Sunday, August 21, 2011

မိတ်ဆွေဖြစ်ရတာ ၀မ်းမြောက်စရာ…

လောကကြီးမှာ လူရယ်လို့ဖြစ်လာပြီဆိုရင် သဘာဝတရားအရ တစ်ဦးတည်း တစ်ယောက်တည်း ရှင်သန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မိဘ ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းအသင်း သူငယ်ချင်း ဆိုတာများဟာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ လူ့သဘာဝအရ တစ်ကိုယ်တည်း ရှင်သန်ဖို့ မဖြစ်နိုင်တဲ့ အကြောင်းတရားတွေ အများကြီး ရှိနေခဲ့ပါတယ်။ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဖြစ်ခဲ့ရင်သာနေမယ် လူ့အသိုင်းအ၀ိုင်းနဲ့တော့ ဘယ်လိုအကြောင်းကြောင့်မှ ကင်းကွာပြီး နေလို့မရနိုင်ပါဘူး။ အဲဒီလို လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းထဲမှာ ကျင်လည်နေထိုင် ကြရတဲ့အခါ နေ့စဉ်နဲ့အမျှ လူသားတွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး အကြောင်းအမျိုးမျိုးနဲ့ ထိတွေ့ ဆက်ဆံ ပေါင်းသင်းကြရာကနေ  ခင်ရာမင်ရာ မိတ်ဆွေ ဖေါ်သဟာ သူငယ်ချင်းများ ဖြစ်ကြရပါတော့တယ်။

အမှန်တော့ မိတ်ဆွေ သူငယ်ချင်း ဆိုတာဟာ လူတိုင်းအတွက် ဘုရားသခင်ပေးတဲ့ ဆုလာဒ်လို့ ပြောလို့ရသလို သဘာဝကပေးတဲ့ လက်ဆောင်လဲဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးအကြား ရင်းနှီးချစ်ခင်မှုတွေ ရှင်သန် တိုးပွားလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး ကူညီယိုင်းပင်းကြရင်း၊ တစ်ဦးအခက်အခဲကို တစ်ဦးကလက်တွဲလို့ ဖြေရှင်းကြရင်း တသက်တာအတွက် ခင်မင်တွယ်တာစရာ၊ အပြန်အလှန် လေးစားချစ်ခင်စရာ မိတ်ကောင်း ဆွေကောင်းတွေ တိုးပွားလာတတ်ကြတယ် မဟုတ်ပါလား။ အဲဒီလို လူ့လောက လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေကြားမှာ တစ်ဦးနဲ့တစ်ဦး ဖြူစင်တဲ့ မေတ္တာပေါ် အခြေခံလို့ ရင်းနှီးခင်မင်စွာနဲ့ တသက်တာ ယုံကြည်လက်တွဲသွားရမယ့် မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေအဖြစ် အပြန်အလှန် ရပ်တည်ခွင့်ရတာဟာ ဘယ်လောက်တောင် ကောင်းတဲ့အဖြစ်ပါလဲ။

သင်အလွန်ချစ်ခင်ရတဲ့၊ သင့်ဘ၀အတွက် အင်မတန် ယုံကြည် အားကိုးရတဲ့ မိတ်ဆွေ သူငယ်ချင်းများ သင့်အနားမှာ ရှိနေခဲ့ခြင်းအတွက် သင့်အနေနဲ့ ဘယ်လောက်ထိအောင် ကြည်နူး ၀မ်းမြောက်ဖြစ်ရခြင်းများကို ခံစားဖူးခဲ့ပြီလဲ…။ အဲဒီလို အပေါင်းအသင်း မိတ်ဆွေများနဲ့ ပတ်သက်တဲ့ ခံစားချက်လေးတွေ အဆိုအမိန့်လေးတွေကို စုစည်းရေးသားထားတဲ့ လက်တ၀ါးသာသာ စာအုပ်လေးတစ်အုပ်ကို ကြိုက်နှစ်သက်စွာ ဖတ်ရှုမိခဲ့ရာကနေ မိတ်ဆွေ သူငယ်ချင်းများကိုပါ မျှဝေ ခံစား ဖတ်ရှုစေချင်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာခဲ့မိပါတယ်။ အဲဒါကြောင့် မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများကို ပိုင်ဆိုင်ခွင့် ရခဲ့ခြင်းအတွက် ဖြစ်ပေါ်လာတဲ့ ကြည်နူးမှု ၀မ်းမြောက်မှု အစရှိသော ခံစားချက် အဖွဲ့အနွဲ့ အဆိုအမိန့် အရေးအသား ကလေးများကို ဟောလ်မာ့ခ် စာအုပ်တိုက်က စုစည်းပြီး ထုတ်ဝေခဲ့တဲ့ “So glad we’re friends (တို့များ မိတ်ဆွေဖြစ်ရတာ အလွန် ၀မ်းမြောက်စရာ)” ဆိုတဲ့ စာအုပ်ကလေးထဲက အကြောင်းအရာလေးတချို့ကို ကြိုးစားဘာသာပြန်ပြီး မူရင်း ရေးသားချက်ကလေးများနဲ့အတူ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Of all the lovely treasures
At the rainbow’s brilliant end,
One brings lasting pleasure:
A dear and trusted friend.
                             (Anonymous)

စွဲမက်မြတ်နိုးဖွယ်ရာ ရှိရှိသမျှ ရတနာတို့ရဲ့အမွန်
ရောင်စဉ်ဖြာကျ တောက်ပလှတဲ့ သက်တန့်ရောင်စုံတွေရဲ့ အလွန်မှာ
တသက်တာ ပျော်ရွှင် ကြည်နူးစရာတွေကို ယူဆောင်ပေးလာသူဟာ
တွယ်တာချစ်ခင် ယုံကြည်သက်ဝင်ရတဲ့ မိတ်ဆွေကောင်း တစ်ယောက်သာ…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

Good friends are like the evening shadows:
they increase in importance until the sun of life sets.
                          (after Johann Gottfried von Herder)

မိတ်ဆွေကောင်းတွေဟာ ညနေစောင်းရဲ့ အရိပ်တွေလိုပါပဲ။
ဘ၀ရဲ့နေ၀င်ချိန်တွေနီးလာလေ မိတ်ဆွေစစ်တွေရဲ့ အရေးပါမှုက တိုးပွားလာလေ…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

God chooses our relatives, we choose our friends.
                                                         (Jacques Delille)

ငါတို့တော်စပ်ရမယ့် မိဘဆွေမျိုးတွေကို ဘုရားသခင်က ရွေးချယ်ပေးတယ်။
ငါတို့ပေါင်းသင်းရမယ့် မိတ်ဆွေတွေကိုတော့ ငါတို့ကိုယ်တိုင် ရွေးချယ်တယ်။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

A good friend is like a wonderful book…..
The inside is even better than the cover!
                                        (Anonymous)

မိတ်ဆွေစစ်ဆိုတာ စာအုပ်ကောင်းတစ်အုပ်ပမာ…
စာအုပ်တွင်းကအကြောင်းအရာ အဖုံးထက်ကိုသာလွန်စွာ…

* * * @ @ @ @ @  ~  @ @ @ @ @ * * *

A friend is a present you give to yourself!

သူငယ်ချင်းဆိုတာ ကိုယ့်ကိုယ်ကိုပေးတဲ့ လက်ဆောင်မွန်တစ်ခု ဖြစ်ပါတယ်။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

The Miracle of Friendship

There’s a miracle called friendship
That dwells within the heart,
And you don’t know how it happens
Or when it gets its start.
But the happiness it brings you
Always gives a special lift,
And you realize that friendship
Is life’s most precious gift.

ရင်းနှီးမှုဟာ အံ့ဖွယ်ရာ

ရင်းနှီးမှုလို့ ဆိုတဲ့အရာ
ထူးခြား ဆန်းကြယ် အံ့ဖွယ်ပါ
မိတ်ဆွေတွေရဲ့ အကြားမှာ
နှလုံးသားချင်းသာ သိနိုင်တဲ့အရာ…။
ဘယ်အချိန်က စလို့
ဘယ်လိုများ ခင်ခဲ့ကြသလဲ
သိနိုင်ခဲလှတာ …။
ဒါပေမယ့်လေ…
အတူပါလာတဲ့ ပျော်ရွှင်ခြင်းတွေကတော့
အမြဲထာဝရ ထူးခြားလွန်းလှတဲ့
စိတ်အား တက်ကြွခြင်းတွေကိုပေးတယ်။
ပြီးတဲ့အခါ…
အဲဒီခင်မင်မှုဟာ
တသက်တာ အမှတ်တရ
တန်ဖိုးဖြတ်မရတဲ့
ဘ၀ရဲ့ လက်ဆောင်တစ်ပါးဖြစ်ပေတယ်…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

A true friend

A true friend
shares freely,
advises justly,
assists readily,
adventures boldly,
takes all patiently,
defends courageously,
and continues a friend
unchangeably.
                                      (William Penn)

မိတ်ဆွေစစ်

မိတ်ဆွေစစ်ဆိုတာ
လွတ်လပ်စွာ မျှဝေခံစားရင်း
မျှတစွာ လမ်းညွှန်ဖေးမရင်း
အသင့်ရှိစွာ ကူညီစောင်မရင်း
မြဲမြံစွာ စွန့်စားရင်း
စိတ်ရှည်စွာ သည်းခံရင်း
သတ္တိရှိစွာ အကာအကွယ်ပေးရင်း
ဘယ်သောအခါမှ မပြောင်းလဲစွာနဲ့
မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားသူ…။

* * * @ @ @ @ @  ~  @ @ @ @ @ * * *

The Best Treasure

There’s happiness in little things,
There’s joy in passing pleasure.
But friendships are, from year to year,
The best of all life’s treasure.

အကောင်းဆုံး ရတနာ

ဘ၀မှာ ပျော်ရွှင်စရာအချို့
ဝမ်းမြောက်ဖွယ် ကြည်နူးခြင်းအတိတ်တို့ ရှိသော်ငြား
နှစ်ပေါင်းများစွာ မပြောင်းလဲတဲ့ ခင်မင်မှုသာ
ဘ၀ရဲ့ အကောင်းမြတ်ဆုံးသော ရတနာ…

* * * @ @ @ @ @  ~  @ @ @ @ @ * * *

(တတ်သလောက် မှတ်သလောက်ကလေးနဲ့ ကြိုးစားပြီး ဆီလျော်အောင် ဘာသာပြန်ထားတာသာ ဖြစ်ပါတယ်။ အမှားအယွင်း ချို့ယွင်းချက်များ ရှိခဲ့ရင် မအိမ်သူရဲ့ ဘာသာပြန်အမှားသာ ဖြစ်ပါလိမ့်မယ်။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

19 comments:

ဟန်ကြည် said...

ဘ၀ရဲ့ခရီးစဉ်တွေကို မိတ်ကောင်းဆွေကေင်းတွေနဲ့သာ သွားခွင့်ရမယ်ဆိုရင် ငရဲပြည်အတွက်ပါ လက်မှတ်ကြိုဖြတ်ထားလိုက်ချင်ပါရဲ့ မအိမ်သူရေ...ဒါပေမယ့်လည်း မိတ်ဆွေစစ်ဆိုတာကလည်း ရွှေထက်တောင် ရှားလွန်းနေပြန်တော့လည်း...

မအိမ်သူ ဘာသာပြန်ထားတာလေးတွေ ဆီလျော်သလို လှလည်းလှပါတယ်...ကျေးဇူးပါ...

ကိုဇော် said...

သူငယ်ချင်း

မိတ်ဆွေ ဆိုတာ
ကျနော့် ဘဝမှာ
ကောင်းကင်က ကျလာတဲ့
မိုးရေတွေပဲ ဖြစ်တယ်။
ကြည်လင်မှု ၊ သန့်ရှင်းမှု
အေးချမ်းမှု ၊ တောက်ပမှု
အရာရာစုစည်း
ခင်မင်မှု မြစ်တစ်စင်းအဖြစ်
အရှိန်ပြင်းပြင်း စီးဆင်းနေတယ်။

ကိုဇော်

rose said...

I love every words of your translation. They rhyme like poems. Thank you for sharing and your effort in this post.

...အလင်းစက်များ said...

ဘ၀နေ၀င်ချိန်နီးလေ...... မိတ်ဆွေကောင်းဆိုတာ အရေးပါလေ ပဲ ဆိုတာ အရမ်းကို ကြိုက်ပါတယ်။

တတ်နိုင်သလောက် ဖတ်သွားပါတယ် ကျေးဇူးပါဗျာ။

SHWE ZIN U said...

မိတ်ဆွေ စစ် တွေ ကို တန်ဘိုးထားတယ် ညီမ ရေ မိတ်ဆွေစစ် ဆိုတာ ဘဝ မှာ လက်ချိုးရေတွက် လို့ရပါတယ်

သူ့အတွက် ကိုယ် က မိတ်ဆွေကောင်း ဖြစ်အောင် အရင်ကျိုးစားပါတယ်

နေ၀သန် said...

ဟုတ်ပါတယ်.. မိတ်ဆွေကောင်းဆိုတာ တန်ဖိုးကြီးလှတယ်.. မအိမ်သူရေ...

ခင်မင်လျက်
နေ၀သန်

Maung Myo said...

ကျနော် မိတ်ဆွေစစ်က စာသားလေးတွေ ကူးသွားပါတယ် ကျေးဇူး တင်ပါတယ် အစ်မရေ့ ကျနော်လည်း သူငယ်ချင်းတွေကို သိပ်တန်ဖိုးထားတတ်တဲ့သူမို့ပါ ။

Cameron said...

မိတ်ဆွေကောင်းအတွက် စာကောင်းတွေကို ဖတ်ယူမှတ်သားသွားပါတယ်အမ...။

စံပယ်ချို said...

ဟုတ်တာပေါ့၊ မေမေပြောဖူးတဲ့စကားကို
သတိရနေမိတယ်၊ မိတ်ဆွေကောင်း သူငယ်ချင်းကောင်း
ဆိုတာ ကိုယ့်မှာရှိတဲ့ စိန်တွေရွှေတွေထက်တန်ဖိုး
ရှိတယ်တဲ့ jas လဲခုမှသိရတဲ့ ကဗျာရေးဖော်
စာရေးဖော်တွေအားလုံးကို မိတ်ဆွေကောင်း
သူငယ်ချင်းကောင်းလို့ ယူဆထားခဲ့ပါတယ်
ဘုရားသခင်ပေးတာပါ...
တူတူပျော်တတ်တာလေးကတော့ မိတ်ဆွေကောင်း
မဟုတ်ပါဘူး၊ မျက်ရည်တူတူကျတတ်မှ
မျှဝေခံစားတတ်မှ မိတ်ဆွေကောင်းတဲ့။
ချမ်းမြေ့ပါစေရှင်...
အိမ်သူသက်ထားလဲ
မိတ်ဆွေကောင်းတွေ သူငယ်ချင်းကောင်းတွေ
ဘုရားသခင်က အများကြီးပေးပါစေ။

ခရစ္စတလ် said...

သြဂုတ်လ31ရက်နေ့အတွက်ရေးတာပဲဖြစ်မယ်၊ သိပ်ကောင်းတာပဲ အစ်မရေ :)

မဒမ်ကိုး said...

ဟုတ်တယ်မမ
ဘ၀မှာမိတ်ကောင်းဆွေကောင်းရဖို့
အရေးကြီးတယ်
မိတ်ကောင်းဆွေကောင်းရခဲ့တဲ့သူကလဲ
ရတနာတစ်ပါးရလိုက်တာပါပဲ
ခင်တဲ့ညီမ

မဒိုးကန်

ညီလင်းသစ် said...

“ဘေးနားမှာ မိတ်ဆွေစစ်သာ ပါမယ်ဆိုရင် ဘယ်ခရီး ကမှ မရှည်လျားပါဘူး..” ဆိုတဲ့ ပြင်သစ် စကားပုံလေး ကိုလည်း သတိရလိုက်မိတယ်..၊ ကျနော်တို့ ဖြတ်သန်း ရတဲ့ လမ်းတွေထက်မှာ မိတ်ဆွေစစ်တွေ လိုအပ်တာ အမှန်ပါပဲ...၊ မအိမ်သူရဲ့ ဘာသာပြန်က ချောချောမွေ့မွေ့ မို့ ဖတ်လို့ကောင်းတယ်...။

mstint said...

စာကောင်းပေကောင်းလေးတွေ ယူသွားတယ် မအိမ်သူရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

သိပ်ကောင်းတဲ့ စာလေးတွေပါပဲ အစ်မရေ....ကိုးကားဖို့
လိုရင်အရင်လိုပဲ လာယူပါရစေနော်...။

မြစ်ကျိုးအင်း said...

အရေတွက် နည်းပါစေ။ သူငယ်ချင်း မိတ်ဆွေစစ် နဲနဲပဲ ရှိရုံနဲ့ လုံလောက်တယ် မဟုတ်လား။ မိတ်ဆွေ သူငယ်ချင်း မင်တဲ့ ကျနော်ကတော့ သူငယ်ချင်း စစ်စစ်တွေ ရဖို့ အမြဲမျှော်လင့်တာပဲ။

KMC@ချင်းလေး said...

God chooses our relatives, we choose our friends. ဆိုတဲ့စာသားလေးကိုအဓိပ္ပါယ်ပြန်ထားတာဖတ်မိပြီးလင်းကနဲတစ်ချက်
ဖြစ်သွားမိတာမို့ပို့စ်ရေးတဲ့အစ်မကြီးမအိမ်သူကိုကျေးဇူးတင်တယ်လို့ပြောခဲ့ပါရစေ..။

8Yar said...

ကောင်းလိုက်တဲ့ ဘာသာပြန်ချက်ဗျာ။ အရမ်းလှပါတယ်။ လေးစားပါတယ် ခင်ဗျာ။

ချယ်ရီမြေ said...

ဟုတ်ပ မအိမ်သူပြောသလိုပါပဲ မိတ်ဆွေဆိုတာ လူတိုင်းအတွက် ဘုရားသခင်ကပေးတဲ့ ဆုလာဒ်ဖြစ်သလို သဘာဝကပေးတဲ့ လက်ဆောင်မွန်ပါပဲ။ သဘောကျစွာ ဖတ်သွားပါတယ်...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မယ့်ကိုး said...

စာရေးကောင်းတဲ့ မမနဲ့ မိတ်ဆွေဖြစ်ခွင့်ရသူတွေကလည်း ဝမ်းသာကြမှာပါး)

Related Posts Plugin for WordPress, Blogger...