Saturday, August 13, 2011

မေ့တတ်လွန်းသူမို့ …

သူ့နာမည်က ကိုဆယ်ပြားတဲ့.. နာမည်ရင်းတော့မဟုတ်ပါဘူး။ မွေးတုန်းကတော့ မိဘတွေက မောင်တင်စိုးလို့ပေးခဲ့တာပါ။ ဒါပေမယ့် မွေးကတည်းက သူ့ရုပ်က မေးရိုးကားကား မျက်နှာက လေးထောင့်ခပ်ကျကျဆိုတော့ လူကြီးတွေက ဆယ်ပြားစေ့ကလေးနဲ့တူတယ်ဆိုပြီး ဆယ်ပြားလေး ဆယ်ပြားလေးနဲ့ ချစ်စနိုးခေါ်ရာကနေ မူလနာမည်ပျောက်ပြီး ဆယ်ပြားလို့တွင်သွားပါရော။ အဲဒီ ကိုဆယ်ပြား အင်မတန် လူသိများရခြင်း အကြောင်းကတော့ လူတိုင်း လက်ဖျားခါရလောက်အောင် မေ့တတ်လွန်းတာပါပဲ။
မွေးရာပါ မေ့တတ်တဲ့သူလို့ ဆိုရမလားတောင် မသိဘူး။ ကိုဆယ်ပြား ဟိုးငယ်ငယ် ကလေးဘ၀ကတည်းက မေ့တတ်တာဟာ လူတိုင်းပြောစမှတ် တွင်လောက်အောင်ပဲ။ ကျောင်းသွားတာ အိမ်မှာလွယ်အိတ်ယူဖို့မေ့ခဲ့လို့ ဆရာမက စာသင်ဖို့အတွက် စာအုပ်ထုတ်ခိုင်းတဲ့အချိန်မှ သတိရပြီး ဆရာမကိုခွင့်တိုင် အိမ်ပြန်ပြေးပြီး လွယ်အိတ်သွားယူတာ အိမ်ရောက်တဲ့အချိန်ကျတော့ မောမောနဲ့ ရေတစ်ခွက်ခပ်သောက်ပြီး လွယ်အိတ်မယူပဲ ကျောင်းကိုပြန်ပြေးသွားလိုက်တာ ဆရာမက “ဟဲ့ ဘယ်မှာလဲလွယ်အိတ်” ဆိုမှ လွယ်အိတ်ကို ပြန်သတိရတယ်။ ဆရာမလဲ သြချလို့မဆုံးကို ဖြစ်လို့… မအေဖြစ်သူက မအားလို့ သားဖြစ်သူကို ဈေးမှာ တခုခုသွားဝယ်ခိုင်းလိုက်ရင်လည်း “အမေ့ ဘာဝယ်ရမှာ… ကျွန်တော်မေ့သွားလို့” ဆိုပြီး ဈေးရောက်ပြီးမှ နှစ်ခေါက်လောက် အိမ်ပြန်လာမေးရတာလဲ ခဏခဏ… အမေက မှတ်မိအောင် ပါးစပ်ကရွတ်သွားခိုင်းတော့လည်း ရွတ်တော့သွားပါရဲ့… ပါးစပ်က “ကြက်သွန်.. ကြက်သွန်” တတွတ်တွတ် ရွတ်သွားနေရင်းက လမ်းမှာ ခလုပ်တစ်ချက်လောက် တိုက်လိုက်တာနဲ့ ခုနရွတ်နေတာကို မေ့သွားပြီး “ငရုပ်သီးခြောက်.. ငရုပ်သီးခြောက်” ဖြစ်သွားတတ်တော့ မခက်လား။

နောက်တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါလည်း အဲဒီလိုပဲ။ ထမင်းဝိုင်းမှာ ထမင်းစားနေရင်းနဲ့ တစ်ခုခု အတွေးပေါ်လာရင် စားလက်စကိုမေ့ ထမင်းဝိုင်းက ရုတ်ကနဲထသွားပြီး လက်ဆေးဖို့မေ့ ထမင်းပန်းကန်ကြီး တ၀က်တန်းလန်းလည်း မေ့ထားခဲ့ပြီး အတွေးပေါ်တာ သွားလုပ်နေရော။ ဒီဟာလုပ် ဟိုဟာမေ့၊ ဟိုဟာလုပ်ရင် ဒီဟာမေ့ တွေကလည်း နေ့တိုင်းပဲ။ “အမေ့ ကျွန်တော်ထမင်းစားပြီးပြီလား” “အမေ ကျွန်တော်ခုနက အိမ်သာဝင်တာ တွေ့မိသေးလား” ဆိုတာမျိုးကလည်း သူ့အမေကို နေ့တိုင်းမေးနေကျ မေးခွန်းတွေ… အမေဖြစ်သူမှာလည်း “ဟဲ့.. ဆယ်ပြားရယ် နင့်မလဲ ကိုယ်ဟာကိုယ် ထမင်းစားပြီးမပြီး ဆိုတာလောက်ကလေးတောင် မမှတ်မိဘူးလားဟဲ့ .. မေ့တတ်လွန်းရန်ကော..” ဆိုပြီး ဆူဆူဆဲဆဲ လုပ်ရတာလည်းနေ့စဉ်လို… တခါသားမလဲ ကိုဆယ်ပြား အမေ့ကောင်းတာ အစ်မဖြစ်သူကို နှာနှပ်ယူရတယ်။ ဖြစ်ပုံကဒီလို.. သူတို့နယ်တွေမှာ အိမ်သာတွေက တွင်းအိမ်သာတွေဆိုတော့ အိမ်နဲ့ခပ်လှမ်းလှမ်း နောက်ဖေးခြံထောင့်လို နေရာမျိုးတွေမှာ ဆောက်ထားတတ်ကြတယ်။ ပြီးတော့ အိမ်သာမှာ မီးတွေဘာတွေလည်း ထွန်းလေ့ထွန်းထ မရှိကြဘူးလေ။ ဒီလိုပဲ အမှောင်ထဲမှာ သွားကြတာကိုး။ တစ်ည ခပ်မှောင်မှောင်မှာ ကိုဆယ်ပြားက အိမ်သာဝင်တော့ တံခါးပိတ်ဖို့ မေ့ပြီး အိမ်သာပေါ် ငုပ်တုပ်ထိုင်နေတုန်း ကိုဆယ်ပြားရဲ့ အစ်မကလည်း အိမ်သာတံခါးက ပွင့်နေတော့ လူမရှိဘူးဆိုပြီး အပေါ့အပါးသွားဖို့အလာ ညမှောင်မှောင်ဆိုတော့ အိမ်သာနားရောက်ခါနီးမှ အိမ်သာထဲက ၀ိုးတိုးဝါးတား အရိပ်ကိုမြင်လိုက်ရတော့ “အောင်မလေး အမေရေ့… သရဲပါတော့ သရဲငုပ်တုပ်ကြီးးးး…” ဆိုကြောက်လန့်တကြား အော်ဟစ်ပြီး မေ့လဲသွားလိုက်တာ မနည်းကို နှာနှပ်ယူလိုက်ရပါရော…

ကိုဆယ်ပြားက မေ့တတ်တာတစ်ခုကလွဲလို့ ရိုးရိုးသားသားနဲ့ စိတ်ရင်းသဘောထားကတော့ အင်မတန်ကောင်းတဲ့သူ.. သူများတကာကိုလည်း စေတနာအရင်းခံနဲ့ အလွန်ကူညီချင်တတ်တယ်။ သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး လုပ်ပေးကိုင်ပေးတတ်တော့ ရပ်ထဲရွာထဲမလဲ လူချစ်လူခင် ပေါလှပါတယ်။ ဒါပေမယ့် မေ့တတ်လွန်းတာကြောင့် သူကူညီခါမှ တစ်လွဲဖြစ်ရတာမျိုးတွေလည်း ကြုံရလွန်းလို့ ရိုးနေပြီပြောရမယ်။ သူတို့နယ်သားတွေ ကိုဆယ်ပြားအကြောင်း တဖျစ်တောက်တောက် ပြောမဆုံးတဲ့အဖြစ်ကတော့ မြို့နယ်ချန်ပီယံဒိုင်းလုဖို့ သူတို့မြို့နယ်အသင်းနဲ့ တခြားမြို့နယ်အသင်းတစ်သင်း အကြိတ်အနယ် ဘောလုံးကစားကြတဲ့ ပွဲအကြောင်းပါပဲ။ ဒီပွဲမှာနိုင်ရင် ကိုဆယ်ပြားတို့အသင်း မြို့နယ်မှာဗိုလ်စွဲမှာ ဆိုတော့ အားလုံးက အင်မတန်ကို မျှော်လင့်ထားကြတာလေ။ ကိုဆယ်ပြားကလည်း ဘောလုံးကန်ကောင်းသူပါ။ သူတို့အသင်းက အကောင်းဆုံးကစားသမားတွေ စာရင်းမှာ ကိုဆယ်ပြားပါတယ်။ အသင်းနှစ်သင်းကန်တဲ့နေ့က မြို့နယ်ဘောလုံးကွင်းမှာ ပရိသတ်တွေလျှံသွားအောင် အားပေးကြတာများ မကြုံဖူးလောက်အောင်ပဲ။ ပွဲက နှစ်သင်းစလုံး ခြေညီကြတော့ အကြိတ်အနယ် ကစားကြတာတောင် ဒုတိယပိုင်းပြီးခါနီးအထိ ဘယ်အသင်းမှ ဂိုးမရသေးဘူး။ အဲဒီအချိန်မှာ ကိုဆယ်ပြား ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ်ရလာပြီး ဂိုးဧရိယာနားအရောက် ဂိုးသမားက အစိုးရိမ်လွန်ပြီး ထွက်ကာကွယ်တဲ့အချိန် ကိုဆယ်ပြားက ကိုယ်နဲ့ကာပြီး ဘောလုံးကို လိမ်ယူလိုက်တော့ ဂိုးသမားအရှိန်ပျက်ပြီး ကျန်နေခဲ့တုန်း ဂိုးဧရိယာထဲမှာ ကိုဆယ်ပြားတစ်ယောက်တည်း ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းဖို့ အခွင့်အရေးကောင်းရသွားတယ်။ ကိုဆယ်ပြားလည်း ရတဲ့အခွင့်အရေးကို အပိုင်ယူပြီး ကန်သွင်းဖို့ပြင်လိုက်ချိန်မှာ ဘယ်ကပစ်လိုက်မှန်းမသိတဲ့ ပြောင်းဖူးရိုးတစ်ခုက ကိုဆယ်ပြားရှေ့နား ဖုတ်ကနဲ ကျလာပါလေရော။ ပြောင်းဖူးရိုးကို မြင်လိုက်တဲ့ ကိုဆယ်ပြားက ဘောလုံးကို ဂိုးပေါက်ထဲ ကန်သွင်းဖို့ လုံးလုံးမေ့သွားပြီး သူ့စိတ်ထဲမှာ ကစားတဲ့သူတွေ ပြောင်းဖူးရိုးတက်နင်းမိပြီးလဲရင် ထိမိခိုက်မိမှာ စိုးရိမ်စိတ်နဲ့ ပြောင်းဖူးရိုးကို သွားကောက်လိုက်ပြီး လွတ်ရာကို သွားပစ်လိုက်ပါတယ်။ အဲဒီမှာ ပရိတ်သတ်တွေအားလုံးလည်း ကြောင်သွားကြတာပေါ့။ သူပြောင်းဖူးရိုးကောက်ပစ်ပြီးတဲ့ အချိန်မှာ ဘောလုံးကလည်း ဂိုးသမားလက်ထဲရောက်နေပြီ။ ကဲ မေ့ပုံက အဲသလို… ဖြစ်တာက ဒုတိယပိုင်း ပြီးခါနီးလေးမှဆိုတော့ ဆက်ကစားတဲ့အချိန်မှာ ကိုဆယ်ပြားတို့အသင်းက စိတ်ဓါတ်နည်းနည်းကျသွားသလို ဖြစ်သွားပြီး ကစားကွက်နည်းနည်း ပျက်သွားတာနဲ့ မိနစ်ပိုင်းအတွင်းမှာပဲ တဖက်အသင်းက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူလိုက်ပြီးတော့ ချန်ပီယံဒိုင်းကြီးကို ရသွားပါတော့တယ်။ အဲဒီပွဲမှာ ကိုဆယ်ပြားအဖြစ်ကတော့ ပြောစမှတ်ကိုဖြစ်သွားတော့တာပဲ။ ကိုဆယ်ပြားခမျာလည်း သူ့ကိုယ်သူ ယူကြုံးမရဖြစ်လွန်းလို့ အဲဒီပွဲပြီးကတည်းက ဘောလုံးဆို လှည့်တောင် မကြည့်ရဲတော့လောက်အောင် ဖြစ်သွားရှာပါတယ်။

အဲသလို ငယ်ငယ်ကတည်းက မွေးရာပါ မေ့တတ်လွန်းတဲ့ ကိုဆယ်ပြား အချိန်တန် အရွယ်ရောက်တဲ့အခါ အိမ်ထောင်ပြုဖို့တော့ မမေ့ဘူးပြောရမယ်။ သူနဲ့ငယ်ပေါင်းကြီးဖေါ် သူငယ်ချင်းဖြစ်သူရဲ့ နှမလေး မသန်းလှကို ကိုဆယ်ပြား မျက်စေ့ကျမိပြီး ကြိုးစားပမ်းစား ပိုးပန်းလိုက်တာ အဆင်ပြေသွားပါလေရော။ အဲဒါနဲ့ လူငယ်ချင်း သဘောကျရည်ငံနေကြောင်း လူကြီးမိဘများကို ပြောလို့ တောင်းရမ်း လက်ထပ် ပေးစားလိုက်ကြတဲ့အတွက် ကိုဆယ်ပြား တစ်ယောက် အိမ်ထောင်ရှင်ဘ၀ ရောက်ပါတော့တယ်။ အိမ်ထောင်ကျပြီးတဲ့အခါ မသန်းလှလေးခမျာလည်း ကိုဆယ်ပြားရဲ့ မေ့တတ်တဲ့ဒါဏ် အတော်ခံရရှာတယ်။ သားသမီးတွေရလာတော့လည်း သားသမီးတွေက အဖေဖြစ်သူကို မမေ့အောင်လို့ တချိန်လုံး သတိပေးရတဲ့ အလုပ်ကို ဒိုင်ခံလုပ်ကြရရှာပါတယ်။ တစ်ခါလည်း မသန်းလှ ကုန်ဝယ်သွားပြီး ပြန်လာတော့ ကိုဆယ်ပြားက ဘူတာမှာ စက်ဘီးကလေးနဲ့ သွားကြိုတာ အထုပ်အပိုးတွေကိုပဲ ကောက်ဆွဲပြီး မိန်းမကို ဘူတာမှာမေ့ထားခဲ့ပါလေရော။ အိမ်ပြန်ရောက်မှ အထုပ်ဆွဲပြီး အိမ်ပေါ်တက်လာတဲ့အဖေကို သမီးဖြစ်သူက “ဟင်.. အဖေ့ အမေကော မပါဘူးလား” လို့မေးတော့မှဘဲ “ဟာ.. ငါနင့်အမေကို ဘူတာမှာ ခေါ်ဖို့မေ့လာတယ်” ဆိုပြီး လက်ထဲက အထုပ်ပစ်ချ ဘူတာကို အပြေးအလွှား စက်ဘီးနင်းပြီး ပြန်သွားရတဲ့ အဖြစ်…။

တဖြည်းဖြည်းနဲ့ ကိုဆယ်ပြားဘ၀ကနေ ဦးဆယ်ပြားဘ၀ ရောက်လာတော့ အသက်အရွယ်အရ ပိုပြီးမေ့တတ်လာပြန်ပါတယ်။ တစ်ရက်မတော့ ညနေခင်းဖက် ခြံထဲကကွပ်ပျစ်မှာ ဦးဆယ်ပြားက အေးအေးလူလူ ထိုင်လို့.. ဒေါ်သန်းလှကတော့ သူစိုက်ထားတဲ့ ပန်းပင်ငယ်လေးတွေကို ရေလောင်းပေါင်းသင် လုပ်နေတုန်း အရပ်ထဲက ဘုရားလူကြီး လေးငါးယောက် ခြံထဲဝင်လာကြပါတယ်။ ဦးဆယ်ပြားကလှမ်းတွေ့တော့ “ဟော ဂေါပက လူကြီးမင်းများပါလား။ လာပါ လာပါ အိမ်ပေါ်ကြွကြပါ… သန်းလှရေ လူကြီးတွေလာတယ်ဟေ့.. အကြမ်းအိုးလေးချပါအုံး စားစရာလဲ တစ်ခုခု စီစဉ်လိုက်အုံးဟေ့” ဆိုပြီး အိမ်ပေါ်ဦးဆောင်တက်သွားပါတယ်။ အိမ်ပေါ်မှာ ဧည့်သည်များကို နေရာထိုင်ခင်းပေးပြီးတော့ ဦးဆယ်ပြားလည်းထိုင်ပြီး မာကြောင်းသာကြောင်း ဧည့်ခံစကား ပြောဆိုနေပါတယ်။ ဒေါ်သန်းလှလည်း နောက်ဖေးကနေ ရေနွေးဗန်းကလေးကိုင် ငါးခြောက်ဖုတ် ထန်းလျက် စတဲ့ အတိုအထွာ ရေနွေးနဲ့မြည်းစရာ မုန့်ပဲလေးများ ပြင်ဆင်ပြီး ဧည့်သည်များရှေ့ လာချပါတယ်။ ပြီးမှ ဦးဆယ်ပြားနံဘေး ၀င်ထိုင်ပြီး ဧည့်ခံစကားပြောတာပေါ့။ “လူကြီးမင်းတို့ လူစုံတက်စုံ ကြွလာကြပုံထောက်လို့ ရပ်ထဲရွာထဲ အရေးကြီး တိုင်ပင်စရာ ကိစ္စအထွေအထူးများ ရှိကြလို့လားရှင်။ အလှူငွေတို့ဘာတို့ လိုအပ်ရင်လည်း အားမနာတမ်းပြောပါနော့်..” ဒေါ်သန်းလှက အဲဒီလိုလည်းပြောလိုက်ရော လူကြီးတွေ တယောက်မျက်နှာ တယောက်ကြည့်ကုန်ကြပြီး ခပ်သွက်သွက် လူကြီးတစ်ယောက်က “ဟာ.. ဒေါ်သန်းလှကလည်း လုပ်ပြီ။ မနက်က ဓမ္မာရုံမှာ ဦးဆယ်ပြားနဲ့ တွေ့လို့ ကျွန်တော်တို့အားလုံးကို ညနေစာ ထမင်းစားဖိတ်ထားလို့ လာစားကြတာလေဗျာ။ ဘယ်ကအလှူငွေ ကောက်ရမှာတုန်းဗျ။” လို့ဆိုတော့မှ ဒေါ်သန်းလှလည်း မျက်လုံးမျက်ဆန်ပြူးပြီး ယောက်ျားဖြစ်သူကို လှည့်ကြည့်တော့ ဦးဆယ်ပြားခမျာ အားတုံ့အားနာ မျက်နှာလေး ဇီးရွက်လောက်နဲ့ သူ့နဖူးသူရိုက်ပြီး “သေပါတော့ သန်းလှရေ .. ငါမေ့တာကွဲ့ ဟုတ်တယ် မနက်က ငါဓမ္မာရုံသွားတုန်း လူကြီးတွေ လူစုံတက်စုံတွေ့တာနဲ့ ထမင်းစားဖိတ်ခဲ့တာ။ အိမ်ပြန်ရောက်တော့ နင့်ပြောဖို့မေ့သွားလို့ဟေ့..” လို့ဆိုပါလေရော။ ဒေါ်သန်းလှမှာ လူကြီးများကို မျက်နှာပူ အားနာလိုက်ပုံများ ပြောမပြတတ်အောင်ပါပဲ။ ထမင်းစားကြွလာတဲ့ လူကြီးမင်းများမှာလည်း ထိုင်ရခက် ထရခက်တွေ ဖြစ်ကုန်ကြတော့တာပေါ့။ ဦးဆယ်ပြားတို့ မေ့ပုံကတော့ တကယ့်ကို ပြောစမှတ် တွင်စရာတွေ ချည့်ပါပဲ။ အရပ်လူကြီးများ အားလုံးက ဦးဆယ်ပြားရဲ့ မွေးရာပါ မေ့တတ်လွန်းတာကို အကြောင်းသိများ ဖြစ်ကြပေလို့သာ တော်တော့တယ်လို့ ပြောရမယ်။ ဦးဆယ်ပြားကတော့ အမေ့သံသရာထဲကနေ သေမှပဲလွတ်တော့မယ် ထင်ပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

14 comments:

Nyi Linn Thit said...

ပုံမှန် မေ့ပုံတွေနဲ့ကို မတူပဲ တကယ့်ကို ပြောင်မြောက်တဲ့ မေ့ခြင်းမျိုးပါပဲ..၊ ဖွတ်မေ့ပဒတ်မေ့ ဆိုတာ ဒီလိုမေ့တာ မျိုးကို ခေါ်တာဖြစ်မယ်..၊ ဘော်လုံးကန်ရင်း မေ့တာက တော့ အဆိုးဆုံးပါပဲ..၊ သူ့အဖြစ်တွေက ရယ်ရပေမယ့် ကိုယ်တိုင်အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ မသက်သာဘူးနော်...။း)

jasmine(တောင်ကြီး) said...

အဲလိုမေ့တတ်ချင်လိုက်တာနော်...
ချစ်သူကိုမေ့ချင်လို့ပါ။
မမေ့တတ်တော့ လွမ်းနေရတာပေါ့
ဦးဆယ်ပြားကိုဖတ်ပြီး ရယ်လဲရယ်မိပါတယ်
သူမေ့တတ်တာကလွန်လွန်းအားကြီးရော.....

rose said...

ဖတ်လို့ သိပ်ကောင်းတာပဲ အစ်မအိမ်သူ။ ၀တ္ထု အနေနဲ့ ရေးထားတာလားဟင်။ အရေးအသားလေးလည်း အသက်ဝင်တယ်။ ပြေပြေပြစ်ပြစ် ရှိတယ်။ တကယ့် အဖြစ်အပျက်ပေါ့း) ဦးဆယ်ပြား မေ့တတ်ပုံကို ဖတ်ရင်း ရယ်လည်းရယ်ရ၊ သနားလည်း သနားမိပါရဲ့။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မလည်း ဦးဆယ်ပြားနဲ့ နင်လားငါလား လို့ပြောရတော့မယ်
မေ့တတ်လာလို့။
ဒါပေမဲ့ ဦးဆယ်ပြားလောက်တော့ မဆိုးသေးပါဘူး
သူ့လောက်မေ့တတ်ရင်တော့ မလွယ်ဘူးနော်
ဖတ်ပြီးပြုံးမိတယ်

mstint said...

ဖြစ်မှဖြစ်ရလေလို့ပဲ မှတ်ချက်ပေးသွားတယ် မအိမ်သူရေ။ တကယ့်အဖြစ်အပျက်ကနေ ဟာသလေးတွေအဖြစ် ဖန်တီးလို့ရတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မေ့တတ်တဲ့ သူအကြောင်းဖတ်ပြီး ရီသွားတယ် ညီမရေ

ရွှေစင်ဦး

ကိုဇော် said...

ပြောကို မပြောချင်ပါဘူးဗျာ . . ဆိုရလောက်အောင်ပါပဲ. .ဟားဟား . .

မင်းဧရာ said...

အမကြီးရေ........
ကျွန်တော်လည်း အဲလိုမေ့တတ်ရင်သိပ်ကောင်းမှာပဲ
ကြွေးရှင်တွေ များနေလို့ ဟီးဟီ...။
ကျန်းမာပျော်ရွှင်ပါစေဗျာ။

ဟန်ကြည် said...

အဲဒါမှ တကယ့်ဖွတ်မေ့ ပုတက်မေ့ပေါ့ မအိမ်သူရေ...

အဲဒီဖွတ်မေ့ ပုတက်မေ့ဆိုတာကို သိပ်မရှင်းလို့ ခပ်ငယ်ငယ်က မိဘတွေကိုမေးကြည့်တော့ သူတို့ကရှင်းပြတယ်...ဖွတ်တို့ ပုတက်တို့ ဘယ်လောက်မေ့တတ်သလဲဆိုရင် နောက်ကနေ ခွေးတို့၊ လူတို့လိုက်လို့ ပြေးရပြီဆိုရင် ပြေးနေရင်းကနေ ဘာကြောင့်ပြေးနေတယ်ဆိုတာကို မေ့သွားပြီး ရပ်စဉ်းစားနေကြလို့ နောက်ကလိုက်တဲ့ လူတွေခွေးတွေ လက်ထဲအမြဲရောက်ကြရသတဲ့...

အခုကိုဆယ်ပြားခမျာလဲ ဖွတ်မေ့ပုတက်မေ့ နီးပါးပါလား...ဂိုးပေါက်ကိုတောင် မေ့ရတယ်လို့နော်...

မဒမ်ကိုး said...

မမရေ တော်တော်ကို
သဘောကျသွားပါကြောင်း
...................
သူကလည်တယ်မိန်းမယူဖို့တော့မမေ့ဘူး

ခင်မင်လေးစားလျှက်
မဒိုးကန်

...အလင်းစက်များ said...

အဲ့လောက်တော့ မမေ့ဘူး..... ဒါပေမယ့် စိတ်ဖိစီးမှု ကြုံလာရင်တော့ မေ့တတ်တယ်။ ဟီးဟီး စာမေးပွဲ အဖြေလွှာကို ဗယာကြော်ထုပ်ပြီး အိမ်ထိ သယ်လာခဲ့ဖူးတယ်။ :))))))

မိုးငွေ့...... said...

အဲလိုမေ့တတ်တာလည်း ရောဂါတစ်မျိုးပဲ ဦးနှောက်နဲ့ ပတ်သက်တဲ့ ရောဂါပေါ့...။ ရုပ်ရှင်ကြည့်ဖူးတယ်...။ ကားနာမည်မေ့နေပြီ..။ မင်းသမီးက ဒရူးဗယ်ရီမိုး သူက ငါးမိနစ်တစ်ခါလောက်မေ့တတ်တဲ့သူ...။ အဲဒါ သူဘာတွေလုပ်ခဲ့သလဲဆိုတာကို ဗီဒီယိုရိုက်ပြီး ပြန်ကြည့်ရတယ်...။ အဲလိုမျိုး...အမရဲ့ ဇာတ်ကောင်ဦးဆယ်ပြားလည်း ဖြစ်တာနေမယ်...။

ခင်တဲ့
မိုးငွေ့

Anonymous said...

ကျွန်တော်လည်းမေ့တတ်သူတစ်ယောက်ပါပဲ
မေ့တတ်လွန်းလို့ခက်တယ်ဗျာာ
ကိုဆယ်ပြားကိုသနားတယ်း) ရီလည်းရီရပါ့


မောင်ဘကြိုင်

ညိမ်းနိုင် said...

အင်းကျွန်တော်လည်းမေ့တတ်ပါ့..၊ရေဘူးလေးရေထည့်ပြီး
ဘယ်နားတင်မိမှန်းမသိလို့ ရေငတ်မှလိုက်ရှာရတာအခါခါ
အဲ..ဦးဆယ်ပြားလောက်တော့မေ့ဘူးပေါ့ဗျာ....:))
ဖတ်လို့ကောင်းတဲ့ဝတ္ထုလေးပဲဗျ...တပြုံးပြုံးနဲ့အားပေး
သွားတယ်...၊အဲ...ဘာတွေရေးထားတာလဲတော့မေ့သွား
ပြီ.....:))) (နောက်တာ....:)))

Related Posts Plugin for WordPress, Blogger...