Thursday, July 7, 2011

Woman ရဲ့ အစ


ဘုရားသခင်က သူ့ဖန်ဆင်းမှုကို လက်စသတ်လိုက်တယ်။ ပြီးစီးသွားတဲ့ လူသားပုံစံကို ကျေနပ်စွာကြည့်ပြီး အဲဒီ ပုံသဏ္ဍာန်ကို လူယောက်ျား (Man) လို့ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတဲ့နောက် လူယောက်ျားရဲ့ ကိုယ်ထဲကို အသက်ဝိဉာဉ်မှုတ်သွင်းပေးလိုက်ပြီး အသက်ရှင်လာတဲ့ လူယောက်ျားရဲ့ နာမည်ကို အာဒမ်လို့ ခေါ်တွင်စေခဲ့တယ်။ ပြီးတော့ အာဒမ်ကို ကောင်းကင်ဘုံမှာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကိုလည်း ပေးသနားလိုက်တယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ ဘုရားသခင်က အာဒမ်ကိုကြည့်ရင်းနဲ့ တစ်စုံတစ်ခုကို သတိထားမိသွားတယ်။

အာဒမ်ဟာ ပျော်ရွှင်ဘွယ်ရာအတိနဲ့ အရာရာ ပြီးပြည့်စုံလွန်းတဲ့ ကောင်းကင်ဘုံမှာ နေနေရသော်ငြား အဖေါ်မရှိ တစ်ကိုယ်တည်း ပျင်းရိငြီးငွေ့ဘွယ် ဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် ဘုရားသခင်က နောက်ထပ် လူသားတစ်ဦးကို ထပ်မံဖန်ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အာဒမ်ကို အံ့သြ၀မ်းမြောက်စေလိုတဲ့အတွက် အာဒမ် အိပ်ပျော်နေစဉ်မှာ ဘုရားသခင်က အာဒမ်ရဲ့ အဖေါ်လူသားကိုဖန်ဆင်းလိုက်တယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်နှစ်သက်ကြစေလိုတဲ့အတွက် ဒုတိယလူသားကို အာဒမ်ရဲ့ကိုယ်ပွားအဖြစ် ဖန်ဆင်းခဲ့တယ်။ တစ်ဦးနဲ့ တစ်ဦး အမှီသဟဲပြုနိုင်အောင်လည်း လူသားနှစ်ဦးကို ဆန့်ကျင်ဖက် အရည်အသွေးတွေရှိအောင် ဖန်ဆင်းလိုက်တယ်။ အာဒမ်ကို ဖန်ဆင်းစဉ်က ကျားကျားလျားလျား အားကောင်းမောင်းသန် သန်မာကြံ့ခိုင်တဲ့ ခွန်အားဗလနဲ့ ပြည့်စုံအောင်ပြုလုပ်ခဲ့လို့ ဒုတိယ ဖန်ဆင်းတဲ့ လူသားကိုတော့ ဘုရားသခင်က နုနုညံ့ညံ့ နွဲ့နွဲ့နှောင်းနှောင်း အရာရာမှာ ပျော့ပျောင်းတဲ့ အသွင်သဏ္ဍာန် ဖြစ်အောင် ပြုလုပ်လိုက်တယ်။

လူသားနှစ်ဦးဟာ ပုံစံတူ မူကွဲ မတူကွဲပြားတဲ့ အရည်အချင်းများနဲ့ အတူတကွ ရှင်သန်နိုင်အောင် ဘုရားသခင်က ဂရုတစိုက် ဖန်ဆင်းခဲ့တယ်။ ဒုတိယလူသားကို ဖန်ဆင်းပြီးစီးသွားတဲ့ အချိန်မှာ ဘုရားသခင် စဉ်းစားရတော့တယ်။ လူယောက်ျားရဲ့ ကိုယ်ပွား ဒီဒုတိယမြောက်လူသားကို လူယောက်ျားနဲ့ ဆင်တူတဲ့ ဘယ်လို အမည်နာမမျိုးကို ခေါ်ဆိုသတ်မှတ်ရမလဲ ဆိုတာကို ဘုရားသခင် ရုတ်တရက် စဉ်းစားလို့မရခဲ့ဘူး။ အဲဒါနဲ့ ဘုရားသခင်လည်း ဒုတိယလူသားကို အသက်အရင်သွင်းလိုက်ပြီးတဲ့နောက် ဧ၀လို့ အမည်ပေးလိုက်ပြီး အာဒမ်ရဲ့ ဘေးနားမှာ လဲလျောင်းနေစေခဲ့တယ်။ အာဒမ် နိုးထလာတဲ့အချိန်မှာ သူ့ဘေးနားမှာ ပြုံးရွှင်ချိုသာတဲ့ အသွင် နုညံ့ပျော့ပျောင်းတဲ့ အသားအရေနဲ့ သူနဲ့အလွန်တူသော်လည်း သူနဲ့ လုံးဝမတူတဲ့ ချစ်စရာ ကောင်းလှတဲ့ လူသားအဖေါ်တစ်ယောက်ကို တွေ့လိုက်ရတဲ့အချိန်မှာ အာဒမ်ခမျာ အလွန်ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ဘုရားသခင်ကို ကျေးဇူးတွေ အထပ်ထပ်တင်နေတော့တာပေါ့။

အဲဒီအချိန်ကစလို့ အာဒမ်နဲ့ ဧ၀ဟာ သွားအတူ လာအတူ စားအတူ အိပ်အတူနဲ့ တတွဲတွဲ မခွဲမခွာ အကောင်းဆုံး အဖေါ်မွန်တွေအဖြစ် ကောင်းကင်ဘုံမှာ အတူ သွားလာ နေထိုင်ကြတာပေါ့။ ဒါပေမယ့် ဘုရားသခင်ကတော့ ဒုတိယလူသားကို အကောင်းဆုံးအမည်နဲ့ ခေါ်တွင်နိုင်ဖို့ အတွက် တတွဲတွဲ ကြည်နူးစွာ သွားလာပျော်ရွှင်နေတဲ့ အာဒမ်နဲ့ ဧ၀ကို စောင့်ကြည့်ပြီး စဉ်းစားနေခဲ့တယ်။ ကြမ်းကြမ်း တမ်းတမ်း သန်သန်မာမာ အင်မတန် စွမ်းအားကြီးလှတဲ့ အာဒမ်ဟာ နုညံ့ပျော့ပျောင်းတဲ့ ဧ၀ရဲ့ ချိုသာ ချွဲနွဲ့တဲ့ တောင်းဆို ပူဆာမှုတွေကို မလွန်ဆန်နိုင်တာကို ဘုရားသခင်က သတိပြုမိတယ်။  ဧ၀ရဲ့ မျက်ရည်ကို အင်မတန် ကြံ့ခိုင်တဲ့ လူသား အာဒမ်ရဲ့ မာကျောတဲ့နှလုံးသားက အရည်ပျော်အရှုံးပေးရတာကို ဘုရားသခင် တွေ့ရှိသွားတဲ့အချိန်မှာတော့ 
ဘုရားသခင်နှုတ်ကနေ ရေရွတ်မိသွားတယ်။ 

လူယောက်ျား (Man) ဆိုတော့ သူ (He) - သူက လူယောက်ျား (He Man)
ဒုတိယ လူသားက သူ့ရဲ့ ကိုယ်ပွားဆိုတော့ သူမ (She) … He နဲ့ She ... He man -- She ကဘာလဲ..
သူမက သူ့နှလုံးသားကို အနိုင်ရတယ် (She won man’s heart)…

အဲဒီလိုဆိုတော့ He man – She won man … She Won Man!!! ဟုတ်ပြီ။
ဒုတိယ လူသားအတွက် အကောင်းဆုံးအမည်ကို ဘုရားသခင် တွေ့သွားပြီ။
She Won Man!!!  She Won Man!!!
ဘုရားသခင် ဆုံးဖြတ်လိုက်တယ်။ ဒုတိယလူသားဟာ She Won Man ဖြစ်တဲ့ အတွက်ကြောင့် Won Man - လူမိန်းမ (Woman) လို့ ခေါ်တွင်စေဖို့ ဘုရားသခင် သတ်မှတ်လိုက်တော့တယ်။
သူ့ဖန်ဆင်းမှု ပြီးပြည့်စုံသွားတဲ့အတွက် ဘုရားသခင် အလွန်တရာ ကျေနပ်သွားတယ်။
ဘုရားသခင် နှုတ်က ကျေနပ်စွာ ရေရွတ်နေခဲ့တယ် … “He – Man,  She – Woman …”

* * *  #  * * *

(ဒီပုံပြင်လေးကို ငယ်ငယ်တုံးက ကျောင်းမှာ အင်္ဂလိပ်စာသင်တဲ့ ဆရာက ဝေါဟာရတွေကို ခွဲခြားမှတ်မိအောင် ပြောပြပြီး သင်ခဲ့တဲ့ ပုံပြင်ကလေးပါ။ ဆရာဘယ်လောက် အပြောကောင်း အသင်ကောင်းလဲဆိုတာ အခုထိ အဲဒီပုံပြင်ကို မမေ့သေးပါဘူး။ Man နဲ့ Woman စာလုံးတွေကို တွေ့တိုင်း အဲဒီပုံပြင်လေးကိုဘဲ သွားသွား သတိရနေခဲ့တာ အခုအချိန်ထိပါဘဲ။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

11 comments:

ညိမ်းနိုင် said...

ဂလိုလား...သိပါဘူး...မန်း(ယောင်္ကျား)တွေကို တဝူးဝူးနဲ့
ခြောက်တတ်လွန်းလို့ ဝူးမန်းလို့များခေါ်သလားလို့....:D
စတာပါဗျာ..၊ဗဟုသုတရသဗျ...။အင်း...ကျွန်တော်တော့
အနိုင်မခံတော့ဘူးဗျိုး....:)

ဟန်ကြည် said...

နာမည်ပေးလဲ ပေးတတ်ပါပေရဲ့ ဘုရားသခင်ရယ်...စံဇာဏီဘိုတောင် အရှုံးပေးရလောက်ပါရဲ့...

လသာည said...

ဝူးမန်းအစက ဒီလိုကိုးး)))

မင်းဧရာ said...

ပုံတိုပတ်စ တွေကြောင့် ဗဟုသုတ
ရစေသလို အောက်က comment တွေကြေင့်လည်း
ရယ်ခဲ့ရပါသေးတယ်။

Cameron said...

မအိမ်သူပြောပြမှသာ woman ဖြစ်လာရကြောင်းသိရတာ....။ ပုံပြင်လေးအတွက် ကျေးဇူးပါ...။

ခင်တဲ့
မိုးငွေ့

mstint said...

အာဒမ်နဲ့ ဧဝ ပုံပြင်လေး ဗဟုသုတအဖြစ် ဖတ်သွားတယ် မအိမ်သူရေ။ အဲ့ဒီလို ဆန်ဆန်ပုံပြင်လေးတစ်ပုဒ်ကို အန်တီ့တူမပြောပြလို့ ကြားဖူးသေးတယ်ကွဲ့။ ပျော်ရွှင်ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဗဟုသုတတစ်ခု တိုးပါတယ် မအိမ်သူရေ.
မသိသေးတာ သိလိုက်ရလို့ ကျေးဇူးပါ

နေ၀သန် said...

း).. ခုမှကြားဖူးတယ်... :P


ခင်မင်လျက်
နေ၀ဿန်

မေဓာဝီ said...

ဒါဖတ်ပြီး ဟိုတလောက ဘကျောက်ရေးခဲ့ဖူးတာလေး သတိရမိတယ်။
မိန်းမတွေကို ဣတ္ထိယ ခေါ်တာ အိပ်ရင် ထိရလို့ ဆိုပဲ။ ကြံကြံဖန်ဖန်လဲ ပြောတတ်ကြတယ်နော်။ :))

မိုးယံ said...

အဲဒီ ဘုရားသခင် ဆတ်ဆော့မှု ကြောင့် အခု လူတွေများ စစ်ဆွေဖြစ်၊ သတ်ကြဖြတ်ကြ၊

အဓိက တရားခံက အဲဒီ လူကို ဖန်ဆင်းတဲ့ ဘုရားသခင်ကို ဖန်ဆင်းတဲ့ကောင် တရားခံပဲ။

ဘာမှ မဖန်ဆင်း ဘာမှ မရှိရင် အစကတည်းက အဆင်ပြေနေတာကို၊ သူရှိမှန်းသိဖို့ လူကို ဖန်တီးလိုက်တာ...

သူမွေးတဲ့ မျောက်သူ့ ပြန်ခြောက် ၊ သူမစားခိုင်းတာ စား၊ သူ ဦးနှောက်စား၊ နောက်ဆုံးတော့ ပညတ်ချက်တွေ အစုံလျှောက်ပြော။ အဟောင်းတွေ အသစ်တွေပြောင်း၊ နောက်ဆုံး ကျမ်းဆိုတာတွေဖြစ်။

အားလုံးကို ရှုပ်နေတာပဲ။

အဲဒီပုံပြင်တွေကလည်း အမြဲတမ်း အရောင်းရဆုံး စာအုပ်တွေ ဖြစ်သတဲ့။

Angelhlaing(May everybody be happy and healthy! said...

မမရေ ပုံပြင်လေး လာနားထောင်တယ်...:)

Related Posts Plugin for WordPress, Blogger...