Saturday, December 17, 2011

ဒီဇင်ဘာ

ဒီဇင်ဘာတွေ မကြာခဏရောက်ရောက်လာတယ်။
မကြာမကြာ ရောက်လာတတ်တဲ့ ဒီဇင်ဘာက
နှလုံးသားတွေကို လှုပ်နှိုးတယ်။
သဆုံးခြင်းနဲ့ အသစ်တစ်ဖန်မွေးဖွားခြင်းကြားမှာ ဒီဇင်ဘာ ရှိတယ်။
ဟောင်းနွမ်းခြင်းနဲ့ သစ်လွင်မှုကြားမှာ ဒီဇင်ဘာ ရှိတယ်။
ခွဲခွာခြင်းနဲ့ တွေ့ဆုံခြင်းရဲ့ကြားမှာ ဒီဇင်ဘာ ရှိတယ်။
ထွက်ခွာခြင်းနဲ့ ဆိုက်ရောက်ခြင်းကြားမှာ ဒီဇင်ဘာ ရှိတယ်။
ပြောင်းလဲခြင်းတွေ ကြားထဲက မပြောင်းလဲတဲ့ ဒီဇင်ဘာ...
ဒီဇင်ဘာ နဲ့အတူ နှုတ်ဆက်ဖို့...
ဒီဇင်ဘာ နဲ့အတူ လွမ်းဆွတ်ဖို့...
ဒီဇင်ဘာ နဲ့အတူ နေ့သစ်တွေကို ကြိုဆိုဖို့...
ဒီဇင်ဘာဟာ လက်တစ်စုံကို ပိုင်ဆိုင်ထားတယ်။
တရွေ့ရွေ့ ကျောခိုင်းနေတဲ့ ခွဲခွာခြင်းအတွက်
လက်တစ်ဖက်က လက်ပြနှုတ်ဆက်နေဆဲ...
ဝမ်းနည်းခြင်းတွေ ဖြေသာစေဖို့...
သစ်လွင်မှုတွေထဲမှာ အသားကျဖို့
အခြားလက်တစ်ဖက်က ဖေးမတွဲခေါ်လို့...
ဒီဇင်ဘာဟာ သူ့တာဝန်တွေကိုထမ်းဆောင်ဖို့
မကြာခဏ ရောက်လို့လာတတ်တယ်....။      

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Tuesday, December 6, 2011

လွမ်းလို့ဖွဲ့တဲ့စာ

နေစိမ့်လို့ရယ်တော့လည်း မဟုတ်ရပါဘူး...
လွမ်းဖူးတဲ့သူချင်းတော့ သိမှာပါကွယ်
ပြုံးရယ်နေတိုင်း ပျော်နေမယ်ထင်ရင်ဖြင့်
ရင်ထဲနင့်နေတဲ့ အလွမ်းတွေကို
လူပုံအလယ် ချပြမှ လွမ်းတတ်တယ်လို့ ဆိုရမှာလား....။

ပျော်ရာကို လွမ်းနေရင်းနဲ့ပဲ
 တော်ရာမှာ ပျော်အောင်နေတတ်တဲ့ကိုယ်
မငိုတတ်တိုင်း ခံစားချက်မဲ့တာ မဟုတ်ဘူးလေ...
 မျက်ရည်တွေကို သိုဝှက်ထားခဲ့တာ
အကြောင်းမဲ့တော့ မဟုတ်ရပါဘူး...
ရင်ထဲကအလွမ်းတစ်စကြောင့်
ဖြစ်လာရတဲ့သောကစိတ်တွေကို 
မဝေမျှလိုခြင်း သက်သက်ရယ်ပါ...။

ရင်ထဲက ဝေဒနာကို မကြေငြာတတ်သူမို့
လှစ်ဟမပြခဲ့တဲ့ အသည်းကို မာလွန်းတယ်လို့ ထင်ချင်ကြလဲ
ကိုယ်ပြုံးနေခဲ့မှာပဲလေ....
အလွမ်းတွေကို နှလုံးသားထဲ တိတ်တဆိတ် ပုံထားရင်းနဲ့ပေါ့...
အများအမြင်မှာတော့ ကိုယ်ဟာ ခံစားချက်မဲ့စွာနဲ့
ဥပေက္ခာဖွဲ့ နေနိုင်လွန်းသူပါ...။

ပျော်ရာကိုမှန်းလို့ လွမ်းနေရင်း
မျက်ဝန်းမှာခိုတွဲလာတဲ့မျက်ရည်စကို
မျက်လွှာနှစ်စ အသာချလို့
နှုတ်ခမ်းဖျားက အပြုံးတစ်စနဲ့ 
အစားထိုး ခြွေချခဲ့ရတဲ့နေ့ရက်တွေ...
တော်ရာမှာ နေသာသလို နေနေရတဲ့အဖြစ်
ရင်ထဲမှာတော့ တစစ်စစ်နဲ့ လွမ်းနေခဲ့တာ...
ကိုယ်တိုင်ထက် ဘယ်သူကများ သိနိုင်အုံးမှာလဲ...။        ။


 

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...