သူ့အတွက် နောက်ဆုံးလဲလျောင်းရာနေရာအဖြစ် သတ်မှတ်ခဲ့ပါတော့တယ်။

 (အမှိုက်မီးရှို့သလို ဒီလိုမျိုး သင်္ဂြိုဟ်ခဲ့ရပါတယ်။ အပေါ်က ကြိမ်ကုလားထိုင်ကတော့ ပိုပေါ့ သတင်းထောက်များနဲ့ တွေ့ဆုံတိုင်းမှာ ထိုင်နေကျ ကုလားထိုင် ဖြစ်ကြောင်းသိရပါတယ်။)

 (ပိုပေါ့ကို သင်္ဂြိုဟ်စဉ်ကတွေ့ရတဲ့ ဇနီးနဲ့ ၁၄နှစ်အရွယ် သမီးပါ။)

 (နောက်ဆုံး လဲလျောင်းရာ)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(ထိုင်း border ပုံနဲ့ စီရင်ချက် ချတဲ့နေရာကိုပြတဲ့ ဆိုင်းဘုတ်ပုံ ၂ ပုံက ကိုယ်တိုင်ရိုက်တာပါ။ ကျန်တဲ့ပုံများကတော့ အင်တာနက်က ယူပါတယ်။)

Sunday, May 29, 2011

သမိုင်းထဲက လူတစ်ယောက်အကြောင်း သို့မဟုတ် … (အပိုင်း ၂)


ပိုပေါ့အကြောင်း ဆက်ပြောရရင်တော့ သူဟာ အသက် ၃၁ နှစ် အရွယ်မှာ ပထမဇနီးနဲ့ လက်ထပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားကို ခမာနီ အဖွဲ့ခေါင်းဆောင် အဖြစ် သိမ်းပိုက်တဲ့ အချိန်မှာ အသက် ၅၀ ရှိနေပါပြီ။ 7 January 1979 မှာ ခမာနီတပ်များကို ဟွန်ဆန်ရဲ့တပ်က ဗီယက်နမ်တပ်တွေရဲ့ အကူအညီနဲ့ တိုက်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တောက်လျှောက် တိုက်ထုတ်ခံနေရတဲ့ ခမာနီတပ်ဖွဲ့နဲ့အတူ သူသိမ်းပိုက်ထားခဲ့တဲ့ ပြည်မကနေ တဖြည်းဖြည်း တပ်တွေဆုတ်လာရာက နောက်ဆုံးမှာ ကမ္ဘောဒီးယားရဲ့ အနောက်ဖက်ဆုံးအခြမ်း မှာရှိတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်နားက ဝေးလံလှတဲ့ တောတောင်တွေထဲကို ထွက်ပြေး ပုန်းအောင်း နေရပါတော့တယ်။




 ပိုပေါ့နဲ့ ခမာနီတပ်တွေ နောက်ဆုံး နေထိုင်သွားခဲ့ကြတဲ့ စခန်းနေရာတွေပါ။ 
(ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်နားလေးက အလုံဝိန်း ဆိုတဲ့ဒေသမှာရှိပါတယ်။ အခု အဲဒီနေရာက museum တစ်ခုအနေနဲ့ သွားရောက်လည်ပတ်လို့ရပါတယ်။ ဒီပုံတွေကို မနှစ်က မအိမ်သူတို့တွေ ရောက်ခဲ့စဉ်က ရိုက်ယူခဲ့တာတွေပါ။)

အဲဒီလိုအချိန်တွေအတွင်းမှာဘဲ သူ့ရဲ့ဇနီးဟာ စိတ်ဝေဒနာကို ခံစားရပြီး ရူးသွပ်သွားတဲ့အတွက် အဲဒီဇနီးနဲ့ ကွာရှင်းလိုက်ပြီးနောက် နှစ်အနည်းငယ်အတွင်းမှာဘဲ သူ့ထက် အသက်အများကြီး ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက်ကို လက်ထပ်ယူခဲ့ပြီး သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။

ပိုပေါ့ဟာ သူ့ရဲ့ကွန်မြူနစ်ပါတီ အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့ချိန်ကစပြီး ပါတီကိုနာမည် အမျိုးမျိုး မကြာခဏပြောင်းလဲ မှည့်ခေါ်ခဲ့ပါတယ်။ နောက်ဆုံးအမည်ကတော့ လူအများက ခမာနီ (Khmer Rouge) လို့သိကြတဲ့ ကမ်ပူးချား ကွန်မြူနစ် ပါတီပါ။

ပါတီနာမည်တွေ ဘယ်လိုဘဲ ပြောင်းခဲ့ပြောင်းခဲ့ စတင်ဖွဲ့စည်းစဉ်ကတည်းက မပြောင်းလဲခဲ့တာ တစ်ခုကတော့ အဲဒီ အဖွဲ့အစည်းရဲ့ တကယ့်အရေးအကြီးဆုံး အမြင့်ဆုံးအာဏာပါဝါကို အဓိက ချုပ်ကိုင်ထားခဲ့တဲ့ ပိုပေါ့ဦးဆောင်သော လျှို့ဝှက် ဗဟိုဦးစီး ကော်မီတီပါဘဲ။ အဲဒီ ကော်မီတီဟာ ပါတီရဲ့ အရေးပါသော ထိပ်တန်းခေါင်းဆောင် လူတစ်စုနဲ့ ဖွဲ့စည်းထားခဲ့ပါတယ်။ ပိုပေါ့ကတော့ အဲဒီကော်မီတီရဲ့ တစ်ဦးတည်းသော အာဏာရှင်ဖြစ်ပြီး ကျန်တဲ့လူများဟာ သူ့လက်အောက်ကနေ သူစီမံညွှန်ကြားသမျှကို တသွေမတိမ်း လိုက်နာ အကောင်အထည် ဖေါ်ဆောင်ရတဲ့သူများ ဖြစ်ကြပါတယ်။ ဒီကော်မီတီဟာ လျှို့ဝှက်စွာ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် အဖွဲ့ဝင်များကို ဘယ်သူဘယ်ဝါလို့ လူသိမခံခဲ့သလို အဖွဲ့ဝင်များရဲ့ နာမည်များကိုလည်း မူလအမည်များအစား Brother Number One, Brother Number Two, Brother Number Three, ..... အစရှိတဲ့ အမည်များနဲ့သာ ရာထူးအစဉ်လိုက် ညွှန်းဆိုခေါ်ဝေါ် ခဲ့ကြပါတယ်။ ဒီကော်မီတီရှိတာကိုလည်း ပါတီဝင်အချို့ကလွဲရင် ဘယ်သူမှ မသိခဲ့ကြပါဘူး။ အဲဒီမှာ ပိုပေါ့ဟာ ဘယ်လောက်အထိ လျှို့ဝှက်ခဲ့သလဲဆိုရင် သူကိုယ်တိုင်နဲ့ အဖွဲ့ဝင်တွေအားလုံးရဲ့ identity တွေအားလုံးကို ဖျောက်ထားခဲ့ပါတယ်။ Brother No. 1 ဟာ ဘယ်သူလဲဆိုတာ ဘယ်သူမှမသိခဲ့ကြသလို တကယ့်ကို ပဟေဠိ လူသားတစ်ယောက် ဖြစ်နေခဲ့တာပါ။ တစ်ချို့ဆို Brother No. 1 ဆိုတာ လူကိုရည်ညွှန်းတာမဟုတ်ဘဲ ပါတီကို ဦးဆောင်နေတဲ့ လူကြီးများအဖွဲ့ကို ရည်ညွှန်းတယ်လို့တောင် ထင်ခဲ့ကြတဲ့အထိပါဘဲ။

 ဒါက ခမာနီခေါင်းဆောင်များရဲ့ပုံပါ။
(အောက်က ပုံသေးလေးတွေက ငယ်စဉ် ခမာနီခေါင်းဆောင် ဖြစ်ခဲ့ကြစဉ်က ပုံများဖြစ်ပါတယ်။ အသက်ကြီးတဲ့ပုံတွေကတော့ သူတို့တွေရဲ့ လုပ်ရပ်တွေအတွက် တရားစွဲပြီး တရားခွင်တင်တုံးက ပုံတွေဖြစ်ပါတယ်။ ဒီထဲမှာ ပိုပေါ့ပုံမပါပါဘူး။ အဲဒီအချိန်မှာ ပိုပေါ့ကွယ်လွန်သွားပါပြီ။)

ခမာနီတွေ ကမ္ဘောဒီးယား တနိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် ရက်စက် ကြမ်းကြုတ်လှတဲ့ လုပ်ရပ်တွေကို နောက်ကွယ်ကနေ စိတ်တိုင်းကျ ညွှန်ကြား ကြိုးကိုင် ချယ်လှယ်ခဲ့သူကတော့ ထိပ်ဆုံးက အာဏာရှင် Brother No. 1 ဘဲဖြစ်ပါတယ်။ လက်အောက်ခံ ခမာနီခေါင်းဆောင်များဟာ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုများကို အတိအကျ လိုက်နာ အကောင်အထည်ဖေါ် လုပ်ဆောင်ကြရပါတယ်။ အဲဒီအချိန်ထိတောင် အဲဒီ Brother No. 1 ဆိုသူဟာ ဘယ်သူဘယ်ဝါရယ်လို့ လူထုကမသိခဲ့ကြပါဘူး။ ခမာနီတပ်များရဲ့ လုပ်ဆောင်မှုအနေနဲ့သာ သိခဲ့ကြရပါတယ်။






ဒါကတော့ ပိုပေါ့ စခန်းမှာတွေ့ခဲ့ရတဲ့ Mobile Radio Station ကားပါ။ 
(အဲဒီ စတေရှင်ကနေ တနိုင်ငံလုံးသာမက ကမ္ဘာကိုပါ မျက်စေ့လည်စေဖို့ ကွန်မြူနစ်မှိုင်းတိုက်တဲ့ သတင်းမှားတွေ အများကြီး ထုတ်လွှင့်ခဲ့တယ်လို့ သိခဲ့ရပါတယ်။)



 အဲဒီနောက်ပိုင်းမှာတော့ ခမာနီတွေ အရှုံးကြီးရှုံးပြီး ထွက်ပြေး ပုန်းအောင်းနေကြရာကနေ ၁၉၉၆ ခုနှစ်လောက်မှာ ခမာနီတပ်တွေ စတင်ပြိုကွဲခဲ့ပါတယ်။ အဲဒါကတော့ခမာနီအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Brother No. 3 ဟာ နောက်လိုက်နောက်ပါ လေးထောင်လောက်နဲ့အတူ ကမ္ဘောဒီးယား လက်နက်ကိုင် တပ်ဖွဲ့တွေထံမှာ လက်နက်ချ အလင်းဝင် လိုက်ကြတာပါ။ အဲဒီအဖြစ်အပျက်ဟာ ပိုပေါ့နဲ့ သူ့ရဲ့နောက်ဆုံးလက်ကျန် ခမာနီကွန်မြူနစ်များ အတွက် နောက်ဆုံးနေ့ရက်များရဲ့ အစဖြစ်ခဲ့ရပါတော့တယ်။

နိဂုံးပိုင်း ဆက်ရန်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(ခမာနီခေါင်းဆောင်များရဲ့ ပုံကို အင်တာနက်မှယူပါတယ်။ ကျန်တဲ့ပုံများကတော့ ကိုယ်တိုင်ရိုက်ထားတာပါရှင်။)

Saturday, May 28, 2011

သမိုင်းထဲက လူတစ်ယောက်အကြောင်း သို့မဟုတ် … (အပိုင်း ၁)

သူဟာ ချမ်းသာကြွယ်ဝတဲ့ လယ်သမားမိဘများက မွေးဖွားလာသူ…
ကျောင်းမနေခင် ကတည်းက ဘုန်းတော်ကြီးကျောင်းမှာ ဗုဒ္ဓဘာသာရဲ့ အဆုံးအမများနဲ့ အခြေခံသင်ခန်းစာများကို သင်ယူခွင့်ရခဲ့သူ …
ကျောင်းနေတဲ့အချိန်မှာလည်း ပြင်သစ်စာသင်ကျောင်းများနဲ့ ကက်သလစ် ကောလိပ်များမှာ ပညာဆည်းပူးခဲ့သူ….
ကြီးပြင်းလာတဲ့အခါ အစိုးရကချီးမြှင့်တဲ့ စကောလားရှစ်ဆုကို ရရှိခဲ့တဲ့အတွက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ Radio Electronics သင်တန်း သွားတက်ခွင့်ရခဲ့သူ …

သူဟာ တပည့်များက လေးစားခြင်းခံရတဲ့ ကျောင်းဆရာ တစ်ယောက် …
သူဟာ သူ့နိုင်ငံအတွက် တက်ကြွတဲ့လူတစ်ယောက် …
အလုပ်သမားပါတီမှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ အထွေထွေ အတွင်ရေးမှုး ရာထူးကို ရရှိခဲ့သူ …
သူ့နိုင်ငံကို ဘုရင်စနစ်ကနေ ဒီမိုကရေစီစနစ် (သူ့အပြောအရ ဆိုရင် “The democracy which will replace the monarchy is the matchless institution, pure as a diamond.” ) ကို ပြောင်းလဲ ထူထောင် ပေးချင်သူ …

အဲဒီလိုလူတစ်ယောက်က သူ့ရဲ့ပြင်းထန်လွန်းတဲ့ တစ်ဖက်စွန်းရောက် မျိုးချစ်စိတ်ရယ် ယုံကြည်စွဲမြဲမိတဲ့ ကွန်မြူနစ် အယူဝါဒတွေရယ်နဲ့ သူ့နိုင်ငံကို အောက်ခြေမှစ အစအဆုံးပြန်ထူထောင်ဖို့ ကြိုးစားတဲ့အခါ … သမိုင်းမှာ ဖျောက်ဖျက် မေ့လျော့လို့မရနိုင်တဲ့ ကြေကွဲစရာ အတိတ်ဆိုးကြီးကို ရေးမိလျက်သား ဖြစ်သွားခဲ့ရပါတယ်။

သူကတော့ အမည်ရင်း Sar Saloth လူအများကြားမှာတော့ Brother No. 1 လို့သိခဲ့ကြတဲ့ ခမာနီခေါင်းဆောင် ပိုပေါ့ (Pol Pot) …

Pol Pot (1925 – 1998)

Brother no. 1 ဦးဆောင်တဲ့ ခမာနီတပ်တွေ ကမ်ပူးချား တစ်နိုင်ငံလုံးကို သိမ်းပိုက်တဲ့နေ့ 17 April 1975 မှာ Year Zero ကိုကြေငြာခဲ့တယ်။ အားလုံးကို ဇီးရိုးကနေ အစအဆုံး ပြန်ထူထောင်ဖို့ သူ့ရဲ့ “Purify Cambodian Society” ဆိုတဲ့ Program ကိုလည်း ချက်ချင်း အသက်သွင်း ခဲ့တယ်။ အဲဒီ ပရိုဂရမ်ရဲ့ ရလာဒ်ကတော့ ၁.၅ သန်းလောက်ရှိတဲ့ လူထုတွေ အလုပ်လုပ်ရင်းသေတယ်။ ငတ်ပြီးသေကြတယ်။ အဲဒါအပြင် ရောဂါဘယဒဏ်တွေကြောင့်ကော အာဟာရပြတ်ပြီး သေကြေ ကြရတာတွေကောဟာ သောက်သောက်လဲပါဘဲ။ အဆိုးဝါးဆုံးကတော့ အဲဒီ Purify ပရိုဂရမ်ရဲ့ အသက်ဖြစ်တဲ့ “အသားထဲကလောက်” လို့နာမည်တပ်ထားတဲ့ အတွင်းရန်ကို အပြီးတိုင် ချေမှုန်းသုတ်သင်ရေး လှုပ်ရှားမှုမှာ တနိုင်ငံလုံးက လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ အဘိုး၊ အဘွားများနဲ့ မွေးကင်းစ ကလေးငယ်လေးတွေပါမကျန် လူပေါင်း အနည်းဆုံး ၂သိန်း ကျော်လောက် အရက်စက်ဆုံး နည်းလမ်းများနဲ့ မသေမရှင်ဖြစ်အောင် နှိပ်စက် ညှင်းပန်းပြီးမှ လူမျိုးတစ်မျိုးလုံး ပြုတ်လုနီးပါး ရက်ရက်စက်စက် အသတ်ခံရတာပါဘဲ။

ပိုပေါ့ ဦးဆောင်တဲ့ ခမာနီတပ်တွေ ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့တာ တကယ့်ကို တိုတောင်းလွန်းတဲ့ ကာလလေး တစ်ခုပါ။ ဒါပေမဲ့ အဲဒီတိုတောင်းလွန်းတဲ့ကာလလေး အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကတော့ တကယ့်ကို တုန်လှုပ်ခြောက်ခြားဖွယ် သမိုင်းအမဲစက်ကြီး တစ်ခုအဖြစ် ကျန်နေခဲ့ပါတယ်။

ခမာနီတပ်တွေ ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့တဲ့ အချိန်ဟာ 17 April 1975 ကနေ 7 January 1979 အထိ စုစုပေါင်း ၃ နှစ် ၈ လ နဲ့ ၂၀ ရက် တိတိဘဲရှိပါတယ်။ အဲဒီ အချိန်တိုလေး အတွင်းမှာကိုဘဲ ပိုပေါ့နဲ့ သူ့အပေါင်းအပါ ခမာနီတွေရဲ့ လက်ချက်နဲ့ ကမ္ဘောဒီးယား မှာရှိတဲ့ ခမာလူဦးရေ စုစုပေါင်း ၁ သန်း ကနေ ၃ သန်း အကြား (နိုင်ငံလူဦးရေရဲ့ လေးပုံ တစ်ပုံ ကနေ သုံးပုံ တစ်ပုံလောက်ထိ) သေဆုံးခဲ့ကြရပါတယ်။ တကယ့်ကို ကြောက်ခမန်းလိလိ အရေအတွက်ပါဘဲ။

ဆက်ရန်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, May 27, 2011

ဒီနေ့တော့ ရောက်တတ်ရာရာ ...

ဒီနေ့တော့ ဘာရယ်မဟုတ် ဟိုအကြောင်း ဒီအကြောင်း ရောက်တတ်ရာရာ အလ္လာပ္ပ သလ္လာပ္ပလေးတွေ ပြောကြတာပေါ့ ... 

မအိမ်သူတို့ဆီကို ဧည့်သည်တွေလာရင် ခဏခဏမေးကြတာက “ ကမ္ဘောဒီးယားမှာ ဘာပေါလဲတဲ့ ...” 
မအိမ်သူလဲ ဒီမှာနေလာတာ အတော်လေးကြာနေပြီ ...... ကြာဆို ၉နှစ်လောက် တောင်ရှိနေပါပြီ။
ဒါပေမဲ့လဲ အဲဒီလိုမျိုး ဘာတွေပေါသလဲ ဆိုတာမျိုး သေချာကြီးတော့လဲ လေ့လာဆန်းစစ် မကြည့်မိပါဘူး။

တကယ်တမ်း  ပြောရရင်တော့ ဒီမှာ အားလုံးပေါပါတယ် (လူကိုပြောတာမဟုတ် :P)
နေထိုင်စရိတ်လဲ ပေါတယ်။ စားသောက် စရိတ်လဲ အရမ်းသက်သာတယ်။ ပစ္စည်းတွေလဲ လိုချင်တာဝယ် အကုန်ပေါပါတယ်။
အဲ .. အဲဒီထဲမှာ မအိမ်သူ အထူး သတိထားမိတာ တစ်ခုကတော့ ကမ္ဘောဒီးယားမှာ ပိုးကောင်လို အကောင်ဘလောင်တွေ အတော်ပေါတယ်ဆိုတာပါဘဲ။ အမျိုးကို စုံမှစုံ .... ဘယ်နေရာသွားသွားလဲ ပိုးကောင်အမျိုးအစား အစုံကို ဗန်းတွေနဲ့ အပုံလိုက် ကြော်လှော် ရောင်းနေတာကို တွေ့ရတယ်။
( မြန်မာပြည်မှာဆို ပုရစ်ကြော် လောက်သာတွေ့ဖူးတာကိုး။ )
ဒီမှာကတော့ အစုံဘဲ... တစ်ခါမှ မမြင်ဖူးတဲ့ ပိုးကောင်မျိုးတွေလဲပါတယ်။ ပုရစ်တောင် အသေးအကြီး ဆိုက်စုံ ကြော်ထားတာဗျိုး ... ပုစဉ်းရင်ကွဲလို နှံကောင်လို နောက်ချေးပိုးလို အကောင်မျိုးတွေလဲပါရဲ့ ။
နေဦး နောက်တစ်ခါ အပြင်သွားရင်တွေ့မှ ဓါတ်ပုံရိုက်ပြီး တင်ပေးအုံးမယ်။

မအိမ်သူတို့အိမ်မှာကတော့ မီးပိုးကောင်လို ပိုးကောင်သေးသေးလေးတွေ အရမ်းပေါပါတယ်။  ညရောက်လို့ မီးထွန်းပြီဆိုရင် မြန်မာပြည်မှာဆို ဓါတ်တိုင်တွေမှာ ကျတတ်တဲ့ ဘေးတိုက်ကလေးတွေ သွားတဲ့ ပိုးစိမ်းကောင်လေးတွေလို .. နောက်ပြီး Moth လို့ခေါ်တဲ့ ပိုးဖလံကောင်လေးတွေ အကြီးအသေး ပုံစံအမျိုးမျိုး .. နောက် ပလူကောင်တွေ တခြားမီးပိုး သေးသေးလေးတွေ ညတိုင်း တစ်ညတစ်မျိုး မရိုးရအောင် လာပါတယ်။ အဲဒါ ၁၂ ရာသီပါဘဲ။ အဲဒီတော့ အဲဒီလို အကောင်မျိုးလေးတွေကို စားသောက်တတ်သော သတ္တဝါများလဲ မအိမ်သူတို့အိမ်မှာ အလွန်အင်မတန်မှကို ပေါပါတယ်။ အောက်ကပုံတွေသာ ကြည့်ပါတော့ ...


ဒါက အိမ်မြှောင်တွေ ... 
အိမ်မြှောင်ကတော့ ပေါမှပေါ ... အခုရိုက်ထားတာ နည်းနည်းလေးဘဲရှိသေးတယ်။


ဒါကတော့ တောက်တဲ့

သူတို့လဲ ပေါသလားမမေးနဲ့။ တစ်သားပြီး တစ်သားပေါက်နေတာ။ အိမ်မှာ တောက်တဲ့ မိသားစု ၂ စု လောက်ရှိတယ် (အကြီး အသေး ဆိုက်စုံ ) ပလူတွေဘာတွေများ ကျပြီလားဆို ကြမ်းပြင်ပေါ်အထိ ဆင်းပြီးတော့ အကောင်တွေလာဖမ်းစားကြတာ။

ဟောဒီမှာ နောက်တစ်ကောင်
ဒါကတော့ နည်းနည်း ငယ်သေးတယ်။ ဘေဘီတောက်တဲ့ .. အနီးကပ်ရိုက်ထားလို့ အပေါ်ကကောင်တွေနဲ့ သိပ်မကွာသလို ဖြစ်နေတာ။ အိမ်မြှောင်ထက် နည်းနည်းဘဲကြီးတယ်။

လူကြီးတွေပြောတာတော့ အိမ်မှာ တောက်တဲ့ရှိရင် လာဘ်ကောင်းတယ်ဆိုလား ..... ဒီတောက်တဲ့တွေ အိမ်မှာရှိသလောက်သာ လာဘ်ကောင်းရရင်တော့ မအိမ်သူတို့လဲ ဘီလျံနာဖြစ်တာကြာပေါ့... :(


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Thursday, May 26, 2011

ဟိုက္ကူ ကဗျာများ


နေဝင်တော့မယ်ကွယ်
ဆည်းဆာရောင်ပျောက် ကိုယ်ယောင်ဖျောက်
ပျောက်ဆုံးသွားခဲ့တယ်။



ဟိုးအဝေး က တောင်
နီးမယောင်စိတ်မှာမှတ်လို့
လှမ်းမိခါမှဝေး …


 မြိုင်ကြီးရဲ့မာယာ
အဝင်လွယ် အထွက်ခက်တယ်
တောခြောက်တဲ့အခါ …


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

(ပထမဆုံး sunset ပုံက ကိုယ်တိုင်ရိုက်ထားတာပါ။ အခြားပုံများကတော့ Google ကယူပါတယ်။)

ချစ်ခြင်းတရားနဲ့ည


(ပုံကို Google မှယူပါသည်။)

ချစ်ခြင်းတရားနဲ့ည…
တို့ရဲ့နှလုံးသားတစ်စုံ အဲဒီညမှာတွဲကခဲ့ကြတယ်။
လင်းလက်တဲ့ကြယ်တွေရဲ့အောက်မှာ ချိုမြတဲ့နှုတ်ခမ်းတစ်စုံ ထိခတ်ခဲ့ကြတယ်။
ပန်းဥယျာဉ်ထဲက မင်းရဲ့အပွေ့အဖက်က ငါ့အတွက် အဓိပ္ပÜါယ်အများကြီး ပြည့်ဝစေခဲ့တယ်။

အချစ်အတွက်ည…
တို့နှလုံးသားတွေ ခိုဖြူတွေလို ညည်းတွားတဲ့ည
မင်းရဲ့မျက်ဝန်းတွေ လင်းလက်တဲ့စိန်တစ်ပွင့်လို တဖြတ်ဖြတ်လက်တဲ့ည
အချစ်ရေ… ငါမင်းကို အစွမ်းကုန်ချစ်တယ်ကွယ်…..။

ယုံကြည်ခြင်းနဲ့ ဂရုစိုက်ကြင်နာခြင်းတွေ ရခဲ့တဲ့ည
အချစ်ရေ… ကိုယ်တို့အတွက် အဲဒီညကို ဘုရားသခင်က ဖန်ဆင်းပေးခဲ့တယ်ကွဲ့…။      


Lamar Cole ရဲ့ "The Night Was Made For Romance" ဆိုတဲ့ အင်္ဂလိပ်ကဗျာလေးကို ဖတ်ရှု ခံစားပြီး ဆီလျော်သလို ဘာသာပြန် ရေးဖွဲ့ပါတယ်။ ဘာသာပြန်တဲ့နေရာမှာ မကျွမ်းကျင်တဲ့အတွက် အမှားအယွင်းများရှိမှာပါဘဲ။ အဲဒီလို ချို့ယွင်းချက်များအတွက် ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 


Tuesday, May 24, 2011

မိတ်ဆက်စကား

  ကလေးငယ်လေးတစ်ယောက် လူ့ပြည်မှာမွေးဖွားလာရင် အူဝဲသံတညံညံ ဟစ်ကြွေးလို့ လောကကြီးကို နှုတ်ဆက်သလို အခု “ဝါခေါင်မိုး” ဆိုတဲ့ ဘလော့ဂ်လေးတစ်ခု ဘလော့ဂ်ပြည်ကြီးထဲမှာ မွေးဖွားလာတဲ့အတွက် အားလုံးကို “မင်္ဂလာပါ”လို့ နှုတ်ဆက်ချင်ပါတယ်။
ဝါခေါင်မိုးလေးဟာ အခုမှမွေးဖွားလာတာ ဖြစ်တဲ့အတွက် လူတစ်လုံးသူတစ်လုံးဖြစ်လာဖို့ကို အများကြီး  ပြုစု စောင့်ရှောက် ရအုံးမှာပါ။
ဘလော့ဂ် လောကကြီးထဲမှာ မွေးဖွားကြီးပြင်းနေကြပြီဖြစ်တဲ့ ဘလော့ဂ် အကိုအမများရဲ့ အားပေး စောင့်ရှောက်မှုနဲ့ လက်တွဲ ခေါ်ယူမှုဟာ ဝါခေါင်မိုးလေးအတွက် အားဆေးတစ်ခွက် ရေချိုတစ်စက်ဖြစ်မှာပါရှင် .....

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...