Thursday, July 28, 2011

ဝမ်းတထွာအတွက် စားစရာ

တစ်နေ့တစ်နေ့ မနက်မိုးလင်းလို့ မျက်စေ့နှစ်လုံးပွင့်တာနဲ့ အရင်ဆုံးစဉ်းစားရတဲ့အလုပ်က မနက်စာအတွက် ဘာစီစဉ်ရပါ့… နေ့လည်စာကို ဘာဟင်းလေးများ ချက်ရရင်ကောင်းမလဲနဲ့ ခေါင်းစားရတာက စပါတယ်။ လူကြီးတွေပြောသလို ၀မ်းတစ်ထွာဘဲရှိလို့သာ တော်တော့တယ် ဆိုတာမျိုး… တစ်နေကုန် စားတဲ့သောက်တဲ့ဟာ စာရင်းချကြည့်လိုက်ရင် နဲတာမဟုတ်… တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြုတ် စားသောက်နေရတာကိုက ဘ၀ပေးတာဝန်ဖြစ်နေတာ။ ဒါကလူတိုင်း မသေမချင်းလုပ်ရမယ့်အလုပ်လေ.. မစားရင် သေမှာကိုး… အဖွားရှိတုံးက ခဏခဏ ပြောပါတယ် “လူတွေမှာလည်း တစ်နေ့တစ်နေ့ မစင်တုံးကို တန်ဆာဆင်ရတဲ့အလုပ်က မလွယ်ဘူး” တဲ့ ..း D

ကဲ.. ဘရိတ်ဖတ်စ်လေးက စလိုက်ကြရအောင်… ဒီနေ့တော့ ဆီထမင်းလေးစားတာပေါ့။ ဆီထမင်းလေးထိုး နှမ်းထောင်းကလေးဖြူးပြီး ပဲပြုတ်ကလေးနဲ့ ငါးနီတူခြောက်ကြော်လေးနဲ့ မနက်စာ ကိစ္စကိုရှင်းလိုက်ပါတယ်။ ကော်ဖီလေးတစ်ခွက်လည်းပါသေးတာပေါ့နော်။ ကော်ဖီကိုတော့ မှတ်တမ်းမတင်လိုက်မိတော့ဘူး။ သောက်ပြီးမှ သတိရလို့…း P


မနက်စာအတွက် ဘာချက်ရပါ့မလဲ… တစ်ခါလာဒီဟင်း.. တစ်ခါလာဒီဟင်းဆိုတာမျိုးတွေလည်း ရိုးနေပြီ။ လွယ်လွယ်ကူကူချက် စားပြီးဗိုက်ထဲရောက်ရင် မစင်ဖြစ်မှာဆိုပေမယ့်လည်း နေ့တိုင်းဒါ .. ဒါ ဆိုတာမျိုးကြီးကျတော့ မစားချင်ပြန်… အပြောင်းအလွဲလေး စားချင်တတ်ကြတာလည်း လူတွေရဲ့သဘာဝကိုး…

ရေခဲသေတ္တာထဲ တီလားပီးယား ငါးတစ်ကောင်ရှိသေးတယ်။ ငါးဖယ်ကြော်ကလေးကလည်း ဗူးထဲမှာ လေးငါးခုကျန်သေးတယ်။ ဟင်းသီးဟင်းရွက်က ခ၀ဲသီးလေး နှစ်လုံးနဲ့ ဖရုံညွန့်ကလေးတစ်စည်းရှိတယ်။ အစိမ်းကြော်ကြော်စရာ အသီးအရွက်ကလေးတွေလည်း နဲနဲကျန်တယ်။ ဆက်ထားရင်ကောင်းတော့မှာမဟုတ်ဘူး။ သရက်သီးစိမ်းလေးကလည်း တစ်လုံးရှိတယ်။ ငန်ပြာရည်ဖျော်မစားရတာ ကြာပြီဆိုတော့ ဟင်းအရံကို ငန်ပြာရည်ဖျော်နဲ့ တို့စရာအစုံလေးလုပ်လိုက်မယ်။


ဟင်းရေသောက်ကို ခ၀ဲသီးနဲ့ ဖရုံညွန့် ရောပြီးကြော်ချက်ကလေး အရည်များများလေးနဲ့ချက်လိုက်ရင် ကောင်းမယ်။ ဟင်းချိုလေးပေါ့။


ငါးကို ဘာလုပ်ရပါ့။ ငါးကြော်နဲ့ ဟင်းချိုဟင်းနဲ့တော့ လိုက်ပါတယ်။ ဒါပေမယ့် အခြောက်တိုက်ကြီးဖြစ်နေပြန်ရော။ ငါးဟင်းကလည်း ဟိုနေ့ကစားပြီးပြီ။ ဟိုအစိမ်းကြော် အသီးအရွက်တွေကိုလည်း သုံးလိုက်ချင်တယ် ဆိုတော့ ငါးကြော်နှပ်ကို ကော်ရည်လေးနဲ့ ချိုချဉ်လုပ်လိုက်ရင် အဲဒီထဲကို အသီးအရွက်တွေ ထည့်လိုက်လို့ရတယ်။ အပြောင်းအလဲလေးလည်း ဖြစ်သွားရော…

ငါးကိုင် ဆားဆနွင်းနဲနဲနဲ့နယ် ဆီအိုးတည် ပြီးတော့ ငါးကို အကောင်လိုက် ကြွပ်နေအောင်ကြော်ပြီး ပန်းကန်ထဲ အဆင်သင့် ဆယ်ထားလိုက်တယ်။ အသီးအရွက်တွေ ရေဆေးပြီး ဇကာနဲ့စစ်ထားတုန်းမှာ ကော်မှုန့်လေး စားပွဲဇွန်းမောက်မောက် တစ်ဇွန်းလောက်ကို ရေအေးနဲ့ဖျော်တဲ့အထဲ ဆား သကြားလေး နဲနဲစီထည့် ပဲငံပြာရည်အပျစ် (ကြာညို့)ကို လဘက်ရည်ဇွန်း တစ်ဝက်လောက်ထည့် ချိုချဉ် အရသာအတွက် ချီလီဆော့စ်နဲ့ ခရမ်းချဉ်သီးဆော့စ်ကို စားပွဲဇွန်း တစ်ဇွန်းလောက်စီထည့်ပြီး ချိုချဉ်ကော်ရည်ဖျော် အဆင်သင့် ပြင်ထားလိုက်ပါတယ်။ ရှာလကာထည့်လည်းရပေမယ့် ဆော့စ်နဲ့က ဟင်းအရောင်ပိုလှပြီး အရသာကလည်း အချဉ်သိပ်မစူးတော့ဘူးပေါ့။ ကြက်သွန်နီလေးစိတ်ကွဲနဲ့ ကြက်သွန်ဖြူ ဒါးပြားရိုက်ကို ဆီသတ် အသီးအရွက်တွေထည့်ကြော်ပြီး အသီးအရွက်တွေ သိပ်မနွမ်းခင် ခပ်စိမ်းစိမ်းလေးမှာ ဖျော်ထားတဲ့ ကော်ရည်လောင်းထည့်လိုက်လို့ ဆူလာတာနဲ့ အချိုအချဉ် အပေါ့အငန်လိုသလိုမြည်းပြီး အနေတော်ဖြစ်ပြီဆိုရင် ခုနက ငါးကြော်ပေါ်ကို လောင်းချလိုက်တော့ ငါးကြော်ချိုချဉ်ပေါင်း ဖြစ်သွားရောပေါ့။



မနက်စာကိစ္စ ပြီးပြန်တော့ လာပြန်ပါပြီ နေ့လယ်နေ့ခင်း အဆာပြေ လဘက်ရည်သောက်ချိန်… ရေနွေးတည် တီးမစ်လေးတစ်ထုပ်ဖျော် လိပ်ပြာကူကီးစ်လေးနဲ့ ..


ခရင်မ်နဲ့ ကိတ်မုန့်ခွက်ကလေးလဲ တစ်ခွက်ရှိတယ်။ ရေခဲမုန့်ခွက်ကလေးလိုဘဲ။ ဒီက ကိတ်မုန့်ဆိုင်တွေက စိတ်ဝင်စားစရာ လှလှပပလေးတွေ အတော်လုပ်တတ်တယ်။ မြင်တာနဲ့တင် စားချင်စရာ .. မွေးနေ့ကိတ်တွေဆိုလည်း လှမှလှ…


ကဲ.. တစ်နေ့တာက မကုန်သေးပါဘူး။ ညစာအတွက် စီစဉ်ရအုံးမယ်လေ။ မနက်က ဟင်းချိုရှိသေးတယ်။ ငါးလည်း နဲနဲကျန်သေးတယ်။ ငန်ပြာရည် တို့စရာတွေ ရှိသေးတယ်။ ဒီငါးဖယ်ကြော်လေး လေးငါးခုကို သုပ်လိုက်ရင် ဟင်းတစ်ခွက် ရတာပေါ့။ ရေခဲသေတ္တာဖွင့် လိုတာထုတ်ရင်း ရှောက်သီးလေးတစ်စိတ် ကျန်နေတာကိုပါတွေ့လို့ ငါးဖယ်နဲ့ ရှောက်သီးသုပ်ဖို့ အကြံရသွားရော။ အဲဒါနဲ့ ငါးပိလေး လက်တစ်ဆစ်လောက် ဖုတ်လိုက်ပြီးတော့ ငါးဖယ် ကြက်သွန်နီ ဂေါ်ဖီ ငရုတ်သီးစိမ်းတွေ ပါးပါးလှီး ရှောက်သီးလေးမွှာပြီးထည့် ငါးပိဖုတ်ကလေးထည့် ရှောက်ရွက်ကလေးပါ ပါးပါးလှီးထည့်လိုက်တယ်။ မုန်လာဥနီကလေးလည်း တစ်ဖြောက်နှစ်ဖြောက်ခြစ်ထည့်လိုက်သေးတယ်။ အသုပ်ထဲမှာ ဂျိုးဂျိုး ဂျွတ်ဂျွတ်လေး ၀ါးရတာကြိုက်လို့… အားလုံးအဆင်သင့် လှီးချွတ်ပြီးတော့ ငန်ပြာရည်လေးနဲ့ ဟင်းခတ်မှုန့်လေးထည့် ပြီးအကုန်ရောနယ်သုပ်လိုက်ရင် ရှောက်ရွက်နံ့မွှေးမွှေးလေးနဲ့ ငါးဖယ်ရှောက်သီးသုပ်လေးတစ်ခွက်ရပါပြီ။ တခါတလေ အဲဒီလို ပဲမှုန့်တွေ ဆီချက်တွေမပါဘဲနဲ့ အကြမ်းသုပ်လေးစားရတာလည်း ကောင်းတာဘဲ။


ခလေးအတွက်တော့ ကြက်ဥလေးကြော်ပေးရရင် ကောင်းမယ်ထင်ပါရဲ့။ အင်း.. ဒါလည်း ရိုးရိုးမကြော်ဘဲနဲ့ ဟို ဂျပန်ကြက်ဥလိပ်ဆိုတာမျိုး လက်တည့် စမ်းကြည့်လိုက်အုံးမယ်။ ပလိန်းမလုပ်ဘဲ အစာပလာလေးနဲ့ လိပ်ကြော်ကြည့်ဖို့ စိတ်ကူးရတာနဲ့ ကြက်အူချောင်းလေးနဲ့ ငါးတိုဖူးလေးတစ်တုံး ပါးပါးလှီး မုန်ညင်းဖြူထုပ်ကလေး တစ်ရွက်နှစ်ရွက်နဲ့ ကြက်သွန်နီလေး ပါးပါးလှီးထည့်ပြီး ငရုတ်ကောင်းမှုန့် များများလေးဖြူး ဆားရယ် ပဲငံပြာရည်အကြည်ရယ် အားလုံးထည့်ပြီး ကြက်ဥသုံးလုံးနဲ့ ရောခေါက်လိုက်တယ်။ Non-stick pan ကို ဆီသုတ်ပြီး ကောင်းကောင်းပူလာမှ မီးအေးအေးလေးနဲ့ တစ်လွှာချင်း လိပ်လိပ်ပြီးကြော်သွားတာ ငါးလွှာလောက်ထပ်ရတယ်။


အမယ် အဲဒီဟာကြော်ရတာ အတော်စိတ်ရှည်ရှည်နဲ့ အကြာကြီးကြော်လိုက်ရတယ်။ အဲဒီကြက်ဥလိပ် တစ်လိပ်ရဖို့ နာရီဝက်လောက်တောင် ကြာတယ်ထင်ပါရဲ့။ အသစ်အဆန်းဆို လက်တည့်စမ်းပြီး လုပ်ကြည့်ချင်တာ… ခလေးကတော့ အထူးအဆန်းစားရလို့ သဘောတွေကျနေလေရဲ့… ဒီအတိုင်း သွားရေစာလိုမဟုတ်ဘဲ ထမင်းနဲ့စားတော့လည်း စားလို့ကောင်းတယ်။ နောက်ကို ဟင်းတစ်မျိုးရပြန်ပြီပေါ့…



တစ်နေ့တာ ၀မ်းတစ်ထွာအတွက်တော့ ပြီးသွားပြန်ပါပြီ… အဲဒီလိုနဲ့ဘဲ တစ်နေ့တစ်နေ့ တစ်ရက်တစ်ရက်နဲ့ လူတွေလည်း ၀မ်းတစ်ထွာအရေး ရှာရဖွေရ ချက်ရပြုတ်ရ အလုပ်တွေရှုပ်ရနဲ့ အချိန်တွေကုန် အသက်တွေလည်း တဖြည်းဖြည်းကြီးလာကြ… ၀မ်းတစ်ထွာ အမှုကိစ္စကတော့ ဘယ်တော့မှ မငြိမ်းနိုင်တဲ့အရေး… မွေးလာကတည်းက ဖြည့်လာခဲ့ရတဲ့ ၀မ်းတစ်ထွာက ဘယ်တော့မှလည်း ဖြည့်လို့ဆုံးမှာ မဟုတ်သေးဘူး။ ဒါက မသေမချင်းလုပ်ရမယ့် ဘ၀ပေးတာဝန်လေ…

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(ပုံတွေကို ကလစ်နှိပ်ကြည့်လို့ရပါတယ်။)

18 comments:

မေဓာဝီ said...

ဒီပုံအတိုင်းဆိုရင်တော့ မအိမ်သူ ပေါင်ချိန်တိုးဖို့ အလားအလာ အတော်များတယ်နော်။ ဟီးး စားလဲ စားနိုင်တယ်၊ လုပ်လဲ လုပ်နိုင်တယ်။ စာဖတ်သူကို သွားရည်ယိုအောင်လဲ ဖန်တီးတတ်သေးတယ်။ :))

အလင်းသစ် said...

စားချင်စရာလေးတွေပဲဗျာ။။။ဟီးးးးးးးးးးးးးး။။။

Angelhlaing(May everybody be happy and healthy! said...

ဟွန့်...သူများတွေများ ဖြစ်သလိုစားတယ်ဆိုတာတောင် ဒီလိုတွေ..ငိုချင်တယ်..အဲလေ...စားချင်တယ်လို့ မမ :):)

မဒမ်ကိုး said...

သားရေလာကျသွားပါတယ်.မမရေ
မချက်တတ်ပေမယ့်..စားတတ်လို့ပါ..း)

ခင်မင်လေးစားစွာဖြင့်

မဒိုးကန်

စန္ဒကူး said...

ဝမ်းတစ်ထွာအများကြီးဆန့်သကိုး...
အကုန်လုံး ကိုယ့်အကြိုက်တွေချည်းဘဲ...
နေ့တိုင်းအဲလိုသာစားရလို့တော့.. နတ်ပြည်တောင် မတက်ချင်တော့ပါ...း))

Cameron said...

ကြက်ဥလိတ်ကြော်လေးတော့ စိတ်ဝင်စားသွားပြီ...လုပ်ကြည့်ဦးမယ်အမ..။
ဟင်းတွေအားလုံးကတော့ ဂွတ်ရှယ်ပဲ...။

ခင်တဲ့
မိုးငွေ့

SHWE ZIN U said...

ညီမ ရေ

ကြက်ဥလိပ် ကိုစိတ်ဝင်စားတယ် လုပ်စားကြည့်အုန်းမယ် ငါးဖယ်သုတ်လည်း ကြိုက်တယ်

Maung Myo said...

ကျနော်က ထမင်းဆီစမ်းနဲ့ ပဲပြုတ်လေးဆို သိပ်ကြိုက်တာဗျ အိမ်မှာတုန်းက မကြာမကြာ စားဖြစ်တယ် ဒီမှာတော့ မစားဖြစ်တော့ပါဘူးး

mstint said...

စုံစုံလင်လင် ဟင်းပွဲလေးတွေ လာရောက်အားပေးသွားတယ် မအိမ်သူရေ။
ဝမ်းတစ်ထွာမို့ပဲနော် အရင်က တစ်နေ့တစ်နေ့ ဟင်းချက်ဖို့ ဦးနှောက်စားတယ်း) အခုတော့ ဘလော့ဂ်လေးတွေကို ဝင်ဖတ်လို့ရပြီဆိုတော့ အဆင်ပြေသွားပြီ။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြစ်ကျိုးအင်း said...

breakfast ကို အကြိုက်ဆုံးပဲ။
ဆီထမင်းလေးနဲ့ ငါးခြောက်ကြော်လေးနဲ့.. ဟူးးးး

ဟန်ကြည် said...

အမှန်အတိုင်းပြောရရင် ဆီထမင်းကို သိပ်ကြိုက်လှတာမဟုတ်ဘူး မအိမ်သူရေ...ဒါပေမယ့် မအိမ်သူထိုးထားတဲ့ ဆီတမင်းကိုတော့ ကြည့်ရင်းကနေ သွားရည်ကျလာတယ်...အင်း ခမာပြည်မှာနေပြီး မအိမ်သူနဲ့ အိမ်နီးနားချင်းဖြစ်ရင်တော့ ဦးဟန်ကြည်တစ်ယောက် ဘော်ဒီဝိတ်တွေ တက်လိုက်မယ့် ဖြစ်ခြင်းဗျာ...မအိမ်သူချက်သမျှ အားမနာတမ်း လာအားပေးမှာမို့လေ...

Mon Petit Avatar said...

They all looks yummy!!!

ညိမ်းနိုင် said...

ဟင့်....တစ်ခုမှကြိုက်ဘူးရယ်....:( ဒါပေမယ့် ရှိတာလေးနဲ့
ဖွယ်ဖွယ်ရာရာလေးချက်သွားတာ ကိုသဘောကျတယ်..။

ရွှေပြည်သူ (ShwePyiThu) said...

ကိုယ်တိုင်က အချက်အပြုတ်မှာ အရည်အချင်း သုညဆိုတော့ အခုလို စားချင်စရာ ဖွယ်ဖွယ်ရာရာ စဉ်းစားချက်ပြုတ်တတ်တဲ့ မအိမ်သူကို လေးစားမိပါတယ်။ ရှိတာနဲ့ ဟင်းမြိုင်အောင် လိုက်အောင် စီစဉ်တာလည်း အင်မတန် တန်ဖိုးကြီးတဲ့ ပညာတစ်ရပ်ပါပဲ။ အခုလေးတင်ပဲ ညနေစာ စောစော စားပြီးတာတောင် အစားအသောက်တွေကို သွားရည်ကျသွားပါသေးတယ်း)

မေသိမ့်သိမ့်ကျော် said...

ကြက်ဥလိပ်ကြော်တော့ တော်တော်သဘောကျသွားတယ်။ စားချင်စရာလေး။ ငပိရည်တို့စရာလေးလည်း သွားရည်ကျသွားတယ်။
း) ဗိုက်ဆာလာလို့ ပြန်တော့မယ်...း)


ခင်မင်လေးစားလျက်

ညီလင်းသစ် said...

သဘောကျတာက ဒါတွေချက်မယ်လို့ တွေးပြီး ဝယ်ထားတာ မဟုတ်ဘဲ ဒါတွေကို ရှင်းဖို့ ဒီလိုချက်မယ် ဆိုတာကိုပါ..၊ အားလုံးက စားချင်စရာတွေချည်းပါပဲ၊ အိပ်ခါနီး လာဖတ်မိလို့ တံတွေးမျိုပြီး အိပ်ရတော့မယ်..။း)

နေ၀သန် said...

ဆီထမင်းစားချင်တယ်... မစားရတာကြာပြီ.. အဲဒီ ဆီထမင်းပေါ်က ပဲပြုတ်ကြီးကို အငမ်းမရ စားချင်လိုက်တာ.. ပဲပြုတ်ငတ်နေတာ..း((... မအိမ်သူရေ.. ပို့ပေးစမ်းပါ့.. :D


ခင်မင်လျက်
နေ၀သန်

Anonymous said...

ထမင်းစားပြီးညဘက်ဘလော့လည်မိပေမယ့်
ဗိုက်ပြန်ဆာပြီး ဂလုဂလုဖြစ်ဖြစ်သွားရပြန်တယ်ဗျာာာ



မောင်ဘကြိုင်
နေပြည်တော်မှလာဂလုသည်

Related Posts Plugin for WordPress, Blogger...