Saturday, August 6, 2011

နည်းပညာများနဲ့ ရှေးဟောင်းနှောင်းဖြစ်

ကွန်ပျူတာ ဆိုတဲ့အရာကို ပထမဦးဆုံး စတင် ပတ်သက် ထိတွေ့ဖူးတာ ဟိုးလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်လောက်ကပေါ့။ ၈၉-၉၀ ခုနှစ် ပတ်ဝန်းကျင်လောက်က ကွန်ပျူတာသင်တန်း ဆိုတဲ့အရာတွေ မြန်မာပြည်မှာ ရှားရှားပါးပါး စပြီးထွန်းကားလာစအချိန်… ကိုယ်တွေကလည်း ကျောင်းတွေပိတ်လို့ ယောင်ဝါးဝါး ဘာလုပ်ရမှန်းမသိ အားချင်တိုင်းအားနေတဲ့အချိန်… အကြောင်းတွေတိုက်ဆိုင်ပြီး ကွန်ပျူတာသင်တန်းတစ်ခုကို ရောက်သွားခဲ့တယ်ဆိုပါတော့။ နည်းပညာဆိုတဲ့အရာကြီးနဲ့ နဖူးတွေ့ဒူးတွေ့ စတင်ပတ်သက်မိတာ အဲဒီအချိန်က စတာပါပဲ။ ရောက်သွားတဲ့ သင်တန်းက အခုခေတ်အနေနဲ့ဆိုရင်တော့ တကယ့်သေးသေးလေးလို့ ပြောရမှာပါ။ စုစုပေါင်းမှ ကွန်ပျူတာက Standalone IBM PC လေးလုံးပဲရှိတယ်။ ဒါပေမယ့်လည်း အဲဒီခေတ်အခြေအနေနဲ့က PC တစ်လုံးဝယ်နိုင်ဖို့တောင် မစဉ်းစားနိုင်တဲ့အနေအထား ဆိုတော့ကာ PC လေးလုံးနဲ့ သင်တန်းဖွင့်နိုင်တယ်ဆိုတာနဲ့တင် အတော်ကြီးကို အားရစရာကောင်းတဲ့ အခြေအနေကိုး။

အဲဒီတုန်းက ကိုင်ခဲ့ရတဲ့ ကွန်ပျူတာတွေအကြောင်း ပြောရရင်တော့ ဒီခေတ် PC များနဲ့ လားလားမှမဆိုင်…  အခုခေတ် ကွန်ပျူတာများရဲ့ ဘိုးအေလို့ ပြောရမယ် ထင်ပါရဲ့။ ဒီနေ့ခေတ်ကြီးမှာရှိတဲ့ ကွန်ပျူတာများကတော့ လေ့လာ အသုံးပြုဖို့ အင်မတန်လွယ်ကူလှပါတယ်။ ဒါကြောင့်လည်း ကွန်ပျူတာကို ကလေးကအစ လူတိုင်း အလွယ်တကူ ကိုင်တွယ် အသုံးပြုနေနိုင်ကြတာပေါ့။ အဲဒီ ကွန်ပျူတာ ဘိုးအေများကတော့ ဒီလောက် မလွယ်လှပါဘူး။ ကွန်ပျူတာကို ကိုင်တွယ်တတ်ဖို့ ဘယ်လိုသုံးရမလဲဆိုတာ သိဖို့ကို အတော်လေး လေ့လာခဲ့ရပါတယ်။ ဒီခေတ်ကွန်ပျူတာများလို ခလုပ်လေးနှိပ်လိုက်လို့ ပွင့်လာရင် အဆင်သင့်ကလေး ကိုယ်သုံးချင်တဲ့ Application လေးရွေး ကလစ်နှိပ်ပြီးသုံးရုံပဲ ဆိုတာမျိုး မဟုတ်ခဲ့ပါဘူး။ ဘာပဲသုံးချင်သုံးချင် ကီးဘုတ်ကနေ Command တွေ တသီတတန်းကြီး ရိုက်ထည့်ပြီး သုံးခဲ့ရတဲ့ခေတ်ပါ။ Software တွေမှာ Menu တွေပါပေမယ့် အဲဒီထဲက Command တွေသုံးဖို့ကိုတော့ ကီးဘုတ်ကနေပဲ သက်ဆိုင်ရာ Command အလိုက် အချို့ကို Function Key တွေနှိပ်ပြီးတော့သော်လည်းကောင်း ကျန်တဲ့ Command အများစုကိုတော့ Control, Alter  စတဲ့ကီးတွေနဲ့ Character Key တွေကို တွဲစပ်ရိုက်နှိပ်ပြီးတော့သော်လည်းကောင်း သုံးရပါတယ်။ သုံးရတာ အင်မတန် လက်ဝင်လှတဲ့ အနေအထား… ကွန်ပျူတာစနစ်ကလည်း ပုံစံတုံးတုံး ရိုးရိုးရှင်းရှင်း ကြီးတွေပါပဲ။ စုစုပေါင်းမှ Monochrome Monitor တစ်ခုရယ် System Unit ပြားပြားတစ်ခုရယ်  Keyboard တစ်ခုရယ် သုံးမျိုးဘဲ ပါပါတယ်။

ဒီလိုကွန်ပျူတာမျိုးတွေပါ။
အဲဒီ ကွန်ပျူတာတွေရဲ့ Specification တွေကိုပြောပြရရင် Intel CPU 8088 (8 to 16 bit) processor အမျိုးအစား Speed က 4.77 MHz ပါ။ Built in Memory ကတော့ 16KB, 32KB, 64KB အစားစားရှိပါတယ်။  Memory တိုးချင်တယ်ဆိုရင်တော့ Expansion Slot တွေမှာ Memory Card တွေထပ်ထည့်ပြီး အမြင့်ဆုံး ထပ်တိုးလို့ရနိုင်တာ 640KB အထိပဲရှိပါတယ်။ PC တွေစပေါ်ခါစက Version တွေဖြစ်တဲ့ IBM PC 5150 တို့ XT တို့လို မော်ဒယ်လ်တွေပါ။  ဒီနေ့ခေတ် ကွန်ပျူတာများကို ကိုင်တွယ် အသုံးပြုပြီး ကြီးပြင်းလာတဲ့ ကလေးတွေကတော့ အဲဒီ Specification တွေကိုရယ်ကြလိမ့်မယ် ထင်တယ်။ Display Unit ကလည်း Monochrome Monitor တွေဆိုတော့ ဘာကာလာမှ မရပါဘူး။ အဖြူအမည်း စနစ်ပါပဲ။ နောက်ခံ စကရင် မည်းမည်းကြီးမှာ Resolution သိပ်မကောင်းတဲ့ စာလုံးဖြူဖြူတွေ ဒါမှမဟုတ် စာလုံးစိမ်းစိမ်းတွေ ဘဲပေါ်ပါတယ်။

Windows မရှိသေးလို့ မောက်စ်လဲမပါပါဘူး။ (၀င်းဒိုးတို့ မောက်စ်တို့ကိုလည်း အဲဒီအချိန်က ကိုယ်တွေမှာ မကြားဖူးသေးတဲ့ အချိန်လေ။) အဲ.. နောက်တစ်ခုကတော့ အဲဒီတုန်းက ကိုင်ခဲ့ရတဲ့ ကွန်ပျူတာတွေမှာ Hard disk လည်း မပါပါဘူး။ Hard disk မရှိဘဲ ဘယ်လိုသုံးလဲဆိုတော့ Floppy Drives တွေနဲ့ Disk တွေကိုသုံးရပါတယ်။ အဲဒီ Floppy Disk တွေကလည်း ခပ်ကြီးကြီးတွေ Five and Quarter Disk (5 ¼ inches floppy disk) တွေပေါ့။ Floppy ဆိုတဲ့အတိုင်း တကယ်ခပ်ပျော့ပျော့ ခေါက်လို့ကွေးလို့ရတော့ ကိုင်ရတာ သိမ်းရတာ သတိထားနေရတယ်။ နောက်ပိုင်းမှ ပေါ်လာတဲ့ Three and Half Disk (3 ½ inches floppy disk) ကတော့ အခွံအမာစားတွေဆိုတော့ အဲဒီလောက်  သတိထားစရာမလိုတော့ဘူး။
ဖိုက်အင်ကွာတား ဒစ်
သင်တန်းမှာရှိတဲ့ စက်လေးလုံးထဲမှာ သုံးလုံးက Old version 5150 အမျိုးအစားတွေဆိုတော့ Hard disk မပါဘဲ Floppy Drive ၂ခု(A Drive နဲ့ B Drive) ပဲပါတယ်။  နောက်တစ်လုံးကတော့ နဲနဲလေး မော်ဒယ်လ်ပိုမြင့်တယ်။ IBM XT အမျိုးအစား 10MB Hard disk (နောက်ပိုင်းထပ်ပေါ်တဲ့ စက်တွေမှာတော့ Hard disk က 20MB ဖြစ်လာတယ်) နဲ့ Floppy Drive တစ်ခုပါတယ်။ သင်တန်းမှာ ကွန်ပျူတာကိုင်ရတဲ့ အချိန်ဆို သင်တန်းသားတွေမှာ တစ်လုံးတည်းသော Hard disk နဲ့ ကွန်ပျူတာကို လုကိုင်ကြရင်း အဝေမတည့်ကြတော့ဘူး။ အဲဒါနဲ့ပဲ ဆရာတွေက အလှည့်ကျ ကိုင်ဘို့ သတ်မှတ်ပေးရတော့တယ်။ Hard disk မပါတဲ့စက်တွေကို ကိုင်ရတာ အတော်အလုပ်ရှုပ်ပါတယ်။ Floppy Drive  ကိုသုံးပြီး Boot တင်ရတာကိုး.. အဲဒီတုန်းက Disk Operating System လို့ခေါ်တဲ့ DOS (MS DOS/ PC DOS) Diskette တွေကို သုံးကြရပါတယ်။ ကွန်ပျူတာတစ်ခါ သုံးဖို့အရေး အရင်ဆုံး Disk Tray ထဲမှာ DOS diskette ကိုသွားရှာ Drive A မှာထည့် တဂျိဂျိဖတ်ပြီး Boot တင်တာကိုစောင့်ရတယ်။ အဲဒီကြားထဲ Diskette က မကောင်းတော့လို့ အခြစ်ရာအစင်းရာထင်ပြီး ကောင်းကောင်းမဖတ်တော့တာတို့ Boot မတက်ဘဲ Error ဖြစ်တာတို့ဆို နောက်ထပ် ကောင်းမယ်ထင်တဲ့ DOS diskette တစ်ခုသွားပြန်ရှာ Boot ပြန်တင်လုပ်နေရတာ တခါတလေ အတော်ကြာတယ်။ စက်ကိုင်ချိန် တစ်နာရီ ပေးတဲ့အထဲမှာ အဲလိုတွေလုပ်နေရတာနဲ့တင် အချိန်အတော်ကုန်ရော…

Five and Quarter Disk Drives

အဆင်ပြေသွားပြီဆိုရင်တော့ DOS Prompt (Command Prompt) လေး စကရင်မည်းမည်းပေါ်မှာ A:\>_ ဆိုပြီး ကာဆာလေး မှိတ်တုတ်မှိတ်တုတ်နဲ့ ပေါ်လာပါတယ်။ ဒါဆို ကွန်ပျူတာကို စသုံးလို့ရပြီ Ready ဖြစ်ပြီ် OK ပေါ့။ အဲဒီအချိန်ကျမှ ကိုယ်သုံးမယ့် Application Diskette ကို Drive B မှာ ထည့် ခုနက Command Prompt မှာ သုံးမဲ့ Program နာမည် Command ကိုကီးဘုတ်ကနေရိုက်ထည့်ရပါတယ်။ Application Program တွေအားလုံးကလည်း တစ်မျိုးကို Diskette တစ်ခုစီနဲ့ပဲဆိုတော့ သင်တန်းမှာ သုံးရမယ့် Disk တွေအားလုံးကို Diskette Tray တွေထဲမှာ ထည့်ထားပေးတဲ့အတွက် သုံးမယ်ဆို အဲဒီ Box တွေထဲက Disk အထပ်လိုက်ကို သွားမွှေပြီး ရှာယူရပါတယ်။ အဲဒီတုံးက သင်ခဲ့ရတဲ့ Basic Programming, Pascal Programming, WordStar, Lotus 1 2 3, Dbase III စတဲ့ Application တွေအားလုံးက Diskette တွေနဲ့ချည့်ပဲ။

ဒီလို ဗူးမျိုးတွေနဲ့ ဒစ်တွေကိုထည့်ထားတယ်။ အသုံးလိုတဲ့ဒစ်ကို ရှာယူပြီးသုံး ပြီးရင် ပြန်ထည့်ထားပေါ့။

DOS Commands တွေကိုလည်း အတော်များများ အလွတ်ကျက်ထားရသေးတာ။ DOS Prompt မှာသုံးရတာက Windows မှာလိုလွယ်လွယ် ဟိုဟာလေးနှိပ် ဒီဟာလေးကလစ်နဲ့ သုံးရတာမျိုးမဟုတ်ဘဲ ဘာလုပ်ချင်ချင် Commands တွေကို ရိုက်ထည့်ပြီး အလုပ်လုပ်ရတာဆိုတော့ အဲဒါတွေကို မေ့လို့မဖြစ်ဘူးလေ။ ဥပမာ File တစ်ခု ကော်ပီကူးချင်တယ်ဆိုရင် Windows မှာဆို လွယ်လွယ်လေး .. ကူးချင်တဲ့ဖိုင်လေးကို နှိပ် ကော်ပီလို့ ပြောပြီး ကူးစေချင်တဲ့နေရာမှာ ပေ့စ် ဆိုရင်ပြီးပြီ။ DOS မှာတော့အဲလိုမဟုတ်ဘူး။ Drive A ထဲက Text File တစ်ခု ကို B ထဲကို ကူးထည့်ချင်တယ်ဆိုရင် Command Prompt မှာ “COPY A:\test.txt B:\” ဆိုပြီးရိုက်ထည့်ရပါတယ်။ အသေးစိတ် လုပ်ရတာများလေ Command ရှည်ရှည်ဝေးဝေးတွေ ပိုရိုက်ရလေပါပဲ။ အဲဒီမှာ Commands တွေကို အသေအချာ မမှတ်မိလို့ တလွဲရိုက်မိတာတို့ စာလုံးပေါင်းတစ်ခုခု မှားရိုက်မိတာတို့ဆိုရင် “Bad Command or File Name…” ဆိုတာကြီး စကရင်ပေါ်မှာ ပေါ်လာတော့တာပဲ။ အဲဒါဆို ကိုယ်ရိုက်လိုက်တဲ့ Command ကို ဘာမှားနေလဲပြန်စစ် ပြန်ရိုက် မမှန်မချင်း အဲဒီ Bad Command ကြီးနဲ့ပဲ သံသရာလည်နေတော့တာ…

သင်တန်းပြီးသွားပြီးတဲ့ နောက်ပိုင်းမှာတော့ အဲဒီ ကွန်ပျူတာနည်းပညာတွေကို အတော်လေးစိတ်ဝင်စားမိသွားပါတယ်။ ကိုယ်အဓိက စိတ်ဝင်စားတဲ့အပိုင်းတွေက Computer Hardware ပိုင်း၊ သီအိုရီပိုင်းနဲ့ Programming အပိုင်းတွေပါ။ Problem Solving လုပ်ရတာ Program တွေကို စဉ်းစားပြီးရေးရတာ အရမ်းကို စိတ်ဝင်စားခဲ့တယ်။ သင်တန်းတွေမှာ Programming Project တွေလုပ်ရတာကိုလည်း အရမ်းသဘောကျတယ်။ ပရောဂျက်ဆိုရင် အင်မတန် တက်ကြွစွာနဲ့ လုပ်ခဲ့ဖူးတာပေါ့။ (အမှန်တော့ ကိုယ်က System Analyst အရမ်းဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် အခြေအနေက မပေးတော့ နောက်ဆုံး အိမ်ရှင်မဘ၀နဲ့ မီးဖိုချောင် Analyst ဖြစ်သွားရတယ်ဆိုပါတော့ကွယ်။ :P )

အဲဒါပြီးတော့နောက်ပိုင်း ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ကျောင်းပြီးအောင် ပြန်တက်နေရတာနဲ့ ကွန်ပျူတာ နည်းပညာတွေနဲ့ နည်းနည်း အဆက်ပြတ်သွားပြန်တယ်။ ကျောင်းပြီးသွားလို့ ကိုယ်စိတ်ဝင်စားတဲ့ ကွန်ပျူတာပိုင်းကို ပြန်စတဲ့အချိန်မှာ နည်းပညာက သိပ်အရမ်းကြီး မကွာသွားသေးပေမယ့် အနည်းငယ် ပြောင်းလဲစတော့ ပြုနေပါပြီ။ Floppy ကနေ Boot တင်တဲ့ခေတ် ကုန်သွားပြီး XT, AT, (80286/ 80386/ 80486) လို မော်ဒယ်လ် နဲနဲပိုမြင့်လာတဲ့ ကွန်ပျူတာတွေနဲ့ Hard disk တွေသုံးနေကြပြီ။ 3 ½ Floppy တွေကို တွင်တွင်ကျယ်ကျယ် သုံးလာကြပြီး 5 ¼  Disk တွေကတော့ ဒိတ်အောက်သွားပြီမို့ သိပ်မသုံးကြတော့ပါဘူး။ သင်တန်းတွေမှာဆိုလည်း ကွန်ပျူတာ ဆယ်လုံး ဆယ့်ငါးလုံးလောက်ကို Server နဲ့ Network ချိတ်ပြီး သင်နိုင်တဲ့အနေအထားမျိုးတွေ ဖြစ်နေခဲ့ပြီ။ နောက်ပြီး System တွေမှာ DOS ကိုအခြေခံထားတဲ့ Windows 3.11 ကလည်း အတော်ကို အသုံးတွင်ကျယ်နေပြီ ဖြစ်လို့ မောက်စ်တွေဘာတွေနဲ့ Windows ကိုသုံးနေရပါပြီ။ အဲဒီနောက်ပိုင်း ဒီပလိုမာတန်းတွေ စတက်တဲ့အချိန်မှာ Windows 95 ပေါ်လာရာကနေ ချက်ချင်း အသုံးတွင်ကျယ်လာပြီး System တွေအားလုံး DOS ကိုအခြေခံရာကနေ  Window ကိုအခြေခံတဲ့ စနစ်တွေအဖြစ် ကူးပြောင်းသွားပြီးတဲ့ နောက်ပိုင်းမှာတော့ နည်းပညာရဲ့ တိုးတက်မှုတွေက အရမ်းကိုမြန်လာပါတော့တယ်။ Hardware ပိုင်းမှာလည်း Pentium Processors တွေနဲ့ မြန်နှုန်းမြင့် Performance ကောင်းကောင်း မော်ဒယ်လ်အသစ် ဒီဇိုင်းအသစ်တွေနဲ့ ကွန်ပျူတာတွေ ဈေးကွက်ထဲမှာ သင့်တင့်တဲ့ဈေးနှုန်းများနဲ့ ဖေါဖေါသီသီ ရနိုင်လာလို့ Desktop PC တွေကို လူသုံးများလာတဲ့ အချိန်ပေါ့။ နိုင်ငံတကာမှာ တွင်ကျယ်နေပြီဖြစ်တဲ့ အီးမေးလ်တို့ အင်တာနက်တို့တွေလည်း အဲဒီအချိန်က ကိုယ်တိုင် မသုံးဖူးသေးပေမယ့် သီအိုရီအရ မဖြစ်မနေ သင်ကြရပြီဆိုတော့ ကြားဖူးနားဝ အသိတွေ ရှိလာပြီလို့ ပြောနိုင်ပါတယ်။ အဲဒီကနေ တောက်လျှောက် နည်းပညာဟာ ကမ္ဘာပေါ်မှာ ကြောက်ခမန်းလိလိကို ခုန်ပျံကျော်လွှားပြီး တိုးတက်သွားလိုက်တာ ကိုယ်တို့တတွေမှာ အဲဒီနည်းပညာခေတ်ထဲ နောက်ကျကျန်မနေရအောင်လို့ တတ်နိုင်သမျှ မမှီမကမ်း အပြေးအလွှား ခုန်ပျံကျော်လွှား မှီရာဆွဲပြီး လိုက်ရတဲ့အဖြစ်ကို ရောက်ရတော့တာပါပဲ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခုခေတ်လို နည်းပညာတွေ အများကြီးကြားမှာ လေ့လာသင်ကြားရတာ လွယ်လွယ်ကူကူနဲ့ အရာရာတိုင်းဟာ လက်တကမ်းမှာရှိနေပြီး တိုးတက်နေတဲ့ အနေအထားမျိုးကို မရောက်ခင် နည်းပညာအသစ်တွေ ပေါ်ထွန်းကာစ အချိန်ကာလတခုတုန်းက စတင်ထိတွေ့ခွင့်ရခဲ့တဲ့ နည်းပညာခေတ်ဟောင်းရဲ့ အခြေအနေများထဲမှာ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို ပြန်စဉ်းစားမိတိုင်း စိတ်ထဲမှာ အမြဲတမ်း အမှတ်တရရှိနေခဲ့တာတော့ အမှန်ပါပဲ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(Photos searched from Google Image)

9 comments:

ကိုဇော် said...

ကျနော် ဆိုရင် ကွန်ပျူတာနဲ့ ပတ်သတ်ပြီး ဘာမှ ဘာမှ သိပ်နားမလည်တဲ့ လူပါဗျာ။
ကွန်ပျူတာနဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့ ၂ လလောက်က အထိ ဘယ်သင်တန်းမှလည်း မတတ်ခဲ့ဖူးပါဘူး။ ကိုယ့်ဖာသာကိုယ်ပဲ စာအုပ်ဖတ် လေ့လာခဲ့ရတာပါ။ ဒီလိုပဲပေါ့နော့

Anonymous said...

Yes, the time we tried to remember the DOS commands by hard & use the Application Diskettes..Now, time is changed already & we can use the computer very easy..!!!

ဖိုးကြယ် said...

ကိုယ်မသိလိုက်ရတဲ့ အကြောင်းတွေဖတ်ရတာ ပိုနှစ်သက်မိတယ်......

ခင်တဲ့(ဖိုးကြယ်)

နေ၀သန် said...

မီးဖိုချောင် Analyst နဲ့တော့ မနေပါနဲ့လေ.. :D.. အားသလို ပြန်လုပ်ပါဦး... ဟိုး ၈၉ ကတည်းက စလုပ်ခဲ့တာဆိုတော့ ဘိုးအေခေတ်ကတည်းက လေ့လာခဲ့တယ်ပြောရမယ်... ကျွန်တော်တော့ အဲဒီတုန်းက လမ်းတောင်မလျှောက်တတ်သေးဘူးထင်ရဲ့.. :D..

ခင်မင်လျက်
နေ၀သန်

မေဓာဝီ said...

ကျမလဲ ၀င်းဒိုးမပေါ်ခင် DOS ခေတ်နှောင်းပိုင်းကို တပိုင်းတစတော့ မှီလိုက်သေးတယ် မအိမ်သူရေ ... ။ lotus 123 တို့ ဘာတို့ သုံးခဲ့ဖူးသေးတယ်။ ဒေတာသိပ်မဆန့်တဲ့ ဖလော်ပီ ပျော့ဖတ်ဖတ်ကြီးတွေဆို ခုခေတ် ကလေးတွေ မြင်ရင် အံ့သြကြမလားမသိဘူးနော်။ မအိမ်သူ ပြန်ရေးပြမှ အဲဒီခေတ်က ကွန်ပျူတာ သုံးခဲ့ရတဲ့ဘ၀ကို ပြန်သတိရ မိတယ်။
နည်းပညာရဲ့ တိုးတက်မှုကတော့ တကယ်ကို အံ့မခန်းပါပဲ။

သိင်္ဂါကျော် said...

ကွန်ပျူတာ ဆိုတာကို ၉၆ က ပထမနှစ် စတက်တော့မှ မြင်ဖူးတာပေါ့..။ ဘာမှမသင်ရသေးပဲ ကွန်ပျူတာခန်းထဲ စသွင်းလိုက်တော့ ဘယ်က စ ဖွင့်ရမှန်းမသိ၊ ဘာလုပ်ရမှန်းမသိ။ နယ်ကလာတာ ဆိုတော့လေ။ သင်တန်းတက်ဖူးပြီးသား ရန်ကုန်သူတွေထဲမှာ အားငယ်ဖူးပါရဲ့။

Nyi Linn Thit said...

ကျနော်လည်း DOS နှောင်းပိုင်းလောက်မှာ ပထမဦးဆုံး သင်ဖူးခဲ့သေးတယ်၊ အဲဒီအချိန် ဝင်းဒိုး ထွက်လာတော့ မယ့်အကြောင်း စ,ပြီး ပြောနေကြပြီ၊ သင်တန်းမှာ ဝင်းဒိုးအတွက် အကြိုသင်တန်းတွေတောင် ပေးနေကြ ပြီ၊ အခုလို ပြန်ရေးပြတော့လည်း တကယ့်ကို အမှတ်တရ ပါပဲ၊

ချစ်ကြည်အေး said...

ညီမ မအိမ်သူ အမလည်း အဲဒီ Bad Command or File Name ဆိုတာကြီး ပေါ်လာမှာ သိတ်ကြောက်ခဲ့တာ၊ အဲလိုပဲ ကော်မန်တခုခုပေးလို့၊ ကော်ပီလုပ်လို့ တဖျတ်ဖျတ်တက်လာတာတွေကိုလည်း ပျက်သွားမလား စိုးရိမ်ခဲ့ဖူးတာ။ ဝင်းဒိုး စစ်စတမ်တွေ ပေါ်လာပြီးနောက်ပိုင်း ညီမ ပြောသလိုပဲ သိတ်မြန်ဆန်လာတော့တာ။ ညီမက တော်တော်လေး မှတ်မိတာပဲ...။ အမှတ်တရတွေပေါ့ ညီမရေ...:)

ကန်တော်၇ိပ်သာ said...

ကျွန်တော်ကအခုမှအိပ်ယာက နိုးလာတာလေ ကျွန်တော်မျက်စိဖွင့်ကြည့်လိုက်တော့ အင်တာနက်မိုးကောင်းကင်ကြီးက မိုးစင်စင်လင်းနေပြီလေ

Related Posts Plugin for WordPress, Blogger...