Friday, September 9, 2011

သူမရှိတော့ရင်… (ကိုယ့်ဖာသာကိုယ် တဂ်တဲ့ပို့စ်)

လွန်ခဲ့တဲ့ တစ်လလောက်က မယ်ကိုးရဲ့ ဘလော့ဂ်လေးမှာ “ရေစီးဖြင့်ထုံးချည်ခြင်း” ဆိုတဲ့ ပို့စ်လေးကို သွားဖတ်ပြီး စိတ်ထဲမှာ အတော်လေး ဖီးလ်ဖြစ်သွားတယ်ပြောရမလားပဲ။ ဖတ်ပြီးပြီးချင်းပဲ ရင်ထဲကနေ ကဗျာတပိုင်းတစလေး ထွက်ကျလာခဲ့တယ်။ ဒါပေမယ့် ကဗျာက ဟိုတစ သည်တစလေး ဖြစ်နေပြီး စိတ်တိုင်းကျ ဆက်ရေးလို့မရဖြစ်နေတုန်း ချော ငွေလမင်းနဲ့ မလေး(အိမ့်ချမ်းမြေ့) တို့ရေးတဲ့ ပို့စ်လေးတွေ ဆက်တိုက်တက်လာပြီး သွားဖတ်ဖြစ်တဲ့အချိန်မှာ စိတ်ထဲကနေ အလိုလိုနေရင်း ကိုယ့်ဖာသာကိုယ် တဂ်လိုက်မိတယ်။ ဒီတပိုင်းတစဖြစ်နေတဲ့ ကဗျာလေးကို ဆက်ရေးဖို့ပေါ့။ အဲဒီလို ဆက်ရေးဖို့သာဆိုတယ် တကယ်ရေးဖို့ ကြိုးစားလိုက်ရင် ကဗျာက ဟိုတစ်ပိုဒ် သည်တစ်ပိုဒ်နဲ့ စိတ်ထဲကခံစားချက်ကို အဆက်အစပ်ရှိရှိ ပုံဖေါ်လို့မရနိုင် ဖြစ်နေခဲ့တာ အတော်လေးကြာလာတော့ ကိုယ့်ဟာကိုယ်စိတ်ထဲမှာ အဲဒီကိစ္စက အလိုလို အကြွေးတင်နေသလို ခံစားလာရတယ်။ တခြားရေးစရာ အကြောင်းအရာတွေကို စဉ်းစားလိုက်တိုင်းလည်း တစ်ကြောင်းနှစ်ကြောင်း စရေးလိုက်ပြီးရင် ဒီအကြွေးပဲ ခေါင်းထဲရောက်ရောက်လာပြီး တခြားအကြောင်းအရာကို ဖြောင့်အောင် ဆက်ရေးလို့မရနိုင် ဖြစ်နေခဲ့တယ်။ ခမာပြည် အကြောင်းလေးတွေလည်း ဆက်ရေးဖို့ကြိုးစားကြည့်သေးတယ်။ တစ်ကြောင်းနှစ်ကြောင်းလောက် အစပျိုးပြီးရင် ဒီကဗျာပဲ စိတ်ထဲရောက်လာပြန်ရော။ အဲဒီတော့ ရေးလက်စစာကို ဆက်ရေးလို့မရတော့ပြန်ဘူး။ အဲတာနဲ့ ကဗျာကိုပဲအရင် လက်စသတ်ဖို့ ကြိုးစားတုန်းမှာ ဘလော့ဂ်ဒေးက ကြားဖြတ်ဝင်လာတော့ ဘလော့ဂ်ဒေးပို့စ်ကို မနည်းအချိန်မှီအောင် ဦးစားပေးပြီး ကြိုးစားရေးလိုက်ရတယ်။ ဒါပေမယ့် အဲဒီကဗျာအကြွေးက ဘယ်သွားသွား ဘာပဲလုပ်လုပ် ခေါင်းထဲမှာ တချိန်လုံးရောက်နေတာ။ စားမဖြောင့် သွားမဖြောင့်နဲ့ ဖြစ်နေရော… ဒီကြားထဲ အလုပ်ကလည်း သိပ်မအား၊ အချိန်ကလည်းမရ၊ ကဗျာရေးချင်တဲ့စိတ်ကလည်း တချိန်လုံးခေါင်းထဲမှာ၊ ကဗျာလေးကလည်း စိတ်ကူးရရင် ရေးကြည့်လိုက် စိတ်တိုင်းမကျလိုက် ပြန်ဖျက်လိုက် ပြန်ပြင်ရေးလိုက်နဲ့ သံသရာလည်နေပြီး စိတ်ကူးနဲ့ ခံစားချက်ကို ပီပီပြင်ပြင် ဆက်စပ်လို့ မရနိုင်ပဲဖြစ်နေတာ အတော်လေးကြာတယ်။ ရင်ထဲက ခံစားမှုကို စကားလုံးနဲ့ ဖလှယ်ပြီး ပုံဖေါ်လို့မရဖြစ်နေခဲ့တာ။ အဲဒီလိုနဲ့ လွန်ခဲ့တဲ့ လေးငါးရက်လောက်ကမှ ညနေဖက် ကိစ္စတစ်ခုနဲ့ အပြင်သွားတုန်း လမ်းမှာသွားနေရင်းကနေ အတွေးထဲမှာ စကားလုံးတစ်ချို့ ထွက်ကျလာခဲ့တယ်။ အဲဒါလေးတွေကို ရသလောက် အမိအရဖမ်းဆုပ်ထားပြီး အိမ်ပြန်ရောက်တဲ့အချိန်ကျမှ ကဗျာကို စောစောကရထားတဲ့ အတွေးနဲ့ စိတ်ထဲက ခံစားချက်တွေနဲ့ တစ်စစီ ပြန်ဆက်စပ်ယူပြီးမှ တပိုင်းစီ နည်းနည်းချင်း ပြန်စရေးဖြစ်ခဲ့တာ။ ဒီတစ်ပတ်လုံး အဲဒီကဗျာပြီးဖို့ နပမ်းလုံးနေခဲ့ရတယ်။ နဂိုတုံးက ပျိုးထားခဲ့တဲ့ပုံစံနဲ့ နေရာအတော်များများမှာ နည်းနည်းစီလွဲသွားပေမယ့် အခုရေးဖြစ်တဲ့ဟာလေးကို ပိုသဘောကျမိပါတယ်။ ဒီကဗျာကတော့ စံချိန်တင်ပါပဲ။ တစ်လလောက်ကို အချိန်ယူပြီး ရေးခဲ့ရတယ်။ ဒီအသက်အရွယ်ထိ တခါမှ စာတစ်ပုဒ်ကို အဲဒီလောက် အချိန်ပေးပြီး မရေးဖူးခဲ့ဖူးသေးဘူး။ ကဲ ကိုယ့်ဖာသာကိုယ် တဂ်ပြီး ကိုယ့်ဟာကိုယ်ပဲ အကြွေးတင်နေခဲ့တဲ့ အကြွေးဆပ်ပို့စ်ကလေးကို အခုတော့ တကယ်တင်ဖြစ်သွားပါပြီနော်။ ဒါပြီးရင်တော့ နောက်ထပ်ဆပ်စရာ အကြွေးလေးတွေ ဆက်လာအုံးမှာပေါ့… လာမယ် ကြာမယ်ပို့စ်လေးတွေကို နည်းနည်းတော့ သည်းခံပြီး စောင့်ဖတ်ပေးကြပါလို့…း))


သူမရှိတော့ရင်…

သူမဟာ…
အမိ အဖနှစ်ဖြာ ရင်နှစ်မွှာကြားက
နှလုံးသွေးများပေါင်းစပ်လို့ ဖြစ်တည်လာတဲ့
ရင်နှစ်သည်းချာ သမီးအလှကညာ
အဖိုးတန်လှတဲ့ ရတနာ…

သူမဟာ…
ဒီမြေမှာ မွေးဖွားခဲ့တဲ့ ဒီမြေရဲ့ အလှတရား
ကြီးမြတ်သောဂုဏ်သတင်းများနဲ့
သမိုင်းကြောင်းများစွာကို ထုဆစ်
သက္ကရာဇ်တွေကို တည်ငြိမ်မှုတွေနဲ့
ငြိမ့်ငြောင်းလှပစွာ ဖြတ်သန်းလာခဲ့သူ
ရာဇ၀င်ပေါင်းများစွာတို့ရဲ့ အရှင်သခင်…။

သူမဟာ…
ရာစုနှစ်တွေထဲက နေမ၀င်ဘုရင်မတစ်ပါး
ဒီမြေရဲ့ထိပ်ထား ဧကရီမဖုရား…

သူမရဲ့ ရင်ခွင်ဟာ…
အလှအပတရားတို့ ပေါင်းဆုံရာ...
ဒီမြေရဲ့အကြေအညာကို စုန်ဆန်လူးလာ
ခရီးသွားကြသူများအတွက် အားထားရာ...
ဒီမြေတလွှား ရောင်းဝယ်ဖေါက်ကား
ကုန်သည်အများတို့ရဲ့ ၀န်စည်စလှယ်တွေစီးဆင်းရာ...
ဒီမြေရဲ့ကုန်း၊ရေ၊လေမှာကျက်စား
သတ္တ၀ါအများတို့ရဲ့ ခိုနားရာ...
ဒီမြေမှာ ဆန်ရေစပါး သီးနှံများစွာ
ကြွယ်ဝစေရာ ပင်မအရင်းအမြစ်...
ဒီမြေ ဒီဒေသနဲ့ ဂေဟစနစ်တို့
အပြန်အလှန်တည်မှီလို့ ညီညွတ်မျှတရာ...

သူမဟာ…
ဒီမြေမှာမွေးဖွားခဲ့ကြတဲ့
ဘ၀ပေါင်းများစွာတို့ရဲ့ အသက်သခင်...
ဒီမြေပေါ်မှာ သူမရဲ့ရင်ခွင်ကိုမှီပြီး
ဖြစ်တည်လာခဲ့ရတဲ့ မြို့ပြနိုင်ငံတော်ကြီးများ
သမိုင်းစဉ်တစ်လျှောက်မှာ ပေါ်ပေါက်ထွန်းကားခဲ့ရာ...
ဒီမြေရဲ့ယဉ်ကျေးမှုများ ရှင်သန်ဖွံ့ဖြိုးခဲ့ရာ...
ဒီမြေရဲ့သမိုင်းကြောင်းများ အထင်အရှားဖြတ်သန်းခဲ့ရာ...
သူမဆိုတာ ဒီမြေမဟာရဲ့ နှလုံးသွေးကြော… ။

အခုတော့…
သူမရဲ့တည်ငြိမ်တဲ့အလှတွေ
သူမရဲ့ကြီးကျယ်ခမ်းနားမှုတွေ
သူမရဲ့ထင်ရှားကျော်ကြားမှုတွေ
သူမ ဖြတ်သန်းခဲ့ရတဲ့သမိုင်းကြောင်းတွေ
သူမ စွမ်းဆောင်ခဲ့တဲ့ပေးဆပ်ခြင်းတွေ
အရာရာဟာ ပြီးဆုံးခြင်းကိုတိုင်ခဲ့လေပြီလား…
ကြေကွဲခြင်းတွေများစွာနဲ့ နှုတ်ဆက်ခွဲခွာရတော့မယ့်
သူမရဲ့ကျဆုံးချိန်တွေက တဖြည်းဖြည်းနီးကပ်လို့
သူမရဲ့ရာဇ၀င်တွေကို တခန်းရပ်ဖို့
မကြာခင်မှာ ဆုံးပါးသွားရတော့မယ့်
သူမရဲ့အသွေးအသားတွေက လုံးပါးပါးရင်းနဲ့
တနေ့တခြား ခမ်းခြောက်လို့လာနေခဲ့ပြီလား…။

သူမရဲ့ ကျဆုံးခြင်းဟာ
တို့သမိုင်းတွေ ပျောက်ဆုံးခြင်း…
သူမကို ဆုံးရှုံးခြင်းဟာ
တို့ဘ၀တွေ ပျက်စီးခြင်း…
သူမရဲ့ သေဆုံးခြင်းဟာ
တို့အနာဂတ်တွေ ပျက်သုဉ်းခြင်း…။

မြောက်ဘက်စွန်းက တောင်တန်းကြီးတွေ လွမ်းဆွေးနေကြမလား…
ကွယ်ပျောက်သွားရတော့မယ့် ညီနောင်တောင်တန်းများအတွက်…။

အမြဲစိမ်းတောတွေ ကြေကွဲနေကြမလား…
ပြန်လည်မရနိုင်တော့မယ့် စိမ်းလန်းခြင်းတွေအတွက်…။

မြေနုကျွန်းတွေ ၀မ်းနည်းနေကြမလား…
ဖြစ်ထွန်းမလာတော့မယ့် ကောက်ပဲသီးနှံများအတွက်…။

ဒေသခံတွေ ငိုကြွေးနေကြမလား…
ဆုံးရှုံးသွားရတော့မယ့် ဇာတိမြေများအတွက်…။

သူမရှိတော့ရင်ဖြင့်…
လင်းပိုင်လေးတွေဘ၀ ဇာတ်သိမ်းမလှ ဖြစ်ရရှာတော့မယ်။
သူမရှိတော့ရင်ဖြင့်…
ဂေဟစနစ်တွေပျက်သုဉ်း သတ္တ၀ါတွေ မျိုးတုံးကုန်ကြတော့မယ်။
သူမရှိတော့ရင်ဖြင့်…
တံငါတွေ လူလုံးမလှ အလုပ်အကိုင်မဲ့ဘ၀ ရောက်ကြရတော့မယ်။
သူမရှိတော့ရင်ဖြင့်…
လယ်ယာမြေများလည်း ပျောက်ဆုံး သီးနှံများလည်းတုံးကြတော့မယ်။
သူမရှိတော့ရင်ဖြင့်…
ဒီရေတောများလည်းဆုံးရှုံး ကုန်းခေါင်ခေါင်တွေ မျက်စေ့တဆုံးဖြစ်ရတော့မယ်။
သူမရှိတော့ရင်ဖြင့်…
မြစ်ကြီးနားမြို့ဟာ အမည်သစ်တစ်ခုကိုပြောင်းရပေလိမ့်မယ်။
သူမရှိတော့ရင်ဖြင့်…
ကျောက်မြောင်းက ရာဝင်အိုးတွေခမျာ အကြေအညာသွားဖို့ ခက်ရှာပေလိမ့်မယ်။
သူမရှိတော့ရင်ဖြင့်…
ပုဂံဘုရားများနဲ့ အင်းဝတံတားလည်း အထီးကျန်သွားကြပေလိမ့်မယ်။
သူမရှိတော့ရင်ဖြင့်…
မင်းကွန်းနဲ့ ဂေါဝိန်ကို တရှိန်ရှိန်တောက်နေတဲ့ တံလျှပ်တွေအကြား
သဲချောင်းပြင်ကန္တာရတလွှားမှာ ခြေကျင်လျှောက်ကူးသွားရပေလိမ့်မယ်။

သူမဟာ…
ဒီမြေရဲ့အသက်
ဒီမြေရဲ့နှလုံးသား
ဒီမြေရဲ့အသွေးအသား…

သူမရှိတော့ရင်ဖြင့်…
ဒီမြေဟာ ရှင်သန်မှုတွေပျောက်ဆုံးလို့
အနာဂတ်မှာ ဆက်လက်ရပ်တည်နိုင်ပါအုံးတော့မလား… … ။        ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

22 comments:

မိုးယံ said...

သူမရဲ့ရာဇ၀င်တွေကို တခန်းရပ်ဖို့
မကြာခင်မှာ ဆုံးပါးသွားရတော့မယ့်
သူမရဲ့အသွေးအသားတွေက လုံးပါးပါးရင်းနဲ့
တနေ့တခြား ခမ်းခြောက်လို့လာနေခဲ့ပြီလား…။

(အဲသည်လို အဖြစ်မျိုး တစ်ကယ်ကို မကြုံတွေ့ပါရစေနဲ့)


ဧရာဝတီကိုချစ်တဲ့ ဘလော့ဂါ တစ်ယောက် ထပ်တွေ့ပြန် ဘီ။ စုစည်းနေတဲ့ ကိုအောင်(ပျူနိုင်ငံ) ဆီ သတင်းသွားပို့ ဦးမယ်။

သဒ္ဓါလှိုင်း said...

အမအိမ်.
ရင်နဲ့ရင်းပြီး ရေးထားတဲ့ ကဗျာလေးက အသက်ဝင်နေခဲ့တယ်။ သူမရှိတော့ရင်...
စိတ်ချမ်းမြေ့ပါစေ။။။
ချစ်တဲ့
ညီမသဒ္ဓါ

ညီရဲ said...

အစ်မရေ...
အစ်မ တလလောက် အချိန်ယူပြီး ရေးခဲ့တဲ့ ကဗျာလေး တကယ်ကောင်းတယ်။ ကျွန်တော် သေသေချာချာလေး ဖတ်သွားပါတယ်။ သူမ အတွက် တကယ်ဝမ်းနည်းရတယ်။ သူမ လှလှပပနဲ့ အသက်ရှည်ရှည် နေနိုင်ဖို့ အမြဲ ဆုတောင်းတယ်။

mstint said...

ရင်တွင်းခံစားချက်လေးကို ပီပီပြင်ပြင်သရုပ်ဖော်ထားတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ဖတ်ပြီး ထပ်တူထပ်မျှ ခံစားသွားတယ် မအိမ်သူရေ။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

တကယ်ပဲသူမရှိတော့ရင်း(

အင်းးးးးးးးးးးးးး
တကယ်ကိုသူမရှိတော့ရင် ............

ချစ်တဲ့

မဒိုးကန်

Nyi Linn Thit said...

ရိုးရိုး ကဗျာတစ်ပုဒ် ဆိုတာထက် ကဗျာရဲ့ နောက်ကွယ်က သမိုင်း၊ အစဉ်အလာ၊ ကြီးမြတ်မှု စတာတွေနဲ့ နွယ်နေခဲ့လို့ ဒီကဗျာ မပြီးနိုင်သရွေ့ အကြွေးမကျေ သေးသလို ခံစားခဲ့ရတာ ဖြစ်မယ် ထင်တယ်နော်၊ တစ်လဝန်းကျင်လောက် လွယ်ပြီးမှ ခဲရာခဲဆစ် မွေးလိုက်ရတဲ့ ကဗျာလေးက တကယ့်ကိုပဲ တသွေးတမွေး၊ ဖြူဖွေးသန့်စင်လို့...၊ စကားလုံးတိုင်းက ရင်ကို တည့်တည့်မှန်တယ်....။

Anonymous said...

ကဗျာလေးနဲ့ ပြောချင်တာလေးတွေ ပုံဖော်သွားတာ သိပ်ကောင်းပါတယ်
"သူမ" ရေးလိုက် "သူ" ရေးလိုက်ဆိုတော့ ၂ယောက်လိုဖြစ်နေမလားလို့
" သူမ မရှိတော့ရင် " ဆိုရင်ရော
ကဗျာမရေးတတ်ပါဘူး
အမြင်လေးကို ပြောပြတာပါ အမှားပါသွားရင် ဆောရီးပါ

ခင်မင်စွာဖြင့်
ငွေလမင်း

jasmine(တောင်ကြီး) said...

အိမ်သူသက်ထားရေ
မတွေ့တာလဲကြာပြီနော်...
တစ်လအချိန်ယူပြီးရေးထားတဲ့ကဗျာဖတ်လိုက်ရတာ
အရမ်းကိုတန်ဖိုးရှိတာပဲ....
အနှစ်သာရအပြည့်အ၀လဲခံစားရတယ်
နောင်လဲ ဒီထက်မကရေးနိုင်ပါစေ
ချစ်ခင်တဲ့ jasmine

Angelhlaing(May everybody be happy and healthy! said...

ခေါင်းစဉ်လေးနဲ့တင် ဘာပြောရမှန်းမသိအောင် နှင့်နင့်နဲနဲ ပါပဲမမရေ ...ခံစားအားပေးလျှက်...

ဟန်ကြည် said...

အေးဗျာ ရာဇ၀င်များရဲ့သတို့သမီးကို သမိုင်းတစ်လျှောက်ဆက်ပြီး ရှင်သန်စေချင်တာတော့ ရင်ထဲက တကယ့်စိတ်ရင်းအမှန်ပါ...ကိုယ်တိုင်ကလည်း ဧရာဝတီနဲ့ ရင်းနှီးခဲ့တာမို့ မအိမ်သူရဲ့ကဗျာက ရင်ထဲကို တစ်ခါထဲရောက်သွားပါရဲ့...ရေးတဲ့လူက တကယ်ကိုခံစားပြီးရေးထားမှန်း ကိုယ်တိုင်က ကဗျာသမားတစ်ယောက်ဖြစ်တာမို့ ရေးထားတဲ့ စာသားတွေကို တစ်လုံးစီသရုပ်ခွဲစရာမလိုပဲ ပေါ်နေပါတယ် မအိမ်သူရေ...ဧရာဝတီ ငါတို့အားလုံးရဲ့ အမေ...ကျန်းမာပါစေပေါ့ အစ်မရေ...

မင်းဧရာ said...

အမကြီး.......
ကဗျာ လေးကိုဖတ်မိတော့
ကျွန်တော်တို့ အမြဲသွားနေကျ မင်းကွန်း ကိုပါပြေးမြင်မိတယ် ဟုတ်တယ် သူမရှိတော့ရင် သဲပြင်တွေပဲကျန်နေတော့မယ်။

ကိုဇော် said...

ကျနော်လည်း ချစ်ပါတယ်ဗျာ။
ရှားရှားပါးပါး ကျနော်တို့နိုင်ငံမှာ အစအဆုံး တည်နေတဲ့ မြစ်ရှည်တစ်စီး မဟုတ်လား။

ချော(အစိမ်းရောင်လွင်ပြင်) said...

သူမက ပြောတယ်
ကိုယ့်သားသမီးတွေအတွက် သူ့ဘဝကို စတေးလိုက်ရတယ် ဆိုရင်၊
ကိုယ့်သားသမီးတွေအတွက် သူ့နှလုံးသားကို ရောင်းစားလိုက်တယ်ဆိုခဲ့ရင် တော်ပါသေးရဲ့ တဲ့
ခုတော့ သွေးမတော် သားမစပ်၊ ဘာဆိုဘာမှ မဆိုင်တဲ့သူတွေအတွက် သူမရဲ့ဘဝကို စတေးရတာ ရင်နာပါတယ်တဲ့။
ဘာဖြစ်လို့များ ဒီလောက်တောင် ရက်စက်ကြပါသလဲလို့ မြည်တမ်းရင်း သူမက ငိုကြွေးနေပါတယ်။

8Yar said...

ခံစားရတယ်ဗျာ။ ...........
တကယ်ပဲသူမနဲ့ မခွဲချင်ပါဘူး။ :(

မောင်မျိုး said...

သူ့ကို တကယ်ပဲ အမြဲရှင်သန်စေချင်မိပါတယ် ။

ကိုရင်သာပျော့ said...

သဘာဝတရားအတိုင်းပဲ ရှိစေချင်တယ်..

ချယ်ရီမြေ said...

ကဗျာက အရမ်းအသက်ဝင်တာပဲ... ခံစားချက်နဲ့ရေးထားတာမို့လာမသိဘူး... သေချာဖတ်သွားပါတယ်....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

MGTHANT said...

သူမရှိတော့ရင် အခု တခြားဂြိုလ်တွေမှာ ရေရှာနေသလိုမျိုး ဖြစ်တော့မယ် :P

Anonymous said...

ရာဇဝင်သတို့သမီးရဲ့အလှကို
ဖျက်ဆီးမယ့်သူခိုးလက်တွေကို
ငါတို့ကလောင်ဓားသွားနဲ့ခုတ်ထစ်ကြစို့ဟေ့


မောင်ဘကြိုင်

မိုးခါး said...

သမိုင်းထဲမှာပဲ မကျန်ရစ်နေစေဖို့ အားလုံး တူညီ ဆန္ဒပြုရင်း ....း(

အင်ကြင်းသန့် said...

သူမရှိတော့ရင်....??????

သူရှိကိုရှိနေစေရမယ်!!!!!!!!!!!


ကဗျာလေးတော်တော်ကောင်းတယ်။

အိမ့်ချမ်းမြေ့ said...

မလေး ရောက်တယ်ကွယ်..

Related Posts Plugin for WordPress, Blogger...