Monday, July 11, 2011

ကောင်းကင်ကြီးထဲ တောင်စဉ်ရေမရ


ကိုယ့်မှာ စိတ်ညစ်စရာတွေ ရှိလာတဲ့အခါ.. ကိုယ့်စိတ်တွေ သိပ်ရှုပ်လာတဲ့ အခါမျိုးတွေမှာ.. ဒါမှမဟုတ် စိတ်ဓါတ်တွေ သိပ်ကျနေတဲ့ အချိန်တိုင်းမှာ ကောင်းကင်ကြီးကို မော့ကြည့်ရတာ ကိုယ်အနှစ်သက်ဆုံး အလုပ်ဘဲ။ တပြန့်တပြော ကျယ်ဝန်းတဲ့ ကောင်းကင်ကြီးပေါ်က တိမ်တွေကို တမေ့တမော ငေးမောလိုက်မိရင် စိတ်တွေက ပေါ့ပါးသွားတယ်။ အဲဒါကိုယ့်အတွက် အကောင်းဆုံး စိတ်ညစ်ဖြေဆေးဘဲ။ ကောင်းကင်ကြီးက ကိုယ့်ရဲ့ စိတ်တွေ ဘာတွေဘဲဖြစ်နေနေ အထိရောက်ဆုံး ကုစားပေးနိုင်တယ်။


အတွေးတွေကို ဟိုးအဝေးဆုံး ကောင်းကင်ကျယ်ကြီးဆီ လွှတ်ပစ်လိုက် … တိမ်တွေနဲ့အတူ လွင့်ချင်သလိုလွင့် မျောချင်ရာကိုမျော … ကိုယ့်စိတ်ပေါ့ပါးဖို့သာ အဓိကလေ။ အဲဒီအချိန်မှာ တွေးချင်ရာတွေကို တွေးပစ်လိုက်… အဲဒီအတွေးတွေကို ကောင်းကင်ကြီးထဲ ပစ်ပေါက်လိုက်… ကောင်းကင် တစ်ပြင်လုံး အတွေးတွေနဲ့ ပြည့်ကျပ်သွားတဲ့အထိ.. စိတ်ရှိလက်ရှိသာ တွေးစမ်း.. အတွေးပူဖေါင်းလေးတွေ ကောင်းကင်ထဲမှာ ဆပ်ပြာပူဖေါင်းလေးတွေလို လွင့်နေတုန်း တစ်လုံးပြီးတစ်လုံး စိတ်ကူးနဲ့ လိုက်ဖေါက်တမ်း ကစားရတာ… ကဲ .. ဘယ်လောက် ပျော်စရာကောင်းသလဲ.. ဆပ်ပြာပူဖေါင်းလေးတွေ လုဖေါက်ကြတဲ့ ငယ်ဘ၀လေးကိုတောင် သတိရလို့.. ကိုယ့်စိတ်တွေ ကြည်နူး ပျော်ရွှင်သွားလိုက်တာများ… 

ကိုယ့်လို ကောင်းကင်ကြီးကို စိတ်လိုလက်ရ မော့ကြည့်ရတာကိုနှစ်သက်သူ ဘယ်နှစ်ယောက်များရှိနိုင်သလဲ။ တစ်ယောက်နှစ်ယောက်တော့ မကနိုင်ပါဘူးထင်ရဲ့။ တစ်ထောင်လား တစ်သောင်းလား .. ကမ္ဘာ့လူဦးရေရဲ့ ရာခိုင်နှုန်း ဘယ်လောက်က နှစ်သက်ကြသလဲ .. တခါတလေတော့လည်း အဲဒီလိုမျိုးတွေ အဓိပ္ပါယ်မရှိ တွေးတော စစ်တမ်းကောက်မိတာမျိုးလဲ ရှိသေးတယ်။ ဘာဖြစ်လဲ အဲဒီလိုတွေးတော့.. ဘာမှ မဖြစ်ပါဘူး ဒီလိုဘဲ ဟိုတွေးဒီတွေး ကိုယ်တွေးချင်ရာ တွေးတာဘဲဟာ။ ဘယ်သူကများ တားဆီးနိုင်မှာလဲ။ တောင်စဉ်ရေမရ အတွေးတွေ ဆိုတာ လူတိုင်းမှာ ရှိနေကြတာဘဲ မဟုတ်လား။

ကိုယ့်အတွက် အတွေးတစ်ခုချင်းစီဟာ အဓိပ္ပါယ်ရှိနေဖို့ မလိုအပ်ပါဘူး။ ဟိုတစ်စ ဒီတစ်စ အတွေးလေးတွေဟာ တခါတရံမှာ ကိုယ့်အဖို့တော့ Jigsaw Puzzle လေးတွေလိုဘဲ။ တစ်ခုချင်းစီမှာ အဓိပ္ပါယ် အပြည့်အစုံ ရှိချင်မှရှိမယ်။ အဲဒီ အတွေးစလေးတွေကို တစ်ခုစီ တစ်စစီ ဆက်စပ်ကြည့်လိုက်မှ ပြည့်ဝတဲ့ ရုပ်လုံးပေါ်လာတာမျိုး… ကောင်းကင်ကြီးထဲက တိမ်စကလေးတွေကို ပေါင်းစပ်ပြီး ပုံရိပ်ပေါ်အောင် လုပ်နေရသလိုမျိုး… ဘာပုံပေါ်မလဲ ကိုယ်မသိနိုင်ပေမယ့် စိတ်လှုပ်ရှားမှုက အမြင့်ဆုံးမှာ… တိမ်တွေကို စိတ်ကူးနဲ့ ပုံဖေါ်ကြည့်နေရတဲ့ အရသာ.. အဲဒီလိုကနေမှ ကိုယ့်အတွက် အတွေးသစ်တွေ စိတ်ကူးသစ်တွေ ရလာတာမျိုးလည်း မကြာခဏ…

ကိုယ်စိတ်ညစ်နေတဲ့ အချိန်တွေမှာ ကောင်းကင်ကြီးကို မော့ကြည့် မျက်စေ့တစ်ဆုံး.. ကိုယ်ကြည့်နိုင်သလောက် အဝေးဆုံး ဘယ်လောက်အထိ ကြည့်နိုင်မလဲ ကြည့်ပစ်လိုက်စမ်း.. စိတ်တွေကိုလည်း အကြည့်တွေနဲ့အတူ လွှတ်ပေးလိုက် .. ဟိုး… အဝေးဆုံးကို ရောက်ချင်သလောက်သာ ရောက်လိုက်စမ်း ..
ကောင်းကင်ကြီး ပြာနေသလား မဲနေသလား မှောင်နေသလား တိမ်ဖုံးနေသလား မိုးတွေရွာနေသလား ကြယ်တွေမရှိဘူးလား အကြောင်းမဟုတ်ဘူး ဘာဖြစ်နေနေ အဲဒီအချိန်မှာ ကိုယ်စိတ်မ၀င်စားဘူး.. ကိုယ့်အတွက်တော့ ဘာကြီးဘဲဖြစ်နေနေ ကောင်းကင်ဟာ ကောင်းကင်ဘဲ.. အဆုံးအစမရှိ ကျယ်ပြောခြင်းကိုသာ ကိုယ်ကခံစားလိုတာလေ...

အဲဒီ ကြီးမားကျယ်ပြောတဲ့ ကောင်းကင်ထဲ ကိုယ့်ကိုယ်ကို စီးမျောရတဲ့အရသာ ခံစားဖူးတဲ့သူများ ရှိကြသလား.. ရှိချင်လဲရှိမယ်။ မရှိချင်လဲ မရှိဘူးပေါ့။ လူတိုင်းဟာ ကိုယ်ကြိုက်နှစ်သက်ရာကို ကိုယ်တိုင်ခံစားခွင့် ရှိကြတာဘဲလေ။ ရူးတယ်လို့များ ဆိုချင်ကြလား.. ပုထုဇဉ်နော ဥမ္မတကော လို့ဆိုမှတော့
လူတိုင်းဟာ တစ်မျိုးစီတော့ ရူးတတ်ကြတာဘဲ မဟုတ်လား။ ကိုယ့်ရူးသွပ်မှုက ကောင်းကင်ကြီးထဲမှာ.. 

တခါတလေ ကောင်းကင်ပေါ်က ငှက်ကလေးတွေနဲ့အတူ ကိုယ့်စိတ်ကူးတွေကို လိုက်ပါ ပျံသန်းခွင့်ပေးလိုက်တဲ့ အခါတွေမှာ ပေါ့ပါးလွတ်လပ်မှုတွေကို ကိုယ်ခံစားရတယ်။ ကိုယ့်စိတ်ထဲက မကောင်းတဲ့ ခံစားမှုတွေကို ကောင်းကင်ထဲမှာ ပျံဝဲရင်းနဲ့ တစ်စစီ တစ်ဖဲ့စီ လွှတ်ချပစ်ခဲ့.. လှပတဲ့စိတ်ကူးတွေကို တိမ်ညွန့်တွေပေါ်က ခူးဆွတ်ခဲ့.. ကောင်းကင်ကြီးထဲက အတွေးသစ်တွေကို ကြယ်ကလေးတွေလို တစ်စစီ ကောက်ခဲ့…

ကိုယ့်အတွေးတွေ အာကာသထဲအထိ အဆုံးအစမရှိ ပျံသန်းသွားချင်လဲ ကိုယ်ကြည်ဖြူစွာ လွှတ်ပေးလိုက်မှာ.. သွားပါစေ စကြာဝဠာအဆုံးထိ.. အတွေးတစ်ခုသွားရင် နောက်အတွေးသစ်တွေက ပြန်လာအုံးမှာဘဲ။ လွင့်သွားတဲ့ အတွေးတွေကို အတင်းလိုက် ဖမ်းဆုပ်ဖို့ ကိုယ်မကြိုးစားပါဘူး။ လွင့်ချင်သလောက်သာ လွင့်သွားစမ်းပါစေ… တိမ်တွေနဲ့အတူ.. ဦးတည်ရာမဲ့ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ နောက်ဆုံး ပါးလျားပျောက်ကွယ် သွားတဲ့အထိ .. အဲဒီအချိန်ရောက်ရင် ကိုယ့်စိတ်တွေက ပေါ့ပါး သွက်လက်လို့.. သန့်ရှင်း လတ်ဆတ်လို့ … ကြည်လင်တဲ့ စိတ်တွေနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်သွားခဲ့ပြီ။

ကောင်းကင်ကြီးကနေ ကိုယ့်အကြည့်တွေကို ခွာလိုက်တဲ့အချိန်မှာ ကိုယ့်မှာ စိတ်ညစ်စရာတွေ မရှိခဲ့တော့ဘူး… လောကကြီးမှာ ပုံမှန်လည်ပတ်ဖို့ စိတ်အင်အားတွေ ပြည့်ဝလို့ … တောင်စဉ်ရေမရ အတွေးတွေနဲ့ စိတ်ညစ်စရာတွေကို ကောင်းကင်ကြီးထဲ လွှင့်ထုတ် ဖေါက်ခွဲပစ်လိုက်ပြီးတဲ့ အချိန်မှာ ကိုယ့်စိတ်တွေက ပေါ့ပါး လွတ်လပ်စွာနဲ့ အသစ်တဖန် ဖြစ်နေခဲ့ပြီ… ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

15 comments:

Angelhlaing(May everybody be happy and healthy! said...

မမလိုပဲ ( Heaven ) ကိုမှ ထူးထူးခြားခြား နှစ်သက်သဘောကျတက်တဲ့ သူတစ်ယောက် ရှိခဲ့ဖူးတယ်...:):)

mstint said...

စိတ်ညစ်လာတဲ့အခါ စိတ်ရဲ့ထွက်ပေါက်ကို အခုလိုလမ်းကြောင်းလေး ဖွင့်ပေးခြင်းနဲ့ စိတ်၏သက်သာရာကို တစ်နည်းနည်းနဲ့ ရှာဖွေရတာပေါ့ မအိမ်သူရယ်။ တစ်ကြိမ်စိတ်ဆင်းရဲခဲ့ရင် အကြိမ်ပေါင်းများစွာ ပျော်ရွှင်ခဲ့တာလေးတွေနဲ့ အစားထိုး ပြန်ဖြေနိုင်ပါစေ။ ဘဝအတွက် ခွန်အားအသစ်တွေ တိုးပွားလာနိုင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀ဿန် said...

ဒါလည်း နည်းလမ်းကောင်းတစ်ခုပါပဲ.. မအိမ်သူရေ... အရေးကြီးတာ စိတ်ထဲပေါ့သွားဖို့ပဲ..း))

ခင်မင်လျက်
နေ၀ဿန်

မိုးငွေ့...... said...

စိတ်ညစ်စရာရှိရင် ပင်လယ်ပြင်ကြီးဆီကိုပေါက်ကွဲတတ်ကြတာတော့ ကြားဖူးတယ်.....။ခုတော့ ကောင်းကင်ကြီးဆီကို ဖွင့်အံတာလေး လာခံစားကြည့်သွားတယ်...။


ခင်တဲ့
မိုးငွေ့

ချော(အစိမ်းရောင်လွင်ပြင်) said...

အဆုံးအစမရှိ ကျယ်ပြောလှတဲ့ မိုးကောင်ကင်ကြီးကို မော့ကြည့်ရတာကိုက အရသာတစ်မျိုးနော်
ကျွန်မတော့ ပြာလွင်နေတဲ့ကောင်းကင်ကြီးကို သဘောအကျဆုံးဘဲ
အဲဒီ ပြာလွင်လွင် ကောင်းကင်ကြီးဆီကနေ ခွန်အားတစ်ချို့ ရယူခဲ့ဖူးတယ်
အပြာရောင်ကောင်းကင်ကြီးကို ကြည့်ရတာကိုက အင်အားတွေ အလိုလို တိုးပွားလာတယ်လို့ခံစားရတယ်

ဟန်ကြည် said...

တိမ်ညို မိလ္လာ၊ တိမ်စူကာနှင့်
တိမ်ပြာရောယှက်၊ မရမ်းဖက်၍
တိမ်သက်တန့်ရောင်၊ အ၀ါပေါင်ဝယ်
မှောင်ခဲ့တစ်ခါ၊ ပြာခဲ့တစ်လီ
ရီခဲ့တစ်ချို့...

ရှင်ဥတ္တမကျော်ရဲ့ တောလားတစ်ပုဒ်ထဲက စာသားတစ်ပိုင်းတစ်စပါ...စိတ်ပျက်တဲ့အခါ၊ စိတ်အားငယ်တဲ့ အခါမျိုးမှာ ကောင်းကင်ကြီးကို မော့ကြည့်ပြီး တိမ်လှိုင်းတွေနောက် စီးမြောပျော်ဝင်ရင်း...မရိုးနိုင်တဲ့ တိမ်ပန်းချီကားတွေကို ခံစားလိုက်ရင် အားအင်သစ်တွေ မွေးဖွားဖြစ်တည်လာတယ်လို့ ကိုယ်တိုင် ယုံကြည်ထားတာမို့ မအိမ်သူရဲ့ ပို့စ်ကို ကျကျနန ခံစားလိုက်ပါတယ်...

မအိမ်သူ အရေးအသား ပိုပြီးညက်ညောလာတာ သတိထားလိုက်မိပါရဲ့ဗျာ...

ညိမ်းနိုင် said...

ကျွန်တော်လည်း ကောင်းကင်ကြီးကို ကြည့်ပြီး တိမ်တွေနဲ့
အတူ ကိုယ့်စိတ်ကို ခဏခဏလွှင့်တင်စီးမျောတတ်တယ်
ဗျ....။သိပ်အရသာရှိတယ်...။အထူးသဖြင့် လသာတဲ့
တစ်ကိုယ်ရည်ညတွေ၊ညနေစောင်းတွေမှာပေါ့ဗျာ...။
ဒါပေမယ့် အစ်မလို ပို့စ်လှလှလေးတစ်ပုဒ်တော့မရေး
တတ်ဘူးရယ်....၊အတွေး၊အရေး...လှတယ်ဗျ....။

အင်္ဂါဟူး said...

ဒီစိတ်အပန်းဖြေနည်းလေး မိုက်သဗျ။

ကောင်းကင် လှလှကြီးတွေရယ်.. လသာတဲ့ည အေးအေး လေးတွေရယ်ဆိုတာ တော့ စိတ်ကို ကြည်လင်လန်းဆန်းစေတယ်လို့ ခံစားမိပါသည်။

မင်းဧရာ said...

ကျွန်တော်နဲ့ နည်းနည်းတော့ကွာတယ် အမရေ......
လသာသာနဲ့ ကောင်းကင်ပြာကို
စိတ်ငြိမ်နေတဲ့အခါမှာခံစားပြီး

စိတ်လေလွင့်နေတဲ့အမှာတော့
မြစ်တို့ ချောင်းတို့ရှိရာကို သွားပြီး
တစ်ဝကြီးကို ကြည့်ရှူ့ခံစားမိတယ်။
အဲဒီအခါ သူတို့ရဲ့ ထိုးခွင်းအားကို သတိထားမိတယ်။

မေဓာဝီ said...

မော့ကြည့်ကောင်းကင်
တောင်စဉ်ရေမရ
အတွေးစဖြင့်
ဝေးလွင့်ငေးမော
တိမ်နှင့်မျောခိုက် ...

ကျမကတော့ ကောင်းကင်ကို ကြည့်ပြီး ၀မ်းနည်းဖူးတယ်။ ပျော်ရွှင်ဖူးတယ်။ စိတ်ကူးတွေ ယဉ်ဖူးတယ်။ ခံစားချက်အစုံပေးနိုင်တဲ့ ကောင်းကင်ကြီးပါပဲ ... မအိမ်သူရယ်။

jasmine(တောင်ကြီး) said...

ကျွန်မအထင်နော်...
လောကကြီးကတော့ပုံမှန်လည်ပတ်နေပြီး
လူတစ်ယောက်ရဲ့စိတ်ကိုတော့ပုံမှန်လည်ပတ်ဖို့တော်တော်ခက်မှာပဲ...ဥပမာ။ကျွန်မပေါ့
တစ်နေ့၂-၃ ခါလောက်ရူးသွားသလိုပါပဲ
တစ်ခါတစ်လေ အဲလိုခံစားရတယ်
ဖတ်လိုက်ရလို့ကျေးဇူးတင်မိပါတယ်..
အမှတ်တမဲ့ ကောင်းကင်ကြီးကိုလဲကြည့်မိတယ်..

မဒမ်ကိုး said...

မမပြောသလိုလုပ်ကြည့်ပါမယ်.
အိမ်ထောင်ကျပြီးကတည်းက..ကောင်းကင်ကိုကြည့်
လိုက်ပြီး..မျက်ရည်ခတ်ခဲ့ရတဲ့အကြိမ်မနည်းတော့..
ကောင်းကင်ကိုကြည့်ချင်တဲ့စိတ်ကိုမရှိတော့တာ...
လွန်ခဲ့တဲ့ ၇ လလောက်ကတည်းကဆိုပါတော့..

ခင်မင်လျှက်
မဒမ်ကိုး

မောင်မျိုး said...

ကျနော်လည်း စိတ်တွေမွန်းကြပ်ရင် ကောင်းကင်ကြီးကိုမော့ကြည့်ဖူးတယ် တစ်ခါခါတော့ ကြည့်ပြီးရင်မွေးရပ်မြေကို လွမ်းပြန်ကော ။

Nyi Linn Thit said...

မအိမ်သူက ဟင်းလင်းပြင်ရဲ့အား ကို နှစ်သက်ပုံရတယ် ထင်တယ်၊ ဘောင်မရှိတဲ့၊ အနှောင်အဖွဲ့ကင်းတဲ့ ကျယ်ပြောလွတ်လပ်ခြင်းထဲမှာ စိတ်ကို လွှင့်တင်ရတာလောက် နူးညံ့တာ ရှိမယ် မထင်ဘူးနော်၊ ဒီပို့စ် ဖတ်ရတာ ကောင်းကင်ထဲမယ် တိမ်တွေ တရွေ့ရွေ့ 'စီး' သွားတာကို ကြည့်ရသလိုပဲ၊ လှတယ်..။

Anonymous said...

စိတ်ပေါ့ပါးအောင် လေးလံမယ့် စိတ်ညစ်မယ့်ဟာဆို ဝင်ကိုမခံနဲ့ မြန်မြန်ထုတ်ပြီး အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကိုတွေးတာ အကောင်းဆုံးဗျို့

စိတ်ချမ်းသာကိုယ်ကျန်းမာပါစေဗျာ

မောင်ဘကြိုင်
နေပြည်တော်မှလာသည်

Related Posts Plugin for WordPress, Blogger...