Monday, September 19, 2011

ဘ၀လှေ


ဘ၀ဆိုတာ…
ပင်လယ်ပြင်ထဲက
လှေငယ်တစ်စင်းဖြစ်လိမ့်မယ်။

တခါတရံတော့လည်း…
ပင်လယ်ရေစီးကြောင်းထဲမှာ
ငြိမ့်ညောင်းစွာနဲ့ရွက်လွှင့်
နေခြည်ကလဲပွင့်လို့…
လေပြေလေးကလဲမြူး
လှိုင်းကလေးတွေလဲဖြူးလို့
ကြည်နူးဖို့ကောင်းလိုက်ပုံများ…။

တခါတလေမှာတော့…
ပင်လယ်ကမူမမှန်
ဒေါမာန်တွေနဲ့ထကြွ
ကြောက်စရာ့ အသွင်သဏ္ဍာန်နဲ့
မုန်တိုင်းထန်တဲ့ရေပြင်မှာ
အရိုင်းဆန်တဲ့လှိုင်းလုံးတွေက
လှေငယ်ကိုတစစီဖြစ်ရအောင်
ဦးထောင်ကာပဲ့စိုက်
ကိုင်ကာရိုက်လိုက်သလို…။

ဘ၀ဆိုတာ…
ပြုံးတခါ ပျော်တလှည့်
ငိုတလှည့် ရယ်တခါ
လမ်းပြေမှာ သက်သာလည်း
လမ်းဆိုးလည်း လျှောက်ရမှာ
မငြင်းသာတဲ့ ကံတရား
လောကဓံတွေကြားမှာ
လူသားမှန်ရင်ဖြင့်
အားမာန်ကိုတင်း
လှေငယ်တစ်စင်းနဲ့
ပင်လယ်တွင်းမှာ စွန့်စားခြင်းပေါ့…။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

10 comments:

Cameron said...

သိပ်လှတဲ့ ကဗျာလေး....း)

မင်းဧရာ said...

ဘ၀ ဆိုတာ ပင်လယ်အတွင်း လှေငယ်တစ်စင်း နဲ့
စွန့်စားခြင်းတဲ့လား။
မှန်လိုက်လေ အမကြီးရာ။လှိုင်ထန်တဲ့ ပင်လယ်ပြင်မှာ မုန်တိုင်း ကိုတောင်တစ်ပြန်ယှဉ်သူပေါ့။

SHWE ZIN U said...

ဘဝလှေ ကလေး ကိုလာဖတ်သွားတယ် ဧရာဝတီ မှာ လှေလှော်နိုင်အောင်လည်း ကူပေးပါအုန်း

http://www.shwezinu.com/2011/09/blog-post_19.html

ခင်တဲ့
ရွှေစင်ဦး

စံပယ်ချို said...

ဟုတ်တယ်နော်ဘ၀ဆိုတာပြုံးလိုက်
မဲ့လိုက်နဲ့ ပုံသေကားချပ်ကိုလုပ်လို့မရဘူး
ပင်လယ်လဲတူတူပါပဲ
တစ်ခါတစ်လေဖြူးလို့
ဒါပေမယ့် တစ်ခါတစ်လေ
သူ့ဒေါသကကြောက်ဖို့ကောင်းအောင်ရက်စက်တတ်တယ်
အဲတာတွေပေါ်လွင်အောင်ရေးပြတဲ့ကဗျာကောင်းလေးပါပဲ
ချစ်ခင်တဲ့ jasmine

ဟန်ကြည် said...

မှန်ပါတယ် မအိမ်သူရေ...
ဘ၀ဆိုတဲ့ပင်လယ်ပြင်ကျယ်ကို လူတိုင်းမလွဲမသွေ ဖြတ်သန်းနေကြတာပါပဲ...ကြမ်းတမ်းလှတဲ့ ပင်လယ်ခရီးမှာ တစ်ဦးကိုတစ်ဦး ချစ်ခြင်းအားဖြင့် ယိုင်းပင်းကူညီရင်း ဖေးမကြရင်ဖြင့် ဘယ်လိုပဲဖြစ်ဖြစ် သွားပျော်တဲ့ခရီးမဟုတ်ရင်တောင် အထိုက်အလျောက်တော့ လောကဓံကို ခံနိုင်ရည်ရှိနိုင်ကြကောင်းရဲ့လို့ စိတ်ကူးမိပါရဲ့...

ကဗျာလေး လှလိုက်တာလေ...

မြသွေးနီ said...

ဘ၀လှေငယ်ကို လူတိုင်းကိုယ်စီ လှော်ခတ်နေကြရတယ်။ ခရီးလမ်းတစ်လျှောက် လှိုင်းငြိမ်၊ လေပြေတာတွေ့ရသလို၊ လှိုင်းထန်၊ လေထန်တာတွေလည်း ကြုံတွေ့နိုင်တယ်နော်..။ လှေလှော်ရင်း လက်ပမ်းမကျအောင် ကြိုးစားရမှာပါ မအိမ်သူရေ..။

ညီရဲ said...

ဒီလိုပဲ လူတွေက ဘဝပင်လယ်ထဲမှာ ရွက်လွှင့်နေကြတာပါပဲ အစ်မရေ....

8Yar said...

ကောင်းလိုက်တဲ့ကဗျာလေးဗျာ။
"အရိုင်းဆန်တဲ့လှိုင်းလုံးတွေက
လှေငယ်ကိုတစစီဖြစ်ရအောင်
ဦးထောင်ကာပဲ့စိုက်
ကိုင်ကာရိုက်လိုက်သလို…။"
လို့ရေးထားတာလေးအရမ်းကြိုက်မိပါတယ်ခင်ဗျာ။

လသာည said...

ကဗျာလေးက ကောင်းလိုက်တာ။

mstint said...

ဘဝသရုပ်ဖော် စိတ်ကူးကဗျာလေး ကောင်းတယ် မအိမ်သူရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Related Posts Plugin for WordPress, Blogger...