Saturday, June 4, 2011

ခမာပြည်တလွှား မြင်ကွင်းများ

ခမာပြည်အကြောင်း တစေ့တစောင်းလေး သိရအောင် ဒီနေ့တော့ ဓါတ်ပုံလေးတွေနဲ့ စကားပြောကြရအောင်နော်။ ကမ္ဘောဒီးယားရဲ့ စီးတော်ယာဉ်များ အကြောင်းပါ။
အဓိကအကျဆုံး ယာဉ်ကတော့ မော်တော်ဆိုင်ကယ်ပါ။ ဘယ်နေရာ ကြည့်ကြည့် ဆိုင်ကယ်ချည်းပါဘဲ။ ခမာလူမျိုးတွေမှာ အနဲဆုံး တစ်အိမ်ကို ဆိုင်ကယ်တစ်စီးလောက်တော့ ရှိကြပါတယ်။ အဲဒီဆိုင်ကယ်တစ်စီးဟာလဲ တစ်မိသားစုလုံးအတွက် အင်မတန်အသုံးဝင်ပါတယ်။ ကားတစ်စီးအလားပါဘဲ။ ဘာလုပ်ချင်သလဲ။ ဘယ်သွားချင်သလဲ။ ယုတ်စွအဆုံး အိမ်ပြောင်းရင်တောင် ဆိုင်ကယ်နဲ့ ရအောင်ပြောင်းကြတဲ့ လူမျိုးများပါ။ မအိမ်သူတို့ ကမ္ဘောဒီးယားကို ရောက်ခါစတုံးကတော့ အဲဒီမြင်ကွင်းများဟာ တကယ့်ကို အံ့သြဘနန်းပါဘဲ။ အခုတော့လဲ နေ့တဓူဝ မြင်နေကျဖြစ်သွားလို့ သိပ်မထူးဆန်းတော့ပါဘူး။ ဒါတောင်မှ တခါတစ်လေမှာ တအံ့တသြ ကြည့်မိနေတုံးပါဘဲ။ ကဲ ကြည့်ကြပါအုံး ဆိုင်ကယ်တစ်စီး အသုံးဝင်ပုံများ…..

ကျောင်းသွားပို့မလို့
တစ်မိသားစုလုံးလဲ ဆံ့ပါတယ်။
လိုက်အုံးမလား ဟိုဖက်ရွာသွားမလို့ ...နောက်တွဲပါတယ်လေ အားလုံးဆံ့အောင် လုပ်ထားတယ်
ကြက်တွေ ၀က်တွေကို သားသတ်ရုံပို့မလို့ (၀က်ကိုတင်သလိုမျိုး နွားကိုတင်ထားတာလဲ တွေ့ဖူးတယ်။ နွားက အကောင်ပိုကြီးတော့ ခြေလက်တွေ ခေါင်းတွေက တွဲလောင်းကျပြီး အကွေ့တွေဘာတွေမှာဆို ကတ္တရာလမ်းနဲ့ ပွန်းသွားတာ မြင်ခဲ့ဖူးတယ် သနားစရာကောင်းလိုက်တာ)
ပစ္စည်းသယ်ကြမယ်လေ ကားမလိုပါဘူး အကုန်ဆံ့ပါတယ်။
ခမာပြည်မှာတော့ ကိုယ်တော်တွေလဲ ဆိုင်ကယ်စီးကြတယ်။
အိမ်ပြောင်းတာလေ ကားကကြီးလွန်းပါတယ် ဆိုင်ကယ်လောက်နဲ့ဆို ရနေပါပြီ။
ကုတင်လား မလိုဘူးလေ ဒီမှာ အိပ်လို့ရနေတာဘဲဟာ တစ်ရေးလောက်တော့ အသာလေးဘဲ။
ထိုင်စရာမရှိလဲ ရတယ် ဒီလိုမျိုး တွယ်ပြီး လိုက်ခဲ့မှာပေါ့။
ကားကိုလဲသုံးကြပါတယ်။ မညှာမတာကိုသုံးတာပါရှင်။ ဟိုင်းဝေးတွေသွားရင် ပိုဆိုးပါတယ်။ တစ်လမ်းလုံး ၀န်အပြည့်နဲ့ ကားနောက်မြီးက ကတ္တရာလမ်းနဲ့ ထိလုနီးပါးအထိ ညွှတ်ကျနေတဲ့ ကားတွေကို ကြည့်ရတာ တကယ်ကို အသည်းယားစရာ ကြောက်စရာပါဘဲ။ Accident တွေလဲ မကြာခဏတွေ့ရတတ်ပါတယ်။
အရှေ့ မှာမဆံ့ရင် အနောက်ဖုံးကနေ လိုက်မှာပေါ့။
ဝန်ပိနေသော ကားများ (ဒါတောင် နဲပါသေးတယ်)
ကားလဲ မခံနိုင်တော့ဘူး အိုဗာဝိတ်တွေနဲ့ ဆိုတော့ လမ်းမှာ ခါးကျိုးသွားပြီ။
မြို့တွင်းမှာ သွားရေးလာရေးအတွက်ကတော့ အဓိက သယ်ယူပို့ဆောင်ရေးယာဉ် ဖြစ်တဲ့ ခမာလို မော်တော်ဒုပ် (Motor Dop) လို့ခေါ်တဲ့ ဆိုင်ကယ်တက်စီများပါဘဲ။ ဟိုနားဒီနား သွားတာလောက်ကတော့ ခမာငွေ တစ်ထောင် (1000 Riels) ကနေ ခရီးအကွာအဝေးအလိုက် နှစ်ထောင် ၊ သုံးထောင် ၊ တစ်ဒေါ်လာ ကျတတ်ပါတယ်။ (ငွေလဲနှုန်းက ၁ ဒေါ်လာကို ခမာငွေ လေးထောင်ပါ။ ငွေဈေးနှုန်းက ငြိမ်ပါတယ်။ မအိမ်သူတို့ ဒီကိုမရောက်ခင်ကတည်းက အဲဒီဈေးနှုန်းဟာ အခုထိလဲ အတူတူပါဘဲ။ ဒေါ်လာအခြေနေပေါ်မူတည်လို့ အတက်အကျ အနည်းငယ်လေးဘဲ ရှိတတ်ပါတယ်။ ကျန်တဲ့အချိန်ကတော့ အမြဲတမ်း လေးထောင်ဟာ ပုံမှန်ပါဘဲ။)
မော်တော်ဒုပ် ကတော့ ပေါမှပေါ နေရာတိုင်းမှာရှိတယ်။
 နောက်တမျိုးကတော့ စီကလို လို့ခေါ်တဲ့ ဆိုက်ကားပါ။ ဖနွမ်းပင်မှာဘဲ အများဆုံးတွေ့ရပါတယ်။ တခြားနယ်တွေမှာတော့ စီးကြတာ မတွေ့မိပါဘူး။ လူထိုင်စီးတဲ့နေရာက အမိုးလေးက အရှင်ပါ။ မိုးရွာရင် နေပူရင် အမိုးကိုဆွဲတင်လိုက်ရုံဘဲ။ ပုံမှန်ကတော့ ခေါက်ထားတတ်တယ်။
စီကလို ကဒီလို ပုံမျိုးပါ နင်းတဲ့လူက အနောက်က စီးတဲ့လူက ရှေ့ ကနေ ထိုင်စီးရတယ်။ သူလဲ နိုင်သလောက်တော့ ၀န်တင်တာပါဘဲ။ တခါတလေ အထုပ်တွေသိပ်ကြီးနေရင် နင်းတဲ့လူက ရှေ့ ကိုမမြင်ရတော့ဘူး။ အဲဒါလဲ ဘေးကနေ ချောင်းကြည့်ပြီး ရအောင်နင်းပါတယ်။ ကြည့်ရတဲ့သူမှာ တိုက်မိရင် ဒုက္ခဆိုပြီး အသည်းတွေယားလို့ ။
ဒီလိုလေး စီးရတာ။ အဲဒါလဲစီးလို့ကောင်းတာဘဲ။
ဆိုင်ကယ်မစီးချင်သူများ အတွက်တော့ တုတ်တုတ် (Tuk-Tuk) တွေရှိပါတယ်။ တုတ်တုတ်က ဆိုင်ကယ်ထက်တော့ ဈေးနဲနဲပိုပေးရပေမဲ့ သူလဲသူ့ဈေးနှုန်းနဲ့သူ တန်ပါတယ်။ စီးပျော်တယ်ဆိုရမှာပေါ့။ အန်ကောဝပ်ကို တုတ်တုတ်နဲ့ တစ်နေကုန်လည်ရင် တစ်နေ့လုံးစာမှ အလွန်ဆုံး ၁၂ ဒေါ်လာကနေ ၁၅ ဒေါ်လာလောက် အတွင်းမှာဘဲ ရှိတာပါ။ မအိမ်သူ တစ်ယောက်ထဲအပြင်သွားရင် ဆိုင်ကယ်တက်စီ စီးပေမဲ့ မိသားစုနဲ့ အပြင်ထွက်ရင်တော့ တုတ်တုတ်စီးရတဲ့ အရသာကို အရမ်းကြိုက်ပါတယ်။ လေကောင်းလေသန့် တဟူးဟူးနဲ့ ဆိုဖါထိုင်ခုံမှာ တငြိမ့်ငြိမ့်လိုက်စီးပြီး ဘေးဘီမြင်ကွင်းတွေကို စိတ်တိုင်းကျကြည့်ခွင့်ရလို့ပါ။ ဒီမှာ တစ်ချို့တုတ်တုတ်တွေကလဲ စီးချင်စဖွယ်ဖြစ်အောင် အလှအပပြင်ထားတတ်ပါတယ်။ မအိမ်သူတို့နဲ့သိတဲ့ အမတစ်ယောက်ကတော့ သူတစ်ယောက်ထဲဆိုရင် တုတ်တုတ်ဘယ်တော့မှ မစီးပါဘူး။ မအိမ်သူက ဘာဖြစ်လို့လဲလို့ မေးကြည့်တော့ အဲဒီလို လှလှပပ ပြင်ဆင်ထားတဲ့ တုတ်တုတ်တွေကို စီးရမှာ ရှက်လို့ လို့ပြောပါတယ်။ ဘာကိုရှက်တာလဲဆိုတော့ အဲဒီ တုတ်တုတ်ပေါ်မှာ တစ်ယောက်ထဲ မိန့်မိန့်ကြီး ထိုင်စီးရတာ ရှင်ဘုရင် တိုင်းခမ်းလှည့်လာတာနဲ့ တူလို့ရှက်တာပါဆိုဘဲ။ မအိမ်သူဖြင့် သူပြောတာကြားတော့ ရီလိုက်ရတာ အူကိုတက်လို့။
တုတ်တုတ် စီးကြမယ်လေ တငြိမ့်ငြိမ့်နဲ့ ဇိမ်ရှိတယ်။ (ဒီတုတ်တုတ်တွေက အလှပြင်မထားဘူး)
ဒီတုတ်တုတ်မျိုးနဲ့ ဆိုရင် ရှင်ဘုရင် တိုင်းခမ်းလှည့်သလိုဘဲတဲ့။ (ဇာနားတွေ အမြိတ်တွေနဲ့ အလှဆင်ထားတာ)
ဒီတုတ်တုတ်စီးရင်တော့ စနိုးဝှိုက်တို့ ဘာတို့လို နတ်သမီးပုံပြင်ထဲ ရောက်သွားသလို ဖြစ်မယ်ထင်တယ်။ Princess လုပ်ကြတာပေါ့။

 အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 

(အချို့သော ဓါတ်ပုံများကို အင်တာနက်မှယူပါတယ်။ အကုန်လုံး မရိုက်နိုင်လို့ပါ။)  :D

8 comments:

ကိုဇော် said...

သဘောကျတယ် အစ်မရေ။
ဗဟုသုတလည်း ရပါတယ်။

Shinlay said...

ကျေးဇူးပါပဲ။ တခါက တီဗီသတင်းကားမှာတွေ့ လိုက်တယ်။ ဆိုင်ကယ်နဲနယ်တွေမှာဈေးလိုက်ရောက်တဲ့ အကြောင်း။
သူ့ နေရာနဲ့ သူ့ ဓလေ့တော့ဟုတ်နေတာပဲနော်။

အင်္ဂါဟူး said...

အံမယ်လေး...ကိုယ့်မှာ ဆိုင်ကယ်သုံးယောက် တင်မောင်းရင်...ဆိုးလှပြီမှတ်နေတာ..သူတို့နဲ့ ကျတော့မှ ငါမောင်းတာ ဘာဟုတ်သေးလဲ မှတ်ရတော့တယ်။

ုကျော်နှင်းဆီလွင် said...

မအိမ်သူရေ
ကမ္ဘောဒီးယားအကြောင်းရေးတာမတွေ့ဖူးတော့အတော်လေးစိတ်ဝင်စားမိပါတယ်။
ဝေမျှပြောပြတာကျေးဇူးပါ။ နောက်လဲလာလည်မယ်နော် :))

နေ၀ဿန် said...

း)... မြန်မာပြည်ထက်တောင် ဆိုးနေပါ့လား.. မြန်မာပြည်တောင် အများဆုံး ၃ ယောက်ပဲ စီးတာ...း))....


ခင်မင်လျက်
နေ၀ဿန်

စိုးမြင့် (မေ့ဆေး) said...

ဓါတ်ပုံလေးတွေနဲ့ အတူတင်ပြပုံကလည်း ကောင်းလို့ ချီးကျူးမိပါတယ်၊ ၂၀၀၂ လောက်တုန်းက Bangkok ကတဆင့် Seam Reap ရောက်ဘူး Angkor Wat ကိုလည်ဘူးပါတယ်၊ အဲဒီတုန်းက 1$ ကို 5၀၀၀ မို့၊ ကနေ့နဲ့ သိပ်မကွာဘူးဆိုရမှာပေါ့။ ဆက် အားပေးနေမယ်ဗျို့။

san htun said...

ခမာပြည်အကြောင်း လေ့လာသွားပါတယ် မအိမ်သူရေ

Anonymous said...

မြင်ရတဲ့ ဓာတ်ပုံတွေထဲက အတိုင်းဆိုရင် သူတို့ဆီမှာ ယာဉ်စည်းကမ်းတို့ လမ်းစည်းကမ်းတို့က မသတ်မှတ်ထားတာလား? ဒါမှမဟုတ် သတ်မှတ်ထားလျှက်သားနဲ့ မလိုက်နာတာများလားဗျာ!!!!!

Related Posts Plugin for WordPress, Blogger...