Wednesday, August 31, 2011

Happy BLOG Day!!!

ဘလော့ဂ်ဆိုတာကို အရင်တုန်းကတည်းကသိပေမဲ့ ဘလော့ဂ်ဒေး ရှိမှန်းကိုတော့ မသိခဲ့ပါဘူး။ ဘလော့ဂ်ဒေးရဲ့ လိုဂိုလေးကို စပြီးတွေ့ဖူးတာ မနှစ်က ၂၀၁၀ ဘလော့ဂ်ဒေး တုန်းကမှပါ။
ဖေ့စ်ဘွတ်မှာ မန္တလေးက အိုင်တီသမားသူငယ်ချင်း ဓါတ်ပုံဂျာနယ်လစ် တစ်ယောက်က ၂၀၁၀ ဘလော့ဂ်ဒေးရဲ့ လိုဂိုပုံလေးကို ဝေါလ်ဖိုတိုအနေနဲ့ တင်ထားတာကို စပြီးတွေ့ဖူးခဲ့တာပေါ့။ ဘလော့ဂ်စာလုံးပေါင်းကို ‘3108’ ဆိုတာလေးနဲ့ ရေးထားတာကို အရမ်းသဘောကျမိသွားလို့ မှတ်မှတ်သားသား ဖြစ်သွားခဲ့တယ်လို့ဆိုရမယ် ထင်ပါတယ်။ အဲဒီတော့မှ သြဂုတ် ၃၁ ဟာ ဘလော့ဂ်ဒေးမှန်း စသိခဲ့ပါတယ်။ အဲဒီမှာ တလက်စတည်း သိရတာက ကမ္ဘာတ၀ှမ်းမှာ ဘလော့ဂ်ဒေးစတင်ခဲ့တာ ၂၀၀၆ ခုနှစ်ကတည်းကဖြစ်ပြီး ၂၀၁၀ ဘလော့ဂ်ဒေးဟာ ၅ကြိမ်မြောက်ရှိသွားပြီဆိုတာ သိခဲ့ရပါတယ်။ အဲဒါအပြင် မြန်မာပြည်  ရွှေမန္တလေးက ဘလော့ဂါများဟာ ၂၀၀၇ ခုနှစ် ဒုတိယအကြိမ် ဘလော့ဂ်ဒေးမှာကတည်းက တပျော်တပါး ခမ်းနားစွာ ကျင်းပခဲ့ကြတာကိုပါ သိခဲ့ရပါတယ်။ (မန္တလေးမှာ ဘလော့ဂ်ဒေး ကျင်းပခဲ့တဲ့ သတင်းမှတ်တမ်းကို ဒီမှာ  သွားရောက် ကြည့်ရှုနိုင်ပါတယ်။) အဲဒီတော့ အခုသြဂုတ် ၃၁ရက်နေ့မှာ ကျရောက်တဲ့ ၂၀၁၁ခုနှစ် ဘလော့ဂ်ဒေးဟာ ၆ကြိမ်မြောက်ရှိသွားပြီ ဖြစ်ပါတယ်။


အဲ.. ဒီနှစ်မှာတော့ အကြောင်းတွေတိုက်ဆိုင်ပြီး မအိမ်သူ တစ်ယောက် ဘလော့ဂ်ရွာထဲရောက် အိမ်တလုံးဆောက်ပြီး အခြေချဖြစ်သွားခဲ့လို့ ဘလော့ဂ်ရွာသူ တစ်ယောက် ဖြစ်သွားခဲ့ပြီ ဆိုတော့ ရွာထဲက သာရေး နာရေး ပွဲလမ်းသဘင်များမှာ ပါဝင်ဆင်နွဲရတော့မယ်ပေါ့။ ညီမငယ်နှစ်ယောက် ဖြစ်တဲ့ ရိုစ့်  နဲ့ အိန်ဂျယ်လှိုင်  တို့ကလည်း ဘလော့ဂ်ဒေး ပွဲတော်အတွက် မေတ္တာလက်မှတ်ကို အထူးတလည် တဂ်ပြီး လက်ဆောင်ပေးလာကြတဲ့အတွက် မအိမ်သူလည်း ပွဲတက်ဖို့ ပြင်ဆင်ရပါတော့တယ်။ (အကြောင်းအမျိုးမျိုးကြောင့် မအားတာနဲ့ ပွဲကိုနောက်ကျမှရောက်တာတော့ စိတ်မရှိကြပါနဲ့… :D)

အမှန်ဆိုရရင်တော့ မအိမ်သူ ဘလော့ဂ်ရွာထဲမှာ အိမ်မဆောက်ခင်ကတည်းက ရွာအနီးအနားမှာနေပြီး ဘလော့ဂ်ရွာတစ်ခွင် နေ့စဉ်နေ့တိုင်း ပြဲပြဲစင်အောင် ရွာရိုးကိုးပေါက်လျှောက်ကာ တအိမ်ဝင် တအိမ်ထွက် လေ့လာ ဖတ်ရှု မှတ်သားရင်း ရွာထဲမှာ တိတ်တိတ်ဆိတ်ဆိတ်လေး လမ်းသလားနေခဲ့တဲ့ ဧည့်သည်တစ်ယောက်အဖြစ် ၂နှစ်နီးပါးလောက် ရှိနေခဲ့ဖူးပါတယ်။ တစ်ရွာလုံးက လူတွေ အတော်များများကိုလည်း ကိုယ့်စိတ်ထဲမှာ အတော်ကြီးကို ရင်းနှီးခင်မင် အကျွမ်းတ၀င်နဲ့ အားလုံးကိုသိနေခဲ့ပါတယ်။ ကိုယ့်စိတ်ထဲက တရင်းတနှီး ခင်မင်နေတာကိုတော့ ကာယကံရှင်များက မသိနိုင်ကြပါဘူး။ အဲဒါက ဥပမာပြောရရင် ကိုယ်နှစ်သက်အားပေးတဲ့ နာမည်ကြီး မင်းသမီး မင်းသားကို သိကျွမ်း မိတ်ဆက် စကားပြောဖို့ မကြိုးစားပဲ အဝေးကနေ တိတ်တဆိတ် အားပေးနေတဲ့ ပရိသတ်တစ်ယောက် အဖြစ်မျိုးပါပဲ။

မြန်မာဘလော့ဂ်တွေကို စပြီးဖတ်ရှုဖြစ်ခဲ့တာကတော့
၂၀၀၉ နှစ်ဝက် လွန်ပြီးလောက်ကျမှပါ။ ဒီ့အရင်ကတော့ ကလေးငယ်သေးလို့ အချိန်မပေးနိုင်တာရယ် ကိုယ်လုပ်နေတဲ့ အချိန်ပိုင်းအလုပ်တဖက်နဲ့ မအားတာရယ် နောက် အိမ်မှာကလည်း လစဉ်မဟုတ်ပေမယ့် သုံးလေးလခြား ဆိုသလို မဟေသီ ရွှေအမြုတေနဲ့ လိုက်ဖ်စတိုင်လ် မဂ္ဂဇင်း စာအုပ်တွေကို ဆက်တိုက် ဖတ်ခွင့်ရနေခဲ့တာရယ်ကြောင့် ဖတ်စရာစာကို အင်တာနက်မှာ အထူးတလည် မရှာဖြစ်ခဲ့ပါဘူး။ အဓိကကျတဲ့ နောက်တခုကတော့ မအိမ်သူ စိတ်အစွဲပေါ့လေ စာဖတ်တယ်ဆိုရင် ကွန်ပျူတာစကရင်မှာ ဖတ်ရတာကို အားမရဖြစ်မိတာပါ။ Soft Copy ထက်ကို စာအုပ်ကိုင်ပြီးဖတ်ရတာမှ ပိုပြီးအားရပါးရရှိသလို ထင်မိတာကြောင့် စာအုပ်အမျိုးမျိုးတွေကိုပဲ ရှာပြီးရနိုင်သလောက် ဖတ်နေဖြစ်ခဲ့တာနဲ့ ဘလော့ဂ်တွေဘက်ကို ခြေဦးမလှည့်မိခဲ့ဘူး။ အင်တာနက်မှာတော့ ဧရာဝတီ မဇ္ဈိမ မိုးမခ စတဲ့
သတင်းဝက်ဘ်ဆိုက်တွေလောက်နဲ့ ပလန်းနက်၊ မြန်မာပီးပဲလ်မဂ္ဂဇင်း၊ မြန်မာကျူးပစ် တို့လောက်ကိုသာ တခါတလေ ကြုံတဲ့အခါလောက် ရောက်ဖြစ်ပြီး အနည်းအကျဉ်း ဖတ်ဖြစ်တာရယ် နောက် ရွှေစကားအီးဘွတ်ခ် ကနေ ဖတ်ချင်တဲ့ စာအုပ်လေးတွေ ဒေါင်းပြီးဖတ်တာမျိုးရယ်လောက်ပဲ ရှိခဲ့ပါတယ်။ ၂၀၀၉ လောက်မှာတော့ မဂ္ဂဇင်းတွေ အသစ်ထပ်မရနိုင်တော့ဘဲ တခြားဖတ်စရာ စာအုပ်တွေလည်း ကုန်သလောက်ဖြစ်လာတော့ စာဖတ်ရမှ နေသာထိုင်သာရှိတဲ့ မအိမ်သူလည်း စာငတ်စပြုလာပါတော့တယ်။ အဲဒီတော့မှပဲ စာမဖတ်ရမနေနိုင်တဲ့ ရောဂါနဲ့ အင်တာနက်ကို စမွှေဖြစ်ပြီးတော့ ဘလော့ဂ်တွေကို စဖတ်ဖြစ်သွားခဲ့တာပါ။

ပထမဦးဆုံး စဖတ်ဖြစ်တဲ့ ဘလော့ဂ်နှစ်ခုက ကောင်းကင်ပြာ  နဲ့ နိုင်းနိုင်းစနေ  ဘလော့ဂ်တွေပါ။ နိုင်းနိုင်းစနေရဲ့ စာတွေကတော့ ဘလော့ဂ်တွေ မဖတ်ခင်ကတည်းက Forward Mail တွေကနေ အမြဲတမ်းဖတ်နေခဲ့ရပါတယ်။ နောက်ဆက်တွဲ ရှာဖွေဖတ်ရှုမိတဲ့ ဘလော့ဂ်ကတော့ ကိုအောင်ရဲ့ ပျူနိုင်ငံ ပါပဲ။ အဲဒီလို စဖတ်ဖြစ်ခဲ့တဲ့အချိန် ကတည်းက ပျူနိုင်ငံဘလော့ဂ်ကို ပို့စ်အသစ်တင်တိုင်း သွားသွားဖတ်ဖြစ်ခဲ့တာ ဒီကနေ့အထိပေမယ့် ထူးထူးခြားခြား တစ်ကြိမ်ကလွဲလို့ တစ်ခါမှ ကွန်မန့်မရေးဖြစ်ခဲ့ပါဘူး။ ကွန်မန့်ရေးဖြစ်သွားရတဲ့ အကြောင်းကလဲ ပို့စ်အသစ်တင်တာတွေ့လို့
ဘလော့ဂ်ကိုဝင်လိုက်ရင် ပို့စ်မှာရေးထားသမျှ ဘာစာမှဖတ်လို့မရပဲ အီဂျစ်က ပိရမစ်တွေထဲမှာ တွေ့ရတတ်တဲ့ ရှေးဟောင်း အရုပ်စာတွေလိုသာပေါ်နေပြီး
ကွန်မန့်ကို ၀င်လိုက်တဲ့အခါကျတော့ ရေးလို့လဲရသလို ကွန်မန့်အားလုံးကိုလည်း ဖတ်လို့ရနေတာနဲ့ အဲဒီလိုဖြစ်နေကြောင်းကို ကွန်မန့်မှာ ရေးထားခဲ့မိတာပါ။ ကိုအောင်ကလဲ အဲဒီလိုရေးခဲ့တဲ့ ကွန်မန့်ကို သူ့ဖက်ကဖြစ်တာမဟုတ်ကြောင်းနဲ့ မအိမ်သူရဲ့ ကွန်ပျူတာ တခုခုဖြစ်နေလို့ ဖြစ်တာဖြစ်ပါလိမ့်မယ်လို့ ကွန်မန့်ပြန်ပေးခဲ့ပါတယ်။ အဲဒါဘာကြောင့်မှန်းမသိပေမယ့် အဲဒီအချိန်တုန်းက တခြားဘလော့တွေကိုဝင်သမျှ ဘာမှမဖြစ်ပဲ ပျူနိုင်ငံဘလော့ဂ် တစ်ခုတည်းကို ၀င်မှဖြစ်တာမို့ တကယ့်ကို မှတ်မှတ်ရရပါပဲ။ (သရဲအကြောင်း သွားဖတ်လို့ အင်တာနက်က သရဲခြောက်လိုက်တာနေမှာ..း P) နောက်၂ရက်လောက်နေတော့ သူ့အလိုလို ပြန်ကောင်းသွားပြီး ပို့စ်တွေအားလုံးကို ပြန်ဖတ်လို့ရသွားပါတယ်။း)

အဲဒီနောက်မှာ ပျူနိုင်ငံရဲ့ ဘလော့ဂ်လင့်တွေကတဆင့် ထပ်ရောက်သွားပြီး အမြဲတမ်းအားပေး ဖတ်ရှုဖြစ်ခဲ့တဲ့ ဘလော့ဂ်တွေကတော့ အတော်လေးစုံပါတယ်။ နိုင်ငံရေးဆိုဒ်တွေ အပါအ၀င် အခြားသော ဘလော့ဂ်တွေ အများကြီးပါပဲ။ အဲဒီမှာလဲ မှတ်မှတ်ရရ ပထမဦးဆုံး လင့်ကနေ ရောက်သွားဖြစ်တဲ့ဘလော့ဂ်က ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်း  ဘလော့ဂ်ပါ။ ရွှေရတုမှတ်တမ်းက အဲဒီတုန်းက ဘလော့ဂ်အသစ်ဖြစ်ပြီး စရေးတာ ရက်ပိုင်းပဲရှိသေးတဲ့ ဘလော့တစ်ခုပေါ့။ မှတ်မိသလောက် စဖတ်ဖြစ်တဲ့ပို့စ်က နယ်ဖက်မှာ ဖီးလ်ဆင်းတော့ ညဘက် အိမ်ခေါင်မိုးပေါ်က မှင်စာလေးလားမသိဘူး ဆင်းလာပြီး နှောင့်ယှက်တဲ့အကြောင်းကို ရေးထားတာ။

နောက်ထပ်တွေ့တဲ့ဘလော့ဂ်ကတော့ ရွှေသော့ပုံလေးနဲ့ ကိုဇော် ရဲ့ဘလော့ဂ်ပါပဲ။ သူ့ဘလော့ဂ်ကို စ၀င်ပြီး ဖတ်မိတဲ့အချိန်မှာ စာရေးသားပုံက သူလိုကိုယ်လိုမဟုတ်ပဲ နဲနဲထူးခြားတာကို သတိထားမိသလို ဒီစာရေးတဲ့သူက သူများနဲ့မတူတဲ့ အမြင် ရှုထောင့်မျိုးတွေကနေ တော်တော် မြင်တတ် တွေးတတ်ပြီး စာတွေလည်း အတော်ရေးနိုင်ပါလား ဆိုတာလဲတွေးမိပါတယ်။ အဲဒီတုန်းကများ တရက်ကို ပို့စ် ၂ပုဒ် ၃ပုဒ်တင်တာ ဖတ်တဲ့လူတောင် မှီအောင် မနည်းကြီးကို လိုက်ဖတ်ရပါတယ်။ ပြီးတော့ ပို့စ်တွေကလည်း အရှည်ကြီးတွေ ဖြစ်တဲ့အပြင် အကြောင်းအရာတွေကလည်း အတော့်ကိုစုံလင်ပါတယ်။ သူ့ဆိုက်မှာ ပို့စ်တပုဒ်ဆို ဆိုသလောက် အားပါးတရဖတ်ရတဲ့အပြင် ဖတ်ပြီးသွားရင်လည်း ပြီးပြီးရောမဟုတ်ပဲ ခေါင်းထဲမှာတွေးစရာ တခုခုပါ ကျန်တတ်ပါတယ်။ အဲဒီလိုဖတ်ရင်းကနေ ကိုဇော်ရဲ့ ဘလော့ဂ်က လင့်တွေလည်း အတော်စုံတော့ အလိုလိုနေရင်း အခြားဘလော့ဂ်တွေ အားလုံးကို သွားဖတ်ဖို့ ဟုမ်းပေ့ဂ်ျလို ဖြစ်သွားပါတယ်။ အဲဒါနဲ့ နေ့တိုင်းလိုလို ကိုဇော်ဘလော့ဂ်ကို အရင်ဆုံးဖွင့်ဖတ်ပြီးရင် တခြားဘလော့ဂ်တွေကို အဲဒီမှာရှိတဲ့ လင့်တွေကနေတဆင့် တခုပြီးတခု ကလစ်နှိပ်ပြီး သွားဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီလို ဖတ်လာခဲ့တာ “ဘလော့ဂါများရဲ့ပို့စ်များ” ဘလော့ဂ်ကို ကိုဇော်စလုပ်တဲ့အချိန်ထိပါပဲ။ အဲဒီကျတော့မှ ဘလော့ဂ်ဖတ်တဲ့ ဟုမ်းပေ့ဂ်ျပြောင်းသွားတာပါ။

အဲဒီလိုနဲ့ တောက်လျှောက် ဖတ်ခဲ့ဖူးတဲ့ ဘလော့ဂ်တွေက အတော်လေးစုံပါတယ်။ ဖတ်ဖြစ်ခဲ့တဲ့ ဘလော့ဂ် လက်ဟောင်းများကို မှတ်မိသလောက် ပြောရရင် မိုးချိုသင်း၊ မနော်ဟရီ၊ ဆရာမမေငြိမ်း၊ မကေ၊ သိင်္ဂီနွယ်၊ မယ်ကိုး၊ ကိုချစ်ဖေ၊ ကလူသစ်၊ ကိုလူထွေး၊ ညီလင်းဆက်၊ မန်းကိုကို၊ ဘလော့ဂါမောင်မိုး၊ ဏီလင်းညို၊ မြစ်ကျိုးအင်း (နာမည်က ထူးဆန်းလို့ ၀င်ကြည့်မိရာက စာအရေးကောင်းတဲ့ ဘလော့ဂ်တခုအဖြစ် အမြဲလို သွားဖတ်ဖြစ်သွားတယ်။ ပွဲဈေးတွေ ပွဲခင်းတွေ အငြိမ့်တွေ ဇာတ်စင်တွေအကြောင်း စိတ်ဝင်စားဖွယ် ဖတ်ရတာလဲ သဘောကျတယ်။ အ၀တ်လျှော်စက်ထဲက ပုရွက်ဆိတ်လေးတွေ ကမ္ဘာပျက်သွားတာတော့ အခုထိ မမေ့နိုင်သေးဘူး။)၊ မငယ်နိုင်၊ မခင်ဦးမေ၊ မသက်ဝေ (သာမန် ရိုးရိုးရှင်းရှင်း အကြောင်းလေးတွေကို မထင်မှတ်ထားတဲ့ ပုံစံမျိုးလေးနဲ့ ဖတ်တဲ့သူကို နစ်ဝင်သွားစေတဲ့ အက်ဆေးလေးတွေကို ဖွဲ့တတ်လို့ အမြဲသွားဖတ်ဖြစ်ခဲ့တာ)၊ မချစ်ကြည်အေး (စာလေးတွေဖတ်ရတာ ပေါ့ပေါ့ပါးပါး ရွှင်ရွှင်လန်းလန်းနဲ့ပေမယ့် နောက်ကွယ်က လေးနက်တဲ့ အကြောင်းအရာလေးတွေကို သတိပြုမိအောင် လှလှပပလေး ရေးတတ်တာကို သဘောကျတာ)၊ မရွှေစင်ဦး (မအိမ်သူရဲ့ စာအုပ်စင်ကြီးပါပဲ)၊ နဗန၊ စက်တင်ဘာရဲ့ကောင်းကင်၊ မမေဓါဝီ (နာမည်ကိုစိတ်ဝင်စားရာကနေ စာတွေကိုပါစွဲသွားတော့တာပဲ။ မြန်မာစာ စစ်စစ်ကြီးတွေကို ဖတ်ရတာ အားရပါးရရှိတယ်)၊ သူကြီးမင်းကိုကိုမောင် (တုံးဖလားရွာက အဖြစ်အပျက်တွေကို သဘောကျလို့ သွားသွားဖတ်တာ)၊ ကဘူးလ်က ကိုမောင်မောင်ဘလော့ဂ်၊ သစ်နက်ဆူး၊ တေဇာရဲ့လရောင်လမ်း (အက်ဆေးတွေကိုကြိုက်လို့ သွားသွားဖတ်ဖြစ်တယ်။ ကဗျာတိုလေးတွေကောပဲ။)၊ ကိုပေါရဲ့ပိတောက်ရိပ်၊ ဒေါက်တာစိုးမြင့်(မေ့ဆေး)ရဲ့ အာဖရိကရောက် မြန်မာတစ်ယောက်၊ ဆရာလေးသက်တန့်ချို၊ မကိကိ၊ မွန်းသက်ပန်၊ ကိုရင်နော်ခင်လေးငယ်၊ ၀ီရှီမီ၊ ခရေတွန်၊ မိုးမင်းဂျီး၊ လသာည၊ (အခုနေ၀သန်တဖြစ်လဲ) ဂျပန်ကောင်လေး၊ ဖိုးစိန်၊ တီတီဆွိ၊ မိုးခါး၊ နှင်းနဲ့မာယာ၊ ရွှေပြည်သူ၊ မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) (စပါးကြီးမြွေဖမ်းတဲ့ပို့စ်ကနေ စဖတ်မိတာပေါ့။)၊ မရှင်လေး၊ ဖြိုးဖြိုးလှိုင်၊ နှင်းဆီတစ်ခင်းပန်းတစ်ခြင်း၊ သဒ္ဓါလှိုင်း၊ Sosegado၊ ကိုပီတာ၊ အဖြူရောင်နတ်သမီး၊ ချောရဲ့ အစိမ်းရောင်လွင်ပြင်၊ ပန်ဒိုရာ၊ အိမ့်ချမ်းမြေ့ရဲ့ သံစဉ်မဲ့အလင်္ကာများ (မှတ်မှတ်ရရ ဏီလင်းညိုဘလော့ဂ်ကနေ တဆင့်စရောက်ဖူးတာ)၊ မိုးငွေ့နှင့်အတူ၊ မိုးစက်ပွင့်၊ စန္ဒကူး၊ ညီလင်းသစ် (အတွေးလေးတွေ အဖြစ်အပျက်လေးတွေကို အခြေခံပြီး ကျိုးကြောင်းကျတဲ့ ဆက်စပ်အတွေးလေးတွေနဲ့ အရမ်းလှတဲ့ အက်ဆေးလေးတွေကို ရေးတတ်လို့ သတိထားမိပြီး ဖတ်ဖြစ်သွားတာ။)၊ မောင်မျိုးရဲ့ ကျွန်တော့်ဘ၀ဇာတ်ခုံ (ဘောင်းဘီရှေ့နောက်မှားတာကို သိုင်းပြောင်းပြန်နဲ့ လှည့်ဝတ်တဲ့ အတတ်ပညာကို လေးစားပါတယ်။ အခုထိကော ရေဖျန်းတဲ့ပိုက်နဲ့ အုန်းရေသောက်နေသေးလားမသိ… :P)၊ အလင်းစက်များ အစရှိတဲ့ ဘလော့ဂ်တွေ အများကြီးပါဘဲ။ ဒါတောင် စဉ်းစားလို့ရသမျှ မှတ်မိသလောက်ပဲ ရေးထားတာပါ။ မေ့နေလို့ ကျန်သွားတာတွေလည်း ရှိနေပါသေးတယ်။ ဒီထဲက တစ်ချို့ကတော့ အခုနောက်ပိုင်း ဆက်ရေးတာ မတွေ့ရတော့ပါဘူး။ အစားအသောက် ချက်တဲ့ပြုတ်တဲ့ ဘလော့ဂ် အတော်များများကိုလည်း မကြာမကြာ ရောက်တတ်ပါတယ်။

အဲဒီဘလော့ဂ်လက်ဟောင်းတွေကို ဖတ်ရင်းနဲ့ ဘလော့ဂ်လက်သစ်တွေ စတွေ့တဲ့အထဲမှာ ရွှေရတုမှတ်တမ်းဘလော့ဂ်ကနေ ဆရာဦးဟန်ကြည်ရဲ့ အတွေးစလေးတွေကို စရောက်သွားပါတယ်။ နောက်ထပ်ပြီး အမြဲလိုသွားဖတ်ဖြစ်တဲ့ ဘလော့ဂ်များကတော့ အခုကိုညိမ်းနိုင်လို့ နာမည်ပြောင်းသွားတဲ့ ကိုမောင်လေးရဲ့ မျောလွင့်တိမ်တို့နားခိုရာ၊ ဆင်တဲကဖေး၊ ဧရာဝတီစာကြည့်တိုက်၊ မဗေဒါရဲ့ဗေဒါလမ်း၊ မိုးယံရဲ့ လူသားအားလုံးအတွက်၊ နေဇော်လင်း၊ အင်္ဂဟူးရဲ့မျှဝေမှုတို့စုစည်းရာ၊ မိုးပန်းချီ၊ မြသွေးနီ၊ ဦးအောင်သင်း၊ ဦးဘုန်း(ဓါတု-မန္တလေး)၊ ငွေလမင်း၊ အေအေတီအို၊ အပြုံးပန်း၊ ခနွဲ၊ လပြည့်ရိပ်၊ ရို့စ်ရဲ့ ကျမဘ၀ရဲ့ အမှတ်တရနေရာလေးတခု၊ အိန်ဂျယ်လှိုင်၊ အမှတ်တရနေ့စွဲများ၊ ကြည်ကြည်ရဲ့ဒိုင်ယာရီ၊ ခရစ္စတယ်လ်ရဲ့ ဘ၀ရဲ့စာမျက်နှာများ (Bliss of us ကိုလည်း တခါတခါ ရောက်တယ်။)၊ တမြေထဲက မောင်ငယ်နှစ်ယောက်ဖြစ်တဲ့ အနီးဆုံး နဲ့ ကိုထွဋ်၊ မေသိမ့်သိမ့်ကျော်၊ မင်းဧရာ၊ ဖြိုးမောင်မောင်ရဲ့ ရေးမိရေးရာ အဖြာဖြာ၊ ကဗျာတွေမနားတမ်းရေးနိုင်တဲ့ တောင်ကြီးသူညီမငယ် မစံပယ် (အိမ်လည်း အတော်နှံ့နှံ့စပ်စပ် လည်နိုင်ပါတယ်)၊ မြစ်ဆုံ၊ ဒီဇင်ဘာမောင်မောင်၊ အတွေ့အကြုံတွေစုံသလို အစားအသောက်တွေ ချက်တာလည်းဝါသနာပါတဲ့အပြင် ဘလော့ဂ်တိုင်းကိုလည်း ရောက်အောင်သွားပြီး ဆုတောင်းလေးနဲ့ ကွန်မန့်ပေးတတ်တဲ့ ခင်ဖို့ကောင်းတဲ့ အန်တီတင့်၊ Mon Petit Avatar (ဟိုးအရင်တည်းက ရောက်ခဲ့ဖူးတဲ့ ဘလော့ဂ်တွေမှာ ကွန်မန့်ပေးပေးနေတာ တွေ့ဖူးနေပေမယ့် မဂျီးတော်တို့ မစည်းစိမ်တို့ မမီးငယ်တို့လို ဘလော့ဂါတွေနဲ့ ရင်းနှီးနေတဲ့ ဘလော့ဂ်ဖတ်သူ တယောက်လို့ပဲထင်ခဲ့မိဖူးတယ်။ ကိုယ်ပိုင်ဘလော့ရှိမှန်းကို လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သိပြီး သွားဖတ်ဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာ ဘလော့ဂ်လေးတခုပါ)၊ ခင်မောင်ချင်း(ချင်းကလေး)၊ ကြယ်လွမ်းသူ၊ မဒမ်ကိုးနဲ့ ကိုရင်သာပျော့ … အများကြီးပါပဲ။ ရောက်ဖြစ်ပြီး နာမည်မပါတဲ့ ဘလော့ဂ်များလည်း ရှိနိုင်ပါသေးတယ်။ ဒါက လက်လှမ်းမှီရာ သတိရသလောက်ကိုသာ ရေးချလိုက်တာပါ။ မအိမ်သူမရောက်ဖူးသေးတဲ့ ဘလော့ဂ် အသစ်အဟောင်းတွေလည်း များစွာရှိနေပါသေးတယ်။ နောက်ထပ်ပြီးတော့ နေ့စဉ်နဲ့အမျှ ဘလော့ဂ် အသစ် အသစ်တွေ ထပ်ထပ်တိုးလာနေတာကိုလည်း တွေ့နေရပါတယ်။ ဘလော့ဂ်ရွာကနေ မြို့တော်ကြီးတမျှ ဖြစ်လာနေပါပြီ။ ဘလော့ဂ်တွေကလည်း အကြောင်းအရာအမျိုးမျိုးနဲ့ အတွေး အမြင် အသိပညာ အတတ်ပညာ ဘာသာရေး စီးပွားရေး လူမှုရေး နိုင်ငံရေး ချက်ရေးပြုတ်ရေး ဘယ်ဖက်ကမှ မလွတ်ရအောင် ဖတ်စရာ မှတ်စရာ အသိအလိမ္မာ တိုးစရာ လေ့လာကျင့်သုံးစရာတွေကို ဝေမျှပေးနေကြတာ တကယ်ကိုအားရစရာပါ။ ယူတတ်မယ်ဆိုရင် သုံးမကုန်နိုင်တဲ့ ရတနာသိုက်ကြီးလိုပါပဲ။

မအိမ်သူကတော့ တစ်ရက်စာမဖတ်လိုက်ရရင် တနေ့တာမပြည့်စုံဘူးလို့ထင်တဲ့ စာဖတ်သမားသက်သက်ပါ။ ဘလော့ဂ်တွေလည် စာလိုက်ဖတ်ပြီး ခြေရာမချန် ကွန်မန့်မပေးတတ်ပဲ တိတ်တဆိတ်လေး ပြန်လာတတ်တဲ့ ကန့်လန့်ကာနောက်ကွယ်မှာပဲ နေချင်တတ်သူပါ။ မရည်ရွယ်ပါပဲ လုပ်ဖြစ်သွားတဲ့ ဘလော့ဂ်လေးမှာ စာရေးနိုင်ဖို့အတွက်ကိုတော့ အတော်လေးကို အားထုတ်ရပါတယ်။ စာရေးဖို့အတွက် စာတွေအများကြီး ပိုဖတ်ရသလို စာရေးဖို့အချိန်ကိုလည်း မအားတဲ့ကြားက ကြိုးစားပြီး အချိန်တွေလုရပါတယ်။ ကိုယ့်ရဲ့ တာဝန်တွေ ၀တ္တရားတွေ အလုပ်အကိုင်တွေ လူမှုရေး မိသားစုအရေးတွေကို ဘလော့ဂ်ရေးတာကြောင့် အပျက်ကွက် အထိခိုက်မခံချင်သလို စာတွေကိုလည်း ပို့စ်ဖြစ်ပြီးရော တာဝန်ကျေရေးတာမျိုး မလုပ်ချင်တတ်တဲ့စိတ်ကြောင့် ရေးမိသမျှလေးတွေကိုတော့ ကြိုးစားပြီး တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ရေးချင်တဲ့စိတ်နဲ့ စာတစ်ပုဒ်ဖြစ်လာဖို့အတွက် အချိန်တွေ အများကြီးကိုလည်း ရင်းနေခဲ့ရပါတယ်။ အဲဒီလို နှစ်ခုလုံးကို အကောင်းဆုံးဖြစ်စေချင်တဲ့ စိတ်ဆန္ဒနှစ်ခုကြားမှာ တခါတလေ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ညှိနှိုင်းမရတဲ့ အဖြစ်မျိုးတွေနဲ့ နပန်းလုံးရတာ မအိမ်သူအတွက် သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ဘလော့ဂ်လေးလုပ်ဖြစ် သွားတဲ့အတွက်ကြောင့် အရင်က ကိုယ့်စိတ်ထဲမှာပဲ ကိုယ့်ဟာကိုယ် တဖက်သတ် ရင်းနှီးနေခဲ့တဲ့ နိုင်ငံပေါင်းစုံက အခြားဘလော့ဂါများနဲ့ သိကျွမ်းခင်မင်ခွင့်ရတာကတော့ တကယ့်ကို ၀မ်းသာရပါတယ်။ တဦးနဲ့တဦး မမြင်မတွေ့ဖူးကြဘဲ ဘလော့ဂ်မှာရေးသားထားတဲ့ စာလေးတွေကတဆင့် စာရေးတဲ့သူကို စိတ်ကူးပုံဖေါ်ကြည့်ပြီး ခင်ရတာပေမယ့် စိတ်ထဲမှာတော့ တရင်းတနှီးရှိလှတာ အမှန်ပါပဲ။ အပေါင်းအသင်း နယ်ပယ်ကျယ်လာပြီး မိတ်သစ် ဆွေသစ်တွေ တိုးပွားလာတယ် ဆိုတာကိုက မင်္ဂလာတပါးပဲ မဟုတ်လား။ ဘလော့ဂ်ဒေးမှာ ဘလော့ဂါအပေါင်း ကျန်းမာ ရွှင်လန်းစွာနဲ့ ရှေ့ဆက်ပြီးတော့ မိမိနှစ်သက်ရာ စာလေးများကို ဆက်လက်ရေးသားပြီး ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်ရှင်။

ဘလော့ဂ်ဒေးအတွက် မိတ်ဆက်ပေးချင်တဲ့ ဘလော့ဂ်လေး ငါးခုပါ။







အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

25 comments:

သဒ္ဓါလှိုင်း said...

Happy Blog Day ပါအမ.။
ဘလော့စာမျက်နှာပေါ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ အမနှစ်သက်မြတ်နိုးတဲ့ စာတွေနဲ့ပုံဖေါ်ခွင့်ရနိုင်ပါစေလို့ ဆုမွန်တောင်းပါတယ်။
ချစ်တဲ့
သဒ္ဓါ

Anonymous said...

Happy 3108 Day to you too, sis!
Mon Petit Avatar

Nyi Linn Thit said...

နောက်ကျတာဟာ လုံးဝမလာတာနဲ့ စာရင်တော့ တော်သေးတယ်လို့လည်း ဆိုရိုးရှိသေးတော့ အခုလို နောက်ဆုံးပိတ်မှာ အိတ်နဲ့လွယ်တဲ့ ပို့စ်လေး ဖတ်ရတာ တကယ်ပဲ ဝမ်းသာပါတယ်၊း) မအိမ်သူက ဘလော့ဂ်မရေးခင် ကတည်းက ၂ နှစ်လောက်နီးပါး စာတွေ လည်ဖတ်ခဲ့လို့ ထင်ပါရဲ့..၊ သိတဲ့ဘလော့ဂ်တွေ တကယ့်ကို အများကြီးပဲ..၊ ဘလော့ဂ်တွေ အများကြီး ဖြစ်လာတာဟာ ပုံနှိပ်မီဒီယာနဲ့ ဝေးနေတဲ့ ကျနော်တို့လို လူတွေအတွက်တော့ ရွှေဥတွေ အများကြီး ဥပေးတဲ့ ငန်းအုပ်ကြီးကို တွေ့ထားသလို ပါပဲ၊ ကိုယ်ပိုင်ဘဝနဲ့ ဘလော့ဂ်ကြားမှာ ဟန်ချက်ညီညီ ထားရင်း ရှေ့လျှောက် စာတွေ ဆက်ရေး နိုင်ပါစေဗျာ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်ရွှင်သော ဘလောဂ့်ဒေးပါနော်
စာဖတ်အားကောင်းတဲ့ မအိမ်သူ စာတွေလည်း အများကြီးဖတ်နိုင်ပါစေနော်
ရှေ့ဆက်ပြီး ပျော်ပျော်ရွှင်ရွှင် စာတွေရေးနိုင်ပါစေ
ခမာတွေအကြောင်းနဲ့ ဟင်းကောင်းကောင်းလေးတွေအကြောင်းလည်း တင်ပါဦးလို့

Angelhlaing(May everybody be happy and healthy! said...

Happy blog day ပါမမ :):)
အကိုညီလင်းသစ်ပြောသလိုပဲလို့ ..အဟီးး:P
မမရေ ကျေးဇူးပါလို့...
အစဉ်အမြဲအားပေးလျှက်..

KMC@ချင်းလေး said...

အင်းးဘယ်လိုပြောရမလဲမသိတော့ပါ...။စာပေနဲ့နှစ်များစွာရင်းနီးလာခဲ့ပြီး စာမဖတ်ရရင်အိပ်မပျော်တတ်တဲ့စာဖတ်နာတဲ့အစ်မကြီးဆိုတာသိရတော့
လေးစားအားကျမိသွားပါတယ်။ကျနော်တို့လို Small Virus တွေကိုကျကျနနသွန်သင်ပေးပါလို့...။ (အတုယူလေးစားနေသူ..KMC)

Anonymous said...

HAPPY BLOG DAY!!!!!!sis......Go on.
blog reader
Gyidaw

Anonymous said...

Happy Blog Day ပါ ညီမရေ
နှစ်ပေါင်းများစွာ ပျော်ရွှင်စွာနဲ့ စာတွေရေးနိုင်ဖတ်နိုင် ပါစေ

ရွှေစင်ဦး

ခရစ္စတလ် said...

ချမ်းမြေ့ပါစေ အစ်မရေ

jasmine(တောင်ကြီး) said...

Happy Blog Day ပါအမရေ
နောင်လဲဒီထက်မက စာတွေရေးနိုင်ပါစေ
ထာဝရ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများ
စွာနဲ့အတူ စာပေများနဲ့ ဘ၀ကိုဖြတ်သန်းနိုင်ပါစေ။။
မျက်စိနောက်ဖို့ပြင်ထားနော်
စိတ်ညစ်နေလို့ နေ့တိုင်းလာလည်မယ်
ချစ်ချင်တဲ့ jasmine

နေ၀သန် said...

ဘလော့ခ်ဒေးလေးတောင် ရက်ကျော်သွားပြီ.. ခုမှ လာဖြစ်တယ်.. အစ်မရေ..း)).. ပျော်ရွှင်ပါစေ...


ခင်မင်လျက်
နေ၀သန်

မိုးငွေ့...... said...

မအိမ်သူက အသိပိုများနေတယ်....း)

ကိုဇော် said...

အရင်တုန်းကလို ရေးဖြစ်ဖို့ ဆိုတာ အချိန်မအားလပ်မှုကြောင့် တကယ်ကို မလွယ်တော့ဘူး ထင်တယ် မအိမ်သူရေ။
ဒါပေမဲ့ အခုလို မှတ်မှတ်ရရ ရှိသူတွေကို တွေ့ရတော့ ပြန်လည်လန်းဆန်းပြီး အားတတ်မိပါတယ်။
ထပ်ဆင့်ပေးတဲ့ ဘလော့လင့်လေးတွေ အတွက် ကျေးဇူးပါ။

ဟန်ကြည် said...

မအိမ်သူက ကျွန်တော့်ထက်ကို အွန်လိုင်းမှာ စာတွေပိုဖတ်တာကိုး...ကျွန်တော်တော့ offline က စာအုပ်တွေ တပုံတပင်ဖြစ်နေတာနဲ့တင် အွန်လိုင်းမှာ တစ်ခါတစ်ခါ စာဖတ်အားနည်းတယ်...ဒီဘက်ရောက်ပြန်တော့ အွန်လိုင်းမှာ စာဖတ်များလာပြန်တော့လည်း ၀ယ်ထား သိမ်းထားတဲ့ စာအုပ်တွေကို အားနာရလောက်အောင် ဖြစ်နေပြန်ရောအစ်မရေ..ဒါပေမယ့် အီးဘွတ်တွေဖတ်ရတာ မျက်စိထိတာကြောင့် တစ်ခါတစ်လေတော့လည်းစိတ်ညစ်တယ်...kindle လေးတစ်ခုလောက် ၀ယ်ချင်ပေမယ့်လည်း ဖွတ်ကလိဒင်္ဂါးကို ခြွေတာနေရတာနဲ့ အဲဒီဘက်လည်း မလှည့်နိုင်သေးပါဘူးဗျာ...တစ်ခါတစ်ခါများ အလုပ်တစ်ဖက် ဖတ်စရာ စာတွေ တစ်ပုံတစ်ပင်နဲ့ ဆိုတော့ တစ်ရက်ကို ၂၄ နာရီက နည်းတယ်ထောင် ထင်မိသေးတယ်...အစစ အဆင်ပြေပါစေ အစ်မရေ...

လသာည said...

အစ်မ..
ဘလော့ဂါအများကြီးကို မိတ်ဆက်ပေးထားတာပဲ နော်။ ဘလော့ဒေးအမှတ်တရ ပိုစ်အတွက်ကျေးဇူးတင်ပါတယ်..

မေသိမ့်သိမ့်ကျော် said...

အစ်မရေ ဘလော့ဒေးအတွက် အမှတ်တရဖြစ်စေတဲ့ ပို့စ်လေးဖတ်သွားပါတယ်။ သတိတရ လေး ရှိနေလို့ ကျေးဇူးပါနော်။

ခင်တဲ့
မေသိမ့်

ညိမ်းနိုင် said...

ဘယ်ကဘယ်လို ကျန်ခဲ့လည်းမသိပါဘူးအစ်မရာ...၊ဘလော့
ဒေးပို့စ်တွေကို လက်မလွတ်စတမ်းလိုက်ဖတ်နေရင်းကကို
အစ်မပို့စ်ကျမှ ကျန်ခဲ့ပါရောလား....:(...ကိုညီလင်းသစ်
ပြောသလိုပဲ နောက်ကျတာက လုံးဝမရောက်တာထက်
တော့တော်ပါသေးရဲ့နော်...:))) 3108 ဘလော့ဒေးမှသည်
နောင်နှစ်ပေါင်းများစွာ...အစ်မမအိမ်သူတစ်ယောက် ပျော်
ရွင်ချမ်းမြေ့စွား ဘလော့ဂင်းနိုင်ပါစေသောဝ်.....၊နောက်
ကျဆုတောင်းလေး ဆုတောင်းပေးသွားတယ်ဗျိုး.....:)))

မောင်မျိုး said...

ဟဟား ကျနော့်ကို မှတ်မိနေတာ အဲ့ပို့လေးနဲ့ပေါ့လေ ရှက်ထှာာား))

အမှတ်တရလေး ရှိနေတာပဲ ကျေးဇူးဗျ ကျနော်လည်း အစ်မ နာမည်ကို ဆီပုံးလေးမှာတွေ့ကတည်းက ထူးထူးခြားခြားလေးမှတ်မနေတာ ဘာကြောင့် လဲဆိုတာ သိချင်ရင်တော့ ပြောပြမယ် နောက်တော့း:P

မြစ်ကျိုးအင်း said...

ကျနော်လည်း စာဖတ်သူ ဘဝကနေ ဘလော့လောကထဲ ရောက်လာတာပါပဲ။
ကိုနဗနနဲ့ ကိုမင်းဒင် စာတွေ စစဖတ်ရတဲ့ ညမှာ တညလုံးထိုင်ဖတ်ပစ်တာ။ နောက်ထပ် ညတိုင်းလည်း အသစ်တင်လား ဝင်ဝင်ကြည့်တယ်။
အဲဒီလိုနဲ့ ဘလော့ဆိုတာကို ရင်းနှီးပြီး မထင်မှတ်တဲ့ အလှည့်အပြောင်းတခုမှာ ဘလော့ဂ်လေး လုပ်ဖြစ်ခဲ့တယ်။
ဒီလောကထဲ ရောက်လာတော့လည်း ခင်တွယ်ပြီး ဆက်နေဖြစ်တာ အခုထိပါပဲ။ ဆက်လက်ပြီး မအိမ်သူလည်း ပျော်ပျော်ရွှင် စာတွေရေးရင်း ဘလော့ဂင်းနိင်ပါစေ။

အလင်းသစ် said...

ဖတ်ခဲ့ပါတယ် အမတော်ရေ...

Anonymous said...

သေသေချာချာ နှံ့နှံ့စပ်စပ်နဲ့ ဘလော့ဂ်အားလုံးကို ဖတ်ပြီး ရင်းနှီးနေတဲ့ အစ်မအိမ်သူပဲး)ရေးပေးတာ ကျေးဇူးနော်။
rose

မယ်ကိုး said...

အစ်မအိမ်သူ အမြဲပျော်ရွှင်စွာ စာတွေအစဉ်ရေးနိုင်ပါစေလို့...
ချစ်ခင်စွာဖြင့်
မယ်ကိုး

...အလင်းစက်များ said...

ရေးလိုက်တာ စုံအောင်ပါသွားတာပဲဗျာ.... မအိမ်သူရေ... ကျနော်လည်း ဘလော့လေး လုပ်မိခဲ့တာ ကို ခုချိန်ထိ ဂုဏ်ယူနေပါတယ်ဗျာ။ နိုင်ငံတကာက မိတ်ဆွေတွေရတယ်။ နိုင်ငံတွင်းမှာ တနယ်စီမို့  မဆုံနိုင်ကြပေမယ့် ဘလော့စာမျက်နှာမှာ လာဆုံမိကြာတာမို့  အရမ်းကို ပီတိဖြစ်မိပါကြောင်းဗျာ

မဒမ်ကိုး said...

နှိပ်စက်မလို့လာတာ သနားလို့ပြန်လှည့်သွားတယ်မှတ်ပါ ချစ်မမ .း)

အိမ့်ချမ်းမြေ့ said...

ဘလောဂ်မိတ်ဆွေသစ်တွေရဲ့ လင့်ခ်တွေတွက်ပါ ကျေးဇူးတင်ပါတယ်...း)

Related Posts Plugin for WordPress, Blogger...