Wednesday, June 29, 2011

တစေ့တစောင်း ခမာတို့ရဲ့ တိန်း(ဂ်)မောင်း

မအိမ်သူတို့တွေ ကမ္ဘောဒီးယားမှာ နေရတာ မြန်မာပြည်နဲ့ သိပ်မခြားလှပါဘူး။ ရေမြေ ရာသီဥတု အစားအသောက် အနေအထိုင် အားလုံးလိုလိုဟာ မြန်မာပြည် အညာဒေသဘက်က နယ်မြို့လေးတစ်ခုမှာ နေနေရသလို ခံစားရပါတယ်။ နွေဖက်မှာဆို ဖုန်ထူ နေပူ ခြင်ကကိုက် ပူပူအိုက်အိုက်နဲ့။ ကမ္ဘောဒီးယားက မြန်မာပြည်ထက် အီကွေတာနဲ့ ပိုနီးတယ်ဆိုတော့ ပူအိုက်စွတ်စိုတဲ့ အီကွေတာ မုတ်သုံရာသီဥတုမျိုး ရှိပါတယ်။ မိုးတွင်းဆိုလည်း မုတ်သုံမိုးဆိုတော့ သိတဲ့အတိုင်း ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ လျှပ်စီးတွေလက် မိုးကြိုးတွေပစ် မှောင်မဲအုံ့ဆိုင်းပြီး ရွာလိုက်တဲ့မိုးဆိုတာ ရေကြီးတဲ့အထိဘဲ။ မိုးကြိုးပစ်တာများ ကြောက်ဖို့တောင်ကောင်းတယ်။ ၀င်းကနဲဖြစ်ပြီး ဒိန်းဆို နားကွဲမတတ် ချထည့်လိုက်တာ ကိုယ့်နားကပ်ပြီး ပစ်ချလိုက်သလိုဘဲ။ အဲဒီလိုမျိုး မြန်မာပြည်မှာ တစ်ခါမှကို မကြုံဖူးတာ။ ဒီမှာတော့ မိုးတွင်းဆိုရင် နှစ်တိုင်းလိုဘဲ ရိုးနေပြီ။ အဲ .. ဆောင်းတွင်းကတော့ အညာဆောင်းနဲ့ မတူဘူး။ သိပ်မအေးလှပါဘူး။ ရန်ကုန်ဆောင်းလိုပါဘဲ။ အနွေးထည် မလိုတဲ့ ဆောင်းတွင်းပေါ့။ ဒီဇင်ဘာ ဇန္န၀ါရီ လောက်မှာ နှစ်ပတ်သာသာလောက်လေး နဲနဲပါးပါး အေးသလိုလိုရှိတယ်။ ပြီးတာနဲ့ ပူလာပြီး နွေရောက်သွားရော။

ထန်းတောနဲ့ လယ်ကွင်းနဲ့ ကျွဲနဲ့ ခမာ ကျေးလက် ရှုခင်းပေါ့

ကမ္ဘောဒီးယားရဲ့ ပတ်ဝန်းကျင် အနေအထားတွေကလည်း မြန်မာပြည်နဲ့ အတော်ကိုတူပါတယ်။ လယ်ကွင်းတွေ ကျေးလက် တောရွာလေးတွေ ထန်းတောတွေနဲ့ … အပင်တွေဆိုလည်း သရက် ပိန္နဲ တမာ မန်ကျည်း ကုက္ကို စိန်ပန်း တို့လိုအပင်တွေ ကြည့်လေရာမှာ တွေ့ရပါတယ်။ ခရီးသွားတဲ့အချိန်ဆို မအိမ်သူကတော့ လမ်းဘေးဝဲယာ ငေးသွားတာပါဘဲ။ လယ်တောထဲ ကောက်စိုက်တဲ့သူနဲ့ စပါးရိတ်တဲ့လူနဲ့ ကျွဲတွေ နွားတွေ ကောက်ရိုးပုံတွေ အစုံမြင်ရတာ ကိုယ့်ပြည်ကိုယ့်ရွာ အတိုင်းဘဲ ခံစားမိပါတယ်။

ရွာအ၀င်လမ်းကလေး

ခမာပြည်ရဲ့ ဟိုင်းဝေးလမ်း ဘေးနားက နယ်မြို့လေး တစ်ခုရဲ့  ရှုမြင်ကွင်း

ဟိုးအဝေးကတောင်နဲ့ တောအုပ်နဲ့ လယ်ကွင်းနဲ့
ခရီးသွားရင်တော့ Express Bus တွေနဲ့ဘဲ သွားဖြစ်တာများပါတယ်။ လမ်းတွေကလည်း ကောင်းသလို ကားတွေကလည်း စီးရတာ သက်တောင့်သက်သာ ရှိတဲ့အပြင် ဈေးနှုံးကလည်း သင့်တော်တဲ့အတွက် အဲဒီလို Bus တွေနဲ့သွားရတာကို နှစ်သက်မိတာပါ။
နောက်မအိမ်သူရဲ့အကျင့်က အဲဒီလို ခရီးသွားရင် ကားပေါ်မှာ သီချင်းနားထောင်တာတို့ စာဖတ်တာတို့ မလုပ်တတ်သလို ကားပေါ်မှာ ဖွင့်ပြထားတဲ့ တီဗွီတွေဘာတွေလည်း သိပ်စိတ်မ၀င်စားပါဘူး။ (Documentary လိုဟာမျိုးကလွဲရင်ပေါ့) ခရီးသွားဖေါ်တွေနဲ့လဲ စကားပြောသွားရတာမျိုးကို မကြိုက်လှပါဘူး။ မအိမ်သူလုပ်တာက တို့စိတို့စိ သွားရေစာပေါင်းစုံကို တစ်မျိုးပြီးတစ်မျိုး မပြတ်တမ်းဝါးပြီး ပြတင်းပေါက်က မြင်ရတဲ့ရှုခင်းတွေကို ဟိုတွေး ဒီငေးနဲ့ စိတ်ဝင်တစား ကြည့်သွားတာပါဘဲ။ အဲဒါဟာ မအိမ်သူအတွက်တော့ ခရီးထွက်ရတဲ့ အရသာကို အပြည့်အ၀ခံစားရစေပါတယ်။ အဲဒီခရီးကို ဘယ်နှစ်ကြိမ်ဘဲသွားသွား ဒီလမ်းကို အခါခါဖြတ်နေလဲ အဲဒီလမ်းဘေးရှုခင်းတွေကို စိတ်ထဲမှာ ရိုးသွားတယ်လို့ မထင်မိပါဘူး။ သွားတဲ့အခေါက်တိုင်း ငေးတာပါဘဲ။
လမ်းနံဘေးက လှမ်းမြင်ရတဲ့ ကျောက်တောင်

အဲဒီနေရာကို ဖြတ်တော့ မန္တလေးက ကျောက်ဆစ်တန်းကိုတောင် သတိရသွားတယ်
အဲဒီလို ခရီးထွက်တိုင်း ဟိုကြည့်သည်ကြည့် ငေးရင်းမောရင်းနဲ့ ခမာရွာလေးတွေကိုဖြတ်ရင် သတိထားမိတာ တစ်ခုက တစ်ချို့အိမ်တွေရှေ့မှာ စာခြောက်ရုပ်တွေ ထောင်ထောင်ထားတတ်ကြတယ်။ တစ်ချို့ ခြံဝမှာ တစ်ချို့က အိမ်အ၀င်လမ်းဘေးနားမှာ တစ်ချို့ရွာတွေဆို ရွာလုံးကျွတ် အိမ်ပေါက်စေ့လောက်နီးပါး အိမ်ရှေ့တိုင်းလိုလိုမှာ စာခြောက်ရုပ် တစ်ရုပ်စီရှိတတ်ကြတယ်။ ဒါပေမဲ့ ဖြတ်သွားသမျှ ရွာတိုင်းလိုတော့လဲ မဟုတ်ပြန်ဘူး။ တစ်ချို့ရွာတွေမှာရှိပြီး တစ်ချို့ရွာတွေမှာတော့ မရှိဘူး။ ကွက်ကြားကွက်ကြား တွေ့လိုက် မတွေ့လိုက်ဘဲ။ စာခြောက်ရုပ်တွေကလဲ ပုံသဏ္ဍာန်မျိုးစုံ မိန်းမပုံ ယောက်ျားပုံ တစ်ချို့ပုံတွေက ကြောက်စရာ တစ်ချို့ပုံတွေကျတော့လဲ ရီချင်ပြုံးချင်စရာ ကို့ယို့ကားယား ပုံစံအမျိုးမျိုးကို တွေ့ရပါတယ်။

ပုံစံ အမျိုးမျိုးနဲ့

ဒီမှာလည်း ရှိသေးတယ်
 လူတိုင်း သိကြတဲ့အတိုင်း စာခြောက်ရုပ်ဆိုတာ လယ်ကွင်းတွေ ဥယျာဉ်ခြံတွေထဲမှာသာ ရှိတတ်ကြတာမျိုး မဟုတ်လား။ အသီးအနှံ စိုက်ခင်းပျိုးခင်းတွေကို ငှက်တွေဖျက်စီးမယ့်ရန်က ကာကွယ်ခြောက်လှန့်ဖို့ စာခြောက်ရုပ် လုပ်ပြီးထားကြတာလေ။ ဒါပေမယ့် အခုတွေ့တဲ့ စာခြောက်ရုပ်တွေက အဲဒီလို စိုက်ခင်းပျိုးခင်းတွေမှာ တွေ့ရတာမဟုတ်ဘူး။ လယ်တောတွေ ဖြတ်သွားရင်လည်း စာခြောက်ရုပ်ကို မတွေ့မိဘူး။ အားလုံးက အိမ်ရှေ့ ခြံအ၀င်ဝလိုနေရာမျိုးမှာ အိမ်တိုင်းလိုလို အဲဒီလိုနေရာမျိုးမှာ လုပ်ထားကြတာ။ ပြီးတော့ တစ်ချို့ရွာတွေဆို တစ်ရွာလုံး အိမ်တိုင်းရဲ့ ရှေ့မှာ စာခြောက်ရုပ်တွေနဲ့ ဆိုတော့ နဲနဲတော့ ထူးဆန်းနေတာကို သတိထားမိပါတယ်။ အဲဒါနဲ့ နီးစပ်ရာ ခမာလူမျိုးများကို မေးမြန်းကြည့်တော့ အဲဒါ စာခြောက်ရုပ်မဟုတ်ပါဘူးတဲ့။ မကောင်းဆိုးဝါး ၀ိဉာဉ်တွေရန်က ကာကွယ်တဲ့ ၀ိဉာဉ်ခြောက်ရုပ်ပါတဲ့။
ကြောက်စရာ...  Scare Ghost တဲ့

နင်ကဒီမှာစောင့်..
အဲဒီ စာခြောက်ရုပ် (၀ိဉာဉ်ခြောက်ရုပ်) ဓလေ့ဟာ ခမာလူမျိုးများရဲ့ အလွန်ရှေးကျလှတဲ့ ရိုးရာဓလေ့ ယုံကြည်မှု တစ်ခုဖြစ်တဲ့အကြောင်း သိရပါတယ်။ ဒါပေမယ့် အခုအချိန်ထိတိုင် အဲဒီ ရိုးရာယုံကြည်မှုဓလေ့ကို နယ်တွေမှာ နေထိုင်ကြတဲ့ ခမာလူမျိုး အများစုဟာ ဆက်လက်ပြီး ယုံကြည်စွာ ကျင့်သုံး လုပ်ဆောင်နေကြဆဲပါ။ ခမာလို အဲဒီ စာခြောက်ရုပ်ကို တိန်း(ဂ်)မောင်း (Ting Mong) လို့ခေါ်ပါတယ်။ ခမာတွေက အဲဒီ တိန်း(ဂ်)မောင်း အရုပ်မှာ ထူးခြားတဲ့စွမ်းအား (အစွမ်းထက်တဲ့ ပါဝါ) တစ်မျိုး ကိန်းအောင်း သက်ဝင်လျက်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီ စွမ်းအားဟာ မကောင်းဆိုးဝါး များကို အနားမသီနိုင်စေရန် ကာကွယ် တားဆီးနိုင်တဲ့ အစွမ်းရှိတယ်လို့ဆိုပါတယ်။ အဲဒီလို တိန်း(ဂ်)မောင်းရုပ်လုပ်ပြီးတော့ မိမိတို့ရဲ့ နေအိမ်ခြံဝမှာ အစောင့်အကြပ် Guardian အဖြစ်နဲ့ စောင့်ကြပ်ဖို့ ထားခဲ့တယ်ဆိုရင် အဲဒီအိမ်ကို (evil spirit) မကောင်းဆိုးဝါး ၀ိဉာဉ်များ၊ ရောဂါဘယများ၊ ကံကြမ္မာဆိုးများနဲ့ ဆိုးဝါးတဲ့ ကပ်ဘေးများ အစရှိတဲ့ ဘေးရန်များမှ ကင်းဝေးစေတယ်လို့ ပြောကြပါတယ်။ ဥပမာဆိုရရင် အထူးသဖြင့် ကူးစက်တတ်တဲ့ ၀မ်းရောဂါလို သွေးလွန်တုပ်ကွေးတို့လို ရောဂါမျိုးတွေ ကြက်ငှက်တုပ်ကွေးတွေ အစရှိတဲ့ရောဂါမျိုးတွေ ဖြစ်လို့ လူအသေအပျောက် များတယ်ဆိုတာမျိုး ကြားခဲ့ရင် ကိုယ့်ရွာမှာ အဲဒီလိုရောဂါမျိုးတွေ ကူးစက် ပြန့်ပွားလာတာမျိုး သေကြေပျက်စီးတာမျိုး မရှိရအောင် တစ်ရွာလုံး အိမ်တိုင်းက မိမိတို့ရဲ့ အိမ်ရှေ့တွေမှာ တိန်း(ဂ်)မောင်းရုပ်တွေ ဆင်ပြီးတော့ ကာကွယ်ကြပါတယ်တဲ့။ အဲဒီလို ပြုလုပ်ခြင်းအားဖြင့် တိန်း(ဂ်)မောင်းတို့ရဲ့ အစွမ်းနဲ့ ကျရောက်လာမဲ့ ကူးစက်ရောဂါများနဲ့အတူ သေကြေပျက်စီးမှုတွေကို တားဆီးပေးတဲ့အတွက် ရောဂါဘယဘေးက ကင်းဝေးစေတယ်လို့ အယူရှိကြပါတယ်။ တကယ် ဟုတ်မဟုတ်တော့လည်း မအိမ်သူ ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မတွေ့မကြုံဖူးတဲ့အတွက် မပြောပြတတ်ပါဘူး။ 
တီးဖို့ အဆင်သင့်

သူကလဲ အသင့်အနေအထားနဲ့ ...

အောင်မလေး.. သေနတ်ကြီးနဲ့ ...

 သူကတော့ ပါတီဆိုင်းဘုတ်အောက်မှာ စောင့်လို့  (CPP က လက်ရှိ ၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ ပါတီပါ)
 နောက်ထပ်တစ်မျိုး ကြားဖူးတာကို ပြောပြရရင်တော့ မိမိတို့ရဲ့ ဇနီးမယား လင်ယောက်ျား သေဆုံးကွယ်လွန်သွားခဲ့တယ် ဆိုရင် ကျန်ခဲ့တဲ့ မုဆိုးဖို မုဆိုးမ များဟာ မိမိတို့ရဲ့ အိမ်အ၀င်မှာ မိန်းမပုံသဏ္ဍာန် ယောက်ျားပုံသဏ္ဍာန် စာခြောက်ရုပ်များ လုပ်ပြီးထားကြပါတယ်တဲ့။ အဲဒီလိုလုပ်ထားတဲ့အတွက် မိမိတို့နဲ့ ဘ၀ခြားနေပြီဖြစ်တဲ့ ကွယ်လွန်ပြီးသော ဇနီး ခင်ပွန်းများရဲ့ ၀ိဉာဉ်များက မကျွတ်မလွတ်ဘဲ မိမိတို့အိမ်ကို ပြန်လာခဲ့မယ် ဆိုရင် အိမ်ပေါက်ဝမှာ ရပ်နေတဲ့ ယောက်ျား မိန်းမ အသစ်များကို တွေ့ရှိရတဲ့အခါ အဲဒီဝိဉာဉ်များက သူတို့ရဲ့ ကျန်ခဲ့တဲ့ ဇနီး ခင်ပွန်းများဟာ အဲဒီ ယောက်ျား မိန်းမအသစ်များနဲ့ ပျော်ရွှင်နေကြပြီလို့ ယူဆပြီး အိမ်ထဲမ၀င်တော့ဘဲ လှည့်ပြန်သွားကြရတယ် လို့လဲပြောကြပါတယ်။
မြင်တာနဲ့တင် လှည့်ပြေးချင်စရာ
 တကယ်တမ်းပြောရရင်တော့ စာခြောက်ရုပ် အရုပ်သက်သက်ထက်ကို အဲဒီအရုပ်မှာ သက်ဝင်ခိုတွယ်နေတယ်လို့ ယူဆကြတဲ့ ထူးခြားလျှို့ဝှက်တဲ့ အစွမ်းကို အဓိက ယုံကြည်ကြတာလို့ ပြောနိုင်လိမ့်မယ် ထင်ပါတယ်။ ဟိုးတစ်လောကတင် မအိမ်သူတို့ ထိုင်းဘော်ဒါဘက်ကို နေ့ချင်းပြန် ခရီးလေးတစ်ခု သွားတုံးကတောင် မြို့ကအထွက် အန်ကောဝပ် အလွန်နားလေးက ရွာလေးတစ်ရွာကို ဖြတ်တော့ အိမ်လေး ငါး ခြောက်အိမ်ရဲ့ အရှေ့မှာ အဲဒီ စာခြောက်ရုပ်လေးတွေ ထောင်ထားတာ တွေ့ခဲ့ရသေးတယ်။ ခမာလူမျိုးများဟာ ခေတ်အဆက်ဆက် သူတို့ရဲ့ တိန်း(ဂ်)မောင်း ယဉ်ကျေးမှုကို ယခုအချိန်ထိ ယုံယုံကြည်ကြည်နဲ့ ဆက်လက် ထိန်းသိမ်းထားကြဆဲပါဘဲ။ စာဖတ်သူများ ကမ္ဘောဒီးယားကို အလည်အပတ်ရောက်ခဲ့လို့ Countryside တွေဘက်ကို ရောက်ခဲ့ရင် သွားရင်းလာရင်း လမ်းဘေးကိုသာ ကြည့်သွားလိုက်ပါ။ ကံကောင်းရင် တိန်း(ဂ်)မောင်းရုပ် ကလေးတွေကို တစ်ချို့အိမ်ရှေ့တွေမှာ တွေ့ရနိုင်ပါလိမ့်မယ်။ 


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
(ရှုခင်းပုံတွေက ခရီးသွားရင်း ရိုက်ခဲ့တဲ့ပုံတွေပါ။ စာခြောက်ရုပ်ပုံတွေကတော့ ခမာဂူဂယ်ကနေဘဲ ယူလိုက်ပါတယ်။)

18 comments:

Angelhlaing(May everybody be happy and healthy! said...

မမရဲ့ ခရီးသွားမှတ်တမ်းလေးကို ဖတ်ရတာ ကိုယ်တိုင် ရောက်ခဲ့ရသလိုပဲ...ခေမာလူမျိုးတွေ အကြောင်း တစ်စေ့တစ်စောင်း ခုမှပဲ သိခွင့်ရလို့ ကျေးဇူးပါမမ..:)

မေဓာဝီ said...

လယ်ကွင်းနဲ့ ထန်းတောက မြန်မာပြည်ရှုခင်းအတိုင်းပဲနော်။ ဒီရှုခင်းလေးတွေကို မြင်နေရရင် မအိမ်သူတော့ မြန်မာပြည်ကို သိပ်လွမ်းစရာ မလိုဘူး ဟန်ကျတာပဲ။

ဝိညာဉ်ခြောက်ရုပ်ဆိုတာ ခုမှကြားဖူးတယ်။ တရွာတပုဒ်ဆန်း သူ့အယူနဲ့သူပဲနော်။ အရုပ်တွေကလဲ ဒီဇိုင်းအမျိုးမျိုးပဲ၊ ဘောင်းဘီနဲ့ ခါးပတ်နဲ့ ခေတ်တော့အမီသား။

မသိသေးတာလေးတွေ သိရတာ ဗဟုသုတရတယ် မအိမ်သူရေ ... ကိုယ်တွေက အဲဒီနေရာတွေ သွားချင်မှ သွားနိုင်မှာလေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာပါဘဲ မအိမ်သူရေ
ကျွန်မကလည်း ခုလို ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကို ပိုစိတ်ဝင်စားမိတယ်
စွမ်းအားတစ်မျိုးတွေ ကိန်းအောင်းနေတဲ့ စာခြောက်ရုပ်တွေက တစ်ချို့ပုံတွေ လန့်ဖို့ကောင်းတယ်
စိတ်ထဲခြောက်ခြားမိသလိုခံစားရတယ်

မေသိမ့်သိမ့်ကျော် said...

စာခြောက်ရုပ်တွေက ဝိဥာဉ်ခြောက်ရုပ်ဆိုတော့ မော်ဒန်ဆန်တယ်။း) ခမာကျတော့ ဘယ်လိုသွားရမလဲမသိဘူး။ မရောက်ဖူးသေးဘူး။ သွားချင်လိုက်တာ မအိမ်သူရယ်။ တအားကို ပျော်စရာကောင်းမှာပဲနော်။

ခင်မင်လေးစားလျက်

ZZZ said...

ကမ္ဘောဒီးယားကိုတော့ အလည်တစ်ခေါက်ရောက်ချင်တယ်၊ မြန်မာပတ်စ်ပို.က ဗီဇာလိုမလားမသိဖူး၊

SHWE ZIN U said...

ညီမ ရေ

ခမာတွေ အကြောင်းဖတ်ရတာ ကောင်းလိုက်တာ
မသိသေးတာတွေ သိရတယ်ကျေးဇူး

မအိမ်သူ said...

ZZZ >>> ဗီဇာလိုပါတယ်ရှင်။ ဒါပေမယ့် ကမ္ဘောဒီးယားက Arrival Visa ပေးပါတယ်။ သိပ်မခက်ပါဘူး။ ကမ္ဘောဒီးယား သံရုံးက ဗီဇာကြိုယူလာခဲ့ရင်တော့ ပိုအဆင်ပြေတာပေါ့။ အ၀င်မှာ အလုပ်ရှုပ်သက်သာတာပေါ့နော်။ အလည်ဆိုရင် ဒေါ်လာ နှစ်ဆယ် နဲ့ Business Visa ဆိုရင် ဒေါ်လာ အစိတ် ကျပါတယ်။

အမှတ်တရ နေ့စွဲများ.... said...

ရှုခင်းများကိုခံစားရင် ဗဟုသုတတွေပါ ရလိုက်တဲ့ အတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ....

ZZZ said...

ဗီဇာကိစ္စအကြောင်းပြန်ပေးလို. ကျေးဇူးတင်ပါတယ်၊

မိုးငွေ့...... said...

ဒီလောက်ပုံစံမျိုးစုံနဲ့ စာခြောက်ရုပ်ကိုခုမှပဲမြင်ဖူးတော့တယ်...။
ကျေးဇူးပါ...။


ခင်တဲ့
မိုးငွေ့

mstint said...

မအိမ်သူရေ Angkor-wat ဖက်ကိုရောက်ပြီးရောပေါ့နော်။ ကမ္ဘာလှည့်ခရီးသည်တွေ နေဝင်တာကို ကြည့်ကြတယ်ဆိုလို့ အန်တီတို့လည်း သွားကြည့်တာ ပုဂံကနေဝင်ဆည်းဆာက ပိုလှသလိုပဲ။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

မြန်မာပြည် လမ်းဘေးရှုခင်းတွေအတိုင်းပဲနော်...
တစ်ခေါက်တော့ ရောက်နိုင်အောင်ကြံနေတာပဲဗျာ....။

Anonymous said...

ခုမှပဲ ဒီဘလော့ဂ်ကို စဖတ်ဖြစ်ပါတယ်။ ကျမက စာဖတ်သူသက်သက်ပါ။ comment တွေဘာတွေလဲ ဘယ်မှာမှမရေးဖူးပါဘူး။ ဒါပေမဲ့ ကျမကိုယ်တိုင် Cambodia မှာ ၂နှစ်ကျော်လောက် အမျိုးသားအလုပ်လုပ်ရာဒေသမှာ လိုက်နေဖူးတော့ ဒီဘလောဂ့်ကို ဖတ်လိုက်ရတဲ့အချိန်မှာ အဲ့ဒီမှာနေခဲ့ဖူးတဲ့အချိန်တွေကို သတိရမိပါတယ်။ ခမာတိုင်းပြည်အကြောင်း အလွမ်းပြေ တွေ.ရဖတ်ရတဲ့အတွက် အော့ကွန်းပါလို.ပြောချင်ပါတယ်။

မြစ်ကျိုးအင်း said...

အပေါ်ဆုံးပုံတွေဆို မပြောရင် မြန်မာပြည်ဘဲ ထင်မိမှာ။
ခရီးထွက်ရတာ ကျနော်လည်း သဘောကျတယ်။ မမြင်ဖူးတဲ့ ပါတ်ဝန်းကျင်တွေကို မြင်ရတာ နှစ်သက်ဖို့ကောင်းတယ်။ ဘလော့ဂ်တွေရဲ့ အားသာချက်က ဒါပဲနဲ့တူပါရဲ့။ ကိုယ်ရောက်နေတဲ့ နိင်ငံအကြောင်းလေးတွေ ပြန်မျှဝေရင်းနဲ့ အားလုံး အသိတွေ တိုးရစေတယ်။ သိပ်ကောင်းပါတယ်။ ဒီလို သုတမျိုးပေးတဲ့ ပို့စ်များ များများဖန်တီးဖို့ အားပေးပါတယ်။

မဒမ္ဘာ said...

အဟီး..ေၾကာက္စရာၾကီး....
ကိုယ့်ဟာကိုယ်ပြန်လန့်မယ့်အရုပ်ကြီး..
မီးတော့ကြောက်တယ်..မမရေ...

ခင်တဲ့
လေလွင့်နတ်သမီး

Nyi Linn Thit said...

ဗဟုသုတ ရတဲ့ ပို့စ်လေးပါပဲ မအိမ်သူရေ...၊ ဟုတ်တယ် နော်၊ ဓါတ်ပုံလေးတွေအရ ရှုခင်းတွေက မြန်မာပြည်နဲ့ အတော်လေး တူတာပဲ၊ ဝိညာဉ်ခြောက်ရုပ်တွေရဲ့ ဝတ်စားဆင်ယင်မှု ကိုတော့ သဘောကျသွားတယ်..။

ခေါင်ခေါင် said...

Sure Sdey Bong!

ညီမ ဆီရမ်ရိ နဲ့ ဖနွမ်ပင်တော့ ရောက်ဖူးတယ်..
စာခြောက်ရုပ်တွေ တစ်ခါမှမတွေ့ဖူးဘူး.. ခုမှ အထူးအဆန်းဖြစ်နေတယ်။ Countryside မှာပဲ ရှိတာလား အမ။

ခေါင်ခေါင် said...

Sure Sdey Bong!!

ညီမ ဆီရမ်ရိ နဲ့ ဖနွမ်ပင်ရောက်ဖူးတာ တစ်ခါမှ စာခြောက်ရုပ် မတွေ့ဖူးဘူး အမ။ ခုမှ အထူးအဆန်းဖြစ်နေတယ် ။ Countryside မှာပဲရှိလို့ဖြစ်မယ်နော်။

Related Posts Plugin for WordPress, Blogger...