Friday, September 23, 2011

ချစ်သောအမေ့အတွက်...


နေထွက်ချိန် အမေ့ရဲ့အလှ
အို..အမေ
အမေ့ရဲ့မေတ္တာရေနဲ့
သားသမီးတို့ဘဝ
ရှင်သန်ခဲ့ရတယ်အမေ…။
အမေ့ရဲ့ရင်ငွေ့ကိုခြုံ
ခိုလှုံခွင့်ရခဲ့ကြလို့
သားတို့သမီးတို့
အရာရာပြည့်စုံခဲ့ကြတယ်အမေ…။
အမေ့ရဲ့အစွမ်းနဲ့
သားသမီးတွေမှာ
ဝမ်းဝလို့ခါးလှခဲ့ကြတယ်အမေ…။
အမေ့ရဲ့ကျေးဇူးတရား
သားသမီးများအတွက်
ကြီးမားလွန်းလှတယ်အမေ…။
အမေဟာ…
သားသမီးတို့ရဲ့ခိုကိုးရာ
မြတ်နိုးစရာကောင်းတဲ့မိခင်..
ခမ်းနားတဲ့ရာဇ၀င်တွေနဲ့
တန်ဖိုးဖြတ်မရတဲ့
သမိုင်းကြောင်းအလှတွေကို
ပိုင်ဆိုင်ထားတဲ့အမေအတွက်
သားသမီးတွေမှာ ဂုဏ်တက်ခဲ့ရတယ်အမေ…။
အခုအမေ့ကိုလေ…
သားသမီးတွေလက်လွတ်ဆုံးရှုံးရတော့မယ်။
အမေ့ကို…
သွေးမတော် သားမစပ်သူတွေလက်
ဝကွက်လို့အပ်လိုက်ရတော့မယ်။
အမေဟာ…
မကြာခင်အချိန်အတွင်းမှာ
အဆင့်ဆင့်ထိန်းချုပ်မှုတွေအောက်
အသက်ပျောက်ရတော့မယ်။
ထားမသွားပါနဲ့အမေ…
သားသမီးတွေရဲ့ဘ၀များ
အမိမဲ့သား ရေနည်းငါးလိုအဖြစ်မျိုးနဲ့
ခိုကိုးရာမဲ့ကြရတော့မှာလားအမေ…။
အမေ့ကို…
မဆုံးရှုံးပါရစေနဲ့အမေ…
ညှိုးချုံးတဲ့ဘ၀တွေနဲ့
သားသမီးတွေမှာ
ရင်ခွင်မမဲ့ပါရစေနဲ့အမေ…။
အမေခွဲခွာသွားမယ့်နေ့ရက်တွေကို
သားသမီးတွေလက်ချိုးရေတွက်လို့
စောင့်နေရမယ်တဲ့လား…
မဖြစ်နိုင်ပါဘူးအမေ…
အမေ့ကိုနှိပ်စက်ကြမယ့်
သူစိမ်းများရဲ့လက်က
အမေလွတ်မြောက်ရအောင်
သားသမီးတွေရဲ့မျက်ရည်စက်
နှလုံးသွေးတွေနဲ့စက်လို့
ကယ်တင်ကြမယ်အမေ…။
အမေကျန်းမာပါစေ…
      အမေအသက်ရှည်ပါစေ…
             သားသမီးတွေအတွက်
                    မျိုးဆက်သစ်တွေအတွက်
             ရှေ့ဆက်ရမယ့်ရာဇ၀င်သစ်တွေ
      ဆက်လက်ပြီးလှပစေဖို့အတွက်..        
အမေ့ရဲ့ နေ့ရက်တွေ
ဆက်လက်ရှင်သန်ပါစေအုံးအမေ…။
အမေ့ရဲ့ နှလုံးသွေးတွေ
ဆက်လက်စီးဆင်းပါစေအုံးအမေ…။
အမေ့ရဲ့ အနာဂတ်များ
ဆက်လက်လှပပါစေအုံးအမေ…။
~ ~ ~ @ @ @ ~ ~ ~
အမေ့ရင်ခွင်ထဲက တံငါလှေများ

ပျော်ပါးနေကြတဲ့ လင်းပိုင်လေးတွေ

ကံဆိုးရှာတဲ့လင်းပိုင်လေး
(ကြီးမားလွန်းတဲ့ အရင်းအနှီးအတွက် ချွေးသိပ်ပေးတဲ့ ဆင့်ပါးစပ်နှမ်းပက် 
သလောက် ရလာဒ်ကလေးကို တွေးကြည့်ရုံနဲ့တင် ရင်နာစရာအဖြစ်ပါ။ 
အကောင်းအဆိုး အကျိုးအပြစ်တွေကို ချိန်ဆလို့ အရင်းအနှီးနဲ့ အကျိုးအမြတ်
ရလာဒ်တွေ တူနေခဲ့ရင်တောင် မလုပ်သင့်တဲ့ အဖြစ်မို့ မနှောင်းသေးခင်
ပြန်လည်ဆင်ခြင်သင့်ပါတယ်။
ဘ၀မှာ အစားထိုးမရတဲ့ အမေအရင်းရဲ့ မေတ္တာကိုစော်ကား အမေ့ကို 
ရက်စက်စွာသတ် အမေ့ရင်ကိုခွဲ အသဲနှလုံးကိုထုတ် ချစ်သူကိုပေးဆက်ဖို့ 
လုပ်တဲ့ မိုက်မဲလှတဲ့ သားဆိုးသားမိုက်ရဲ့ လုပ်ရပ်မျိုး ဖြစ်နေခဲ့ရင် အားလုံး
အတွက် တသက်တာ ကြေကွဲစရာတွေ ဖြစ်နိုင်တာမို့ အချိန်မှီစဉ်းစား ပြင်ဆင်
နိုင်ကြပါစေ။)

(ပုံများကို အင်တာနက်ကယူပါတယ်။ Photos credit to Google Image and flicker.com)

လေ့လာစရာ ဆိုက်လေးတွေပါ။
http://www.burmariversnetwork.org/burmese/component/content/article/11/51.html
http://www.burmariversnetwork.org/burmese/    (English version လဲရှိပါတယ်)
http://www.dameffects.org/
http://www.hydroreform.org/
http://chamisa.freeshell.org/dam.htm
http://www.guardian.co.uk/world/2011/may/20/three-gorges-dam-china-warning
http://www.timesonline.co.uk/tol/news/world/article2537279.ece
http://chinadigitaltimes.net/2011/05/china-admits-three-gorges-dam-problems/

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

25 comments:

Cameron said...

မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်...။

ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

လင်းဦး(စိတ်ပညာ) said...

ဟုတ်တယ်ဗျာ.... အသွေး ဧရာဝတီကို အတူကာကွယ်ကြရပါတယ်။
နောက်ဆက်တွဲ အန္တရာယ်တွေက အရမ်းများတယ်။

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

seesein said...

အမေ့ကို မရက်စက်ကြပါနဲ့
အမေ ကမ္ဘာတည်သ၍ စီးဆင်းနိုင်ပါစေ

ခင်မင်တဲ့
seesein

မြသွေးနီ said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

ဇော်သိင်္ခ said...

အမေဧရာဝတီကို ဝိုင်းဝန်း ကာကွယ်ကြမယ်ဗျာ..

မြစ်ဆုံ စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်ခင်ဗျာ..

စံပယ်ချို said...

ဧရာဝတီကိုအတူလက်တွဲပြီးကာကွယ်ကြပါစို့နော်...
မြစ်ဆုံ စီမံကိန်းကိုလုံးဝကန့်ကွက်ပါတယ်ရှင်။

SHWE ZIN U said...

ညီမ ရေ

မြစ်ဆုံဆည် တည်ဆောက်ရေး ကို အကြွင်းမဲ့ ကန့်ကွက်ပါသည် ကျေးဇူး

ခင်မင်တဲ့
အမရွှေစင်

kiki said...

ထပ်တူထပ်မှ ခံစားမိပါတယ် မအိမ်သူရေ..
အမိဧရာဝတီအတွက် ညီညာဖြဖြ ကာကွယ်ကြရအောင်..

မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းအား လုံးဝ ကန့်ကွက်ပါတယ်..

မကိ

Maung Myo said...

သားတို့နဲ့ အတူရှိနေပေးပါအုံး အမေရယ် ။

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

မင်းဧရာ said...

အမကြီိးရေ.....
ကျွန်တော်တို့ရဲ့ ဧရာဝတီ မြစ်ကြီး
အလှတရားတွေနဲ့ ထာဝရ စီးဆင် နိုင်ပါစေဗျာ။

မြစ်ဆုံ ရေကာတာ စီမံကိန်းကို ကန့်ကွက် မှု့ကို
ထပ်ဆင့်ထောက်ခံပါတယ် ဧရာဝတီ ဒီအတိုင်းပဲ တည်ရမယ်။

Anonymous said...

သဘာဝအဖိုးတန်အမွေကို ထိန်းသိမ်းကြစို့
မြစ်ဆုံစီမံကိန်းကိုလုံးဝကန့်ကွက်ပါတယ်


မောင်ဘကြိုင်

မေသိမ့်သိမ့် ကျော် said...

အမေ့ကို လွတ်လပ်ခွင့်ပေးပါ။ ဧရာဝတီ အဓွန့်ရှည်တည်စေသောဝ်...

ခင်တဲ့
မေသိမ့်

ချော(အစိမ်းရောင်လွင်ပြင်) said...

အမေတစ်ယောက်လို လေးစားချစ်ခင်ဖွယ်ဧရာဝတီကို ဘယ်လိုအကြောင်းကြောင်းတွေနဲ့မှ မပျက်စီး မဆုံးရှုံးစေချင်ပါဘူး
အမြဲတမ်းရှင်သန်ပါစေ မိခင်ဧရာဝတီ။

PhyoPhyo said...

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

PhyoPhyo said...

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

PhyoPhyo said...

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

ချယ်ရီမြေ said...

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝလုံးဝ ကန့်ကွက်ပါတယ်..
အမေ့မေတ္တာတမျှအေးမြတဲ့ ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ညီရဲ said...

ဒီပုံတွေကို တန်ဖိုးထားတတ်ရုံနဲ့ တင် ကန့် ကွက်ဖို့ လုံလောက်နေပါပြီလေ...
ဒါကြောင့် ကန့် ကွက်ပါတယ်။။။

ညီလင်းသစ် said...

ကဗျာထဲက အမိမဲ့သား ရေနည်းငါး ဆိုတဲ့ စကားလေး သုံးထားတာ အရမ်းသဘောကျတယ် မအိမ်သူရေ..၊ ဖြစ်နေတဲ့ အခြေအနေနဲ့ တိုက်ရိုက် အနက်ကော၊ ဆင့်ပွား အနက်ပါ သက်ဆိုင်တဲ့ စကားလေးပါပဲ၊ နောက်ထပ်တစ်သံ ထပ်တိုးခဲ့တယ်နော်၊ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်..။

မြတ်မွန် said...

ဟုတ်ပါ့ရှင်။ ဧရာဝတီ ကမ္ဘာတည်သရွေ့ထာဝရတည်ရှိနေပါစေလို့ပဲ ဆုတောင်း ပြုမိပါတော့တယ်။ ဘာတစ်ခုမှ မဖြစ်ပါစေနဲ့လို့လေ။ ဒါပေမယ့်တော့ သူ့ခမျာ ဒါဏ်ရာတွေ ရနေပီ။

မြစ်ကျိုးအင်း said...

အမိဧရာဝတီကို ကာကွယ်ကြစို့။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

ဟန်ကြည် said...

အမေကျန်းမာပါစေလို့ ဆုတောင်းပေးရုံပဲ တတ်နိုင်တယ် မအိမ်သူရေ...ဆုတောင်းရုံပဲ တတ်နိုင်တာကိုလည်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိပါရဲ့...

မဒမ်ကိုး said...

အမေ့ကိုရှင်သန်ခွင့်လေးပေးလိုက်ကြပါး(

ဆုတောင်းပေးယုံမှတစ်ပါး

Related Posts Plugin for WordPress, Blogger...