Tuesday, July 5, 2011

သုပ်လိုက်ကြစို့ သူငယ်ချင်း

မအိမ်သူက အင်မတန်အသုပ်ကြိုက်ပါတယ်။ အသုပ်မရှိတဲ့ အရပ်မှာ မအိမ်သူနေလို့မရပါဘူး။ အသုပ်ဆိုရင် ဘယ်လိုပုံစံဘဲဖြစ်ဖြစ် အကုန်လုံးကိုကြိုက်တာပါ။ Mayonnaise နဲ့သုပ်တဲ့ အနောက်တိုင်းစတိုင်လ် ချိုချဉ်စပ် ယိုးဒယားစတိုင်လ် ချဉ်ငံစပ် ဗမာစတိုင်လ် မဆလာနဲ့ ငရုပ်သီးစပ်စပ် အိန္ဒိယစတိုင်လ် ဘယ်လိုနည်းနဲ့ဘဲ သုပ်သုပ် အသုပ်ဆို လာထားဆိုတဲ့ အစားထဲက.. ဘယ်လောက်အထိ ကြိုက်လဲဆို ကိုယ်လုံးဝမကြိုက်တဲ့ အစားအသောက် ကိုတောင် သုပ်လိုက်ရင် ကြိုက်နှစ်သက်စွာ စားလို့ရပါတယ်။ ရန်ကုန်မှာတုံးကဆိုလည်း လမ်းသွားရင်း အသုပ်သည်မြင်ရင် မနေနိုင်ပါဘူး။ တစ်ပွဲလောက်တော့ စားလိုက်ရမှ ကျေနပ်တာ… ထမင်းစားရင်လည်း အသုပ်တစ်ခုခုပါရင် မအိမ်သူအတွက် တခြားဟင်းမလိုပါဘူး။ ထမင်းဖြူနဲ့ အသုပ်နဲ့တင် တစ်ဝကြိတ်ပစ်လိုက်တာဘဲ။ တခါတလေလည်း မန်ကျည်းသီးစိမ်းထောင်းတို့ မရမ်းသီးထောင်းတို့ သရက်သီးစိမ်းထောင်းတို့ ထောင်းစားပြီးလို့ နဲနဲကျန်နေရင် ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းထားလိုက် ပါတယ်။ ပြီးတော့မှ နောက်နေ့မှာ အဲဒီထဲကို ကြက်သွန်နီ ပါးပါးလှီးထည့် နံနံပင် လှီးထည့်ပြီး ရောနယ်သုပ်စားတာ မျိုးလည်း လုပ်ပါတယ်။ ချဉ်စပ်သုပ် ကလေးတွေပေါ့။  ထမင်းနဲ့တွဲဖက်လို့ ဟင်းအဖြစ်သုပ်စားဖြစ်တဲ့ အသုပ်လေးတစ်ချို့ကို ဓါတ်ပုံရိုက်ထားတာ ရှိသလောက်ကလေး ဝေမျှပေးလိုက်ပါတယ်။ ကျန်သော အသုပ်မျိုး  ပေါင်းစုံကိုတော့ နောက်များမှ ထပ်ဆက်ကြတာပေါ့နော်။ ဓါတ်ပုံရိုက်ထားတာ အဆင်သင့် မရှိသေးလို့ပါ။
ငါးဖယ်ကြော်နဲ့ ခရမ်းချဉ်သီးနဲ့ သုပ်ထားတာပါ။
ပထမနေ့မှာ ငါးဖယ်ကြော်စားပြီး သုံးလေးခုကျန်နေလို့ နောက်နေ့မှာ ဟင်းတစ်ခွက်ဖြစ်အောင် စီမံထားတာပါ။ ငါးဖယ်ပါးပါးလှီး ခရမ်းချဉ်သီး ကြက်သွန်နီ ဂေါ်ဖီ မုန်လာဥနီ ငရုပ်သီးစိမ်း အားလုံးပါးပါးလှီး ဆား သို့မဟုတ် ငံပြာရည် ဟင်းခတ်မှုန့် (အချိုမှုန့်စားရင် အချိုမှုန့်)ထည့် သံပုရာရေညှစ်ပြီး ချဉ်စပ်လေး အကြမ်းသုပ် သုပ်ထားတာပါ။ ပဲမှုန့်တို့ ဆီချက်တို့ မပါပါဘူး။

ခရမ်းသီး မီးဖုတ်သုပ်
ခရမ်းသီးကို မီးအေးအေးနဲ့ ပျော့သွားအောင်ဖုတ်ပြီး အခွံခွာ ကပ်ကြေးနဲ့ ခပ်သေးသေး အတုံးလေးတွေ ဖြစ်အောင်ညှပ်ပါတယ်။ ကြက်သွန်နီ ငရုတ်သီးစိမ်း နံနံပင် ပါးပါးလှီးပြီး ဆား ဟင်းခတ်မှုန့် နှမ်းလှော်ထည့် မြေပဲလှော် လုံးခြမ်းကွဲကလေး ထုထားတာ ကြိုက်တတ်ရင် ထည့်ပြီး ဆီစိမ်းကလေးဆမ်း အားလုံးရောနယ် သုပ်လိုက်ရင် ခရမ်းသီး မီးဖုတ်သုပ် မွှေးမွှေးလေးရပါပြီ။ (အဆိမ့်သုပ်ပါ။ အချဉ်လေးနဲ့စားချင်ရင်တော့ သံပုရာရည်လေး နည်းနည်းညှစ်ပြီး သုပ်လို့ရပါတယ်။ ဒါပေမယ့် သိပ်ချဉ်ရင် စားလို့မကောင်းပါဘူး။ ခရမ်းသီးက အချိုဆိုတော့ အဆိမ့်သုပ်ကလေးက ပိုကောင်းပါတယ်။)

ရခိုင်ငါးနီတူသုပ်
ဒါကတော့ ရခိုင်သုပ်ပါ။ ချဉ်ချဉ် စပ်စပ် ရှူးရှူး ရှဲရှဲ ကြိုက်တတ်ရင် ခံတွင်းတွေ့မယ့် အသုပ်ပါ။ ငါးနီတူခြောက် ကလေးတွေကို ဒယ်အိုးတစ်ခုထဲမှာ မီးအေးအေးလေးနဲ့ မွှေးရွလာတဲ့အထိ စိတ်ရှည်လက်ရှည် လှော်ထားပါ။ ပြီးရင် အအေးခံပြီး လေလုံတဲ့ ဗူးတစ်ခုခုထဲ ထည့်ထားပါ။ ငရုပ်သီးစိမ်းလေးတွေကို အညှာခြွေ ရေဆေးပြီး ဒယ်အိုးမှာ မီးအေးအေးနဲ့ လှော်ပါ။ အစပ်ကြိုက်သလောက် (စားနိုင်သလောက်) များများထည့်လို့ရပါတယ်။ ကြက်သွန်နီ နံနံပင် ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ အခွံခွာထားပါ။ သရက်သီးစိမ်း ကိုအခွံခွာပြီး သုံးလေးစိတ်လောက်ကို အတုံးလေးတွေ လှီးထားပါ။ (မရမ်းသီးစိမ်းနဲ့လည်း ရပါတယ်။ သရက်သီး မရမ်းသီး ဘာမှမရရင် သံပုရာရည် ညှစ်ပြီး သုပ်လို့ရပါတယ်။) ငရုပ်ဆုံထဲ လှော်ထားတဲ့ ငရုပ်သီးထည့် ဆားနဲ့ ဟင်းခတ်မှုန့်ထည့် သရက်သီးထည့် ကြက်သွန်ဖြူနှစ်မွှာ သုံးမွှာလောက်ထည့် အားလုံးရောထောင်းပါ။ သိပ်အရမ်းကြီးတော့ မညက်ပါစေနဲ့။ အားလုံးရောပြီး လုံးခြမ်းကွဲဖြစ်သွားရင် ရပါပြီ။ နောက်ဆုံးမှ ကြက်သွန်နီလှီးထားတာနဲ့ နံနံပင်နဲ့ကို ငရုပ်ဆုံထဲထည့်ပြီး ငရုပ်သီးထောင်းထားတာနဲ့ ရောသွားအောင် ကျည်ပွေ့နဲ့ အသာလေးမွှေပေးပါ။ ထောင်းဖို့မဟုတ်ပါဘူး။ ကြက်သွန်နီ ပျော့ပြီးနွမ်းရုံကလေးပါ။ (တကယ်လို့ သရက်သီး မရမ်းသီး မရှိရင် ကျန်တာတွေဘဲ ထောင်းပြီး သုပ်တဲ့အချိန်မှာ သံပုရာရည် ချဉ်ချဉ်လေး ညှစ်ပါ။) ငါးနီတူ လှော်ထားတာ လေးတွေကို ရေတစ်ချက်လောက် ဆေးလိုက်ပြီး ငရုပ်ဆုံထဲက ထောင်းထားတဲ့ အစာတွေနဲ့ ရောနယ်လိုက်ရင် ငါးနီတူ ရခိုင်သုပ် ချဉ်စပ်ကလေးရပါပြီ။ (နယ်ရင် လက်အိတ်နဲ့နယ်ပါ။ ငရုပ်သီးများတော့ လက်အရမ်းပူပါတယ်။) ငါးနီတူက စားခါနီးမှ သုပ်တာကောင်းပါတယ်။ သုပ်ပြီးရင်လည်း ချက်ချင်းစားပါ။ ကြာရင်ပျော့သွားတော့ စားမကောင်းတော့ပါဘူး။

ပြည်ကြီးငါးနဲ့ ပုဇွန် ချဉ်စပ်သုပ်
ပြည်ကြီးငါးနဲ့ ပုဇွန်ကိုပြုတ်ပြီး လိုသလောက် လှီးထားပါတယ်။ ကြက်သွန်ဖြူ တစ်မွှာလောက်ကို နုတ်နုတ်စင်း ကြက်သွန်နီ နံနံပင် ငရုပ်သီးစိမ်း ပါးပါးလှီးပြီး ဆား ဟင်းခတ်မှုန့်ထည့် သံပုရာရည် ချဉ်ချဉ်လေး ညှစ်ပြီး အားလုံးရောနယ် သုပ်လိုက်တာပါဘဲ။

ဒါကတော့ ထမင်းနဲ့စားတာမဟုတ်ပါဘူး။ သွားရေစာအနေနဲ့ သုပ်စားတဲ့ ပြောင်းဖူးပြုတ်သုပ်ပါ။
ပြောင်းဖူးပြုတ်ကို အစေ့ခြွေ ဒါမှမဟုတ် ဓါးနဲ့ပါးပါးလျှပ်ပြီး လှီးလဲရပါတယ်။ (ဓါးနဲ့လှီးသုပ်တာ ပိုစားကောင်းတယ်။) ကြက်သွန်နီပါးပါးလှီး နံနံပင် ငရုပ်သီးစိမ်း ပါးပါးလှီး နှမ်းလေးထည့် မဆလာလေးဖြူး ဆား ဟင်းခတ်မှုန့်လေးထည့် ဆီစိမ်းမွှေးမွှေးလေးဆမ်းပြီး အားလုံး ရောနယ်သုပ်စားပါတယ်။ ရေနွေးကြမ်းလေးနဲ့ မြည်းလို့ ကောင်းမှကောင်း ...

ဓါတ်ပုံတွေကြည့်ပြီး မြင်သာမြင် မကြင်ရ ဒုက္ခပေးတယ်လို့များ ထင်ကြမလားမသိ… :) 
သုပ်နည်းလေးတွေပါ ဝေမျှပေးထားပါတယ်။
မအိမ်သူလက်ရာ အသုပ်ကလေးများ စားချင်ရင်တော့ ကမ္ဘောဒီးယား လာလည်ကြပေါ့နော် … :D

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

17 comments:

PhyoPhyo said...

အသုပ်လေးတွေကြိုက်တယ်။
ကျေးဇူး ပြောင်းဖူးသုပ်လေးသုပ်စားမယ်။
ခရမ်းသီးမီးဖုတ်သုတ်လေးရောပဲ။
ကျေးဇူး
ခင်မင်တဲ့
pp

လပြည့်ရိပ် said...

ကျွန်မလည်း အသုပ်အရမ်းကြိုက်တယ်။ ကြည့်ရတာနဲ့တင် သွားရေကျလာပြီ။ အားရင်လုပ်စားဦးမှပဲ..

Angelhlaing(May everybody be happy and healthy! said...

စားချင်တယ်ဆိုမှ ဟင့်ဟင်...:):)

rose said...

ရို့စ်လည်း အသုပ် ကြိုက်တယ် မအိမ်သူရေ။ ငါးဖယ်သုပ်၊ ခရမ်းသီးသုပ်၊ ငါးနီတူသုပ် အားလုံး မြည်းကြည့်သွားပြီနော်း)

မေဓာဝီ said...

အသုပ်ကတော့ ဘာပဲသုပ်သုပ် ကြိုက်တယ် မအိမ်သူရေ ... ။
မအိမ်သူ လက်ရာအသုပ်စားချင်လို့ ကမ္ဘောဒီယားလာလည်မယ်နော် လေယာဉ်စရိတ်လေးပဲ မစပါ။ :))

mstint said...

အသုပ်စုံလေး ဝင်ဖတ်သွားတယ် မအိမ်သူရေ။ မြန်မာလူမျိုးတို့နှစ်သက်တဲ့ အစားအစာပေါ့နော်။ မန္တလေးက အန်တီ့သူငယ်ချင်း တစ်ယောက်ဆိုရင် အားတိုင်း ဂေါ်ဖီသုပ်ကိုပဲ သုပ်စားနေတာလေး)
ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

မအိမ်သူဆီ အလည်လာဖို့ထီထိုးဦးမှ
ထီပေါက်လို့ကတော့ အပြေးကလေးလာခဲ့မယ် အသုပ်ပေါင်းစံသုပ်ကျွေးနော်
ဘာသုပ်ဖြစ်ဖြစ် ကြိုက်တယ်။
မုံရွာအလည်သွားတော့ ကုက္ကိုလ်ရွက်တို့ ထနောင်းရွက်တို့ သုပ်စားတာတွေ့ခဲ့ဖူးတယ်။ တော်တော်စားကောင်းတယ်

လသာည said...

အသုပ်ဆို ချဉ်ငန်စပ် စားချင်တာ ဂလု..။ ပြည်ကြီးငါးနဲ့ ပုဇွန်ချဉ်စပ်သုပ်လေးလုပ်စားဦးမယ်.. (ပြည်ကြီးငါးရတဲ့အခါကျရင်)

SHWE ZIN U said...

အသုပ် ဆို ဖုတ် သုပ်တာ ပိုကြိုက်တယ် မွှေးလို့ မီးဖုတ် သုပ်တာပြောတာနော်

Cameron said...

အကုန်ကြိုက်တယ်....:P


ခင်တဲ့
မိုးငွေ့

တောက်ပကြယ်စင် said...

အသုပ်တွေအားလုံး အကုန်ကောင်းမည့်ပုံပဲ
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ

မိုးစက်ပွင့် said...

ငယ်ငယ်ထဲက အသုပ်ကြိုက်တယ်
ကမ္ဘောဒီးယားလာဖို့ ကြိတ်ကြံနေတယ် (တိုးတိုးလေးပြောသွားသည်)

အင်္ဂါဟူး said...

ပုဇွန်သုတ် ကြိုက်တယ်.. ငါးနီတူးသုတ် မကြာမကြာ စားတယ်။

ဒီနေ့တောင် ခရမ်းသီး မီးဖုတ်သုတ် စားဖြစ်သေးတယ်... ဟာဟ

အသုပ်ကြိုက်တာချင်း လာတူနေတယ်..

စံပယ်ချို said...

အသုပ်ဆိုအားလုံးကြိုက်တယ်
ဗိုက်လဲပြည့်တယ်...ထဲ့လဲသွားတယ်နော်။ ။

KMC@ချင်းလေး said...

သဘောကျလို့ချက်ချင်းထပြီးခေါက်ဆွဲသုပ်စားလိုက်တယ်ဗျာ.. ကောင်းမှကောင်း..(မညာဘူးနော်.အမှန်တိုင်းပြောလိုက်တာ)ဟီဟိ.

Clozest said...

မအိမ်သူ ဘလော့ကိုလာရင် သွားရေကျပြီး ဗိုက်ဆာပြီး ပြန်ပြန်သွားရတယ်။ နောက်မလာတော့ဘူး။ :P

Anonymous said...

အမရေ အိပ်ယာကနိုးနိုးချင်းပဲ ဘာရယ်မဟုတ်လျှောက်ကြည်.ရင်းနဲ. အမဆိုဒ်ကို တွေ.လို.၀င်လိုက်တာ.....အသုပ်တွေကိုကြည်.ပြီဲးဗိုက်ထဲက အသံတွေ ထွက်လာကုန်ပြီ....ပြန်လျော်ပေး....:P

Related Posts Plugin for WordPress, Blogger...