Wednesday, June 1, 2011

စိတ်မအား လူမအား

 “ခလေးရေ ထတော့ ကျောင်းသွားရတော့မယ်။ အမယ်လေး.. ဟား ကြီးကလဲသန်းလိုက်တာ… အိပ်မှုံစုံမွားနဲ့။ ကဲလာ ထထ တော်ကြာကျောင်းနောက်ကျရင် အမှတ်လျှော့ခံနေရအုံးမယ်။ သွား ရေချိုးခန်းထဲ တန်းဝင်နော်။” ပါးစပ်ကလဲ ညွှန်ကြား လက်ကလဲဆွဲခေါ် လုပ်ပြီးသကာလမှ မျက်နှာသစ်တဲ့ဆီ ရောက်ပါတော့တယ်။

“ကိုယ်လက် သန့်စင်ပြီးရင် အခန်းထဲလာနော် အ၀တ်လဲရအောင်…”

“ကဲ.. ပြီးရင် စားပွဲပေါ်မှာ Breakfast အဆင်သင့်လုပ်ထားတယ်။ သွားစားချေ။ မြန်မြန်စားနော်။ အကြာကြီးလုပ်မနေနဲ့။ ကျောင်းသွားဖို့ နောက်ကျနေမယ်။”

“ရော့ ဟောဒီမှာ ကျောင်းယူဖို့ မုန့်ဗူးနဲ့ ရေဗူး … အိတ်ထဲသေချာထည့်။ ကျောင်းစာအုပ်တွေ စုံပြီလား။ ခဲတံတွေ ပေတံတွေကော ထည့်ပြီးရဲ့လား။ ပြီးရင်လာ.. သွားကြမယ်။”

အင်း.. ခလေးကို ကျောင်းပို့ပြီး အပြန်ဈေးဝင်ရမယ်။ ဒီနေ့ဘာချက်ရရင်ကောင်းမလဲမသိ…

ဟယ်… ငါးပြေမ အကြီးကြီးတွေ လတ်လိုက်တာ ဆီပြန်လေးချက်ပြီး ပင်စိမ်းလေးနဲ့ နံနံပင်လေးအုပ်ပြီး စားရရင်ကောင်းမယ်။ အဲ.. ဒါပေမဲ့ ဟိုတစ်နေ့က ငါးရံ့ဟင်း မနေ့ကလဲ ငါးကြော်နှပ်စားထားတယ် ဆိုတော့ နေ့တိုင်း ငါးတွေချည့်ဘဲ ဆက်နေပြန်ရင် ကိုအိမ်သားက စားချင်ပါ့မလားမသိဘူး။ တခြားဟင်းစဉ်းစားအုံးမှဘဲ။ ဘာလေးများရမလဲ မသိဘူး လျှောက်ကြည့်လိုက်အုံးမယ်။ ဟော.. ဒီမှာ ပုဇွန်အကောင်တွေ တော်တော်ကြီးသားဘဲ။ ပုဇွန်လဲ ဟိုတစ်ပတ်ချက်ပြီးကတဲက ထပ်မချက်ရသေးဘူးဆိုတော့ ဒါဘဲချက်လိုက်တာ ကောင်းမယ်။ ငါးပြေမတော့ နောက်မှဘဲစားပါတော့မယ်။

ဟင်းအရံက ဘာလုပ်ရင်ကောင်းမလဲ။ ဒီနားက မန်ကျည်းရွက်ကလေးတွေ နုပြီးလတ်ဆတ်နေတာဘဲ။ ပုဇွန်ဟင်းချက်ပြီး မန်ကျည်းရွက် ဟင်းရေသောက်ကလေးချက်လိုက်ရင် မဆိုးပါဘူး။ အော်… မေ့လို့ ကြက်ဥ ထပ်ဝယ်သွားအုံးမှဘဲ။ မနက်က အိမ်မှာ ကြက်ဥ တစ်လုံးဘဲကျန်တာတွေ့တယ်။ မပြတ်ခင်ထပ်ဝယ်ထားအုံးမှ။ ကြက်ဥကတော့ မလိုလဲ လိုလဲ အချိန်မရွေး ကြိုက်တာလုပ်လို့ရတယ်။ ကြော်ကြော် ပြုတ်ပြုတ် သုပ်သုပ် မွှေမွှေ ဟင်းနည်းနေလဲ အိုးနွှေးတဲ့အချိန် ဖေါက်ထည့် လိုက်လို့ရတယ်။ အဟင်းးး.. ဟင်းးး …. လောကမှာ ငါ့လို လူမျိုးတွေချည်းဆိုရင်တော့ ကမ္ဘာပေါ်မှာ ကြက်မတွေများ တစ်ရက်လောက် ဥမဥရင် လူတွေ အတော် ဒုက္ခရောက်သွားနိုင်တယ်။း)

ခရမ်းချဉ်သီးလေးရယ် သခွားသီးလေးရယ် ငရုတ်သီးစိမ်းလေးတွေရယ် ၀ယ်သွားအုံးမှဘဲ။ နောက်ထပ် ဟင်းရံလေးလဲ တစ်မျိုးလောက် ထပ်ချက်ရင် ကောင်းမယ်ထင်တယ်။ ဘာလုပ်ရရင် ကောင်းမလဲ။ အာလူးလေးပြုတ်ပြီး သုတ်ရင်ကောင်းမလားမသိဘူး။ အာလူးနဲနဲ ၀ယ်သွားလိုက်တာ ကောင်းမယ်။ ဒါလောက်ဆို ရလောက်ပါပြီ။

ဘာမှမလုပ်ခင် ထမင်းအိုးလေးအရင် တည်ထားလိုက်အုံးမှ။ ထမင်းကြမ်းနဲနဲ ကျန်တယ်ဆိုတော့ ဆန်နဲနဲ လျှော့ချက်မှဘဲ။ ဟော … ကြည့်စမ်း ဆန်ထည့်မှသတိရတယ်။ ဆန်နည်းနေတာ မနက်က ဈေးကထပ်မ၀ယ်ခဲ့ရပြန်ဘူး။ တော်သေးတယ် မနက်ဖြန် တရက်စာလောက် ကျန်နေသေးလို့။ မနက်ဖြန်ဈေးဝယ်ရင် မမေ့အောင်သတိထားရမယ်။ လူလဲ မေ့တတ်တာ လွန်နေရော… အင်း …. အသက်ကြီးပြီဆိုတော့လဲ မေ့မှာပေါ့လေ..း)

ပုဇွန်လေးကိုင် သန့်စင် ဆေးကြောပြီး ဆား ဆနွင်းလေးနယ်ထားပြီးရင် မန်ကျည်းရွက်ကလေး သင်အုံးမှ။ အယ် .. ကြည့်စမ်း မေ့နေလိုက်တာ … အခုမှတွေ့မိတယ်။ ဒီမှာ ပဲထောပတ်ကလေး တစ်ဗူး ၀ယ်ထားတာ ရှိသားဘဲ။

 (ပဲထောပတ်ဗူးလေး)

ဒါဆို အာလူးသုတ်ဖို့ မလိုတော့ဘူး။ ချဉ်ရေဟင်းနဲ့ ပဲနှပ်ကလေးနဲ့ဆို ပိုလိုက်တယ်။ ဒီပဲလေးဘဲ နှပ်လိုက်တော့မယ်။ ဒီလိုဘဲ လျှပ်တပြက် အစီအစဉ်ပြောင်းသင့်လဲ ပြောင်းရတာပေါ့လေ။ ဟင်းစပ်ကလေးတည့်တော့လဲ ထမင်းပိုမြိန်တာပေါ့။ တော်ပါသေးရဲ့ အာလူးကမပြုတ်ရသေးလို့။ နောက်နေ့ အသားချက်မှဘဲ အာလူးလေးနဲ့ ချက်တော့မယ်။ ကဲ.. မြန်မြန်လေး ချက်လိုက်အုံးမှ.. တော်နေ ခလေးက နေ့လည်ကျောင်းဆင်းရင် သွားကြိုရအုံးမှာ။ ကိုအိမ်သားလဲ ရုံးက နေ့လည်စာ ပြန်စားတဲ့အချိန် မှီအောင်ချက်မှဖြစ်မယ်။

ပုဇွန်ကို ကြက်သွန်များများလေး ထည့်ဆီသတ်မှဘဲ။ ကိုအိမ်သားက အနှစ်ကြိုက်တတ်တယ် ဆိုတော့ ဟင်းအနှစ် များများလေး ရအောင်ပေါ့။ ခလေးကလဲ ထမင်းကို ဟင်းအနှစ်ကလေးနဲ့များ နယ်ပေးလိုက်ရင် ပြောင်နေအောင်စားတာ…. အဖြူထည်ဆိုရင် နည်းနည်းချေးကများတယ်။ ပဲကလေးကိုတော့ ခပ်ခြောက်ခြောက် ကလေးနှပ်ရင်ကောင်းမယ်။ ပဲအလုံးမပျက်လေးကို စားရတာ ပိုကောင်းသလိုဘဲ။ အဲ .. ချဉ်ရေဟင်းအိုး အပေါ့အငံ မြည်းအုံးမှ… သိပ်များချဉ်နေသလားမသိဘူး။ ငံပြာရည်လေး နဲနဲ ထပ်ထည့်လိုက်မှ အတော်ဘဲ… ပုလင်းထဲမှာ ဘာလချောင် ကြော်ထားတာလေးရှိတယ်။ သခွားသီးလေးလှီးပြီး တို့တာပေါ့။

 (ဘာလချောင်ကြော်နဲ့ သခွားသီးတို့စရာ)

ဟယ် .. ကြည့်စမ်းပါအုံး လုပ်ရင်းကိုင်ရင်းနဲ့ အချိန်ကလဲ အကုန်မြန်လိုက်တာ။ ခလေးကျောင်းတောင် ဆင်းတော့မယ်။ ရေလေး မြန်မြန်ပြေးချိုးပြီး သွားမှဘဲ။ ဒါကြောင့်လဲ အဖွားရှိတုံးက ပြောခဲ့တာ အိမ်မှုကိစ္စဆိုတာ ဘယ်တော့မှ မအားရဘူးတဲ့။ မာမီဆိုလဲ အိမ်မှာအဲသလိုဘဲ။ တကုပ်ကုပ်နဲ့ ဘာတွေအလုပ်ရှုပ်နေမှန်းကို မသိဘူး။ မာမီပြောတာ ဘာတဲ့ အိမ်ရှင်မအလုပ်ဆိုတာ ဘယ်တော့မှ မပြီးတဲ့အလုပ် ဆိုလား။ ဟုတ်မှာပါဘဲ။ တနေ့တနေ့ အားရတယ်လို့မှ မရှိတာ။ လုပ်စရာတွေက ဘယ်ကနေ ပေါ်ပေါ်လာမှန်းကို မသိဘူး။

မသွားခင်လေး ထမင်းပွဲလေးတော့ အဆင်သင့်ပြင်သွားအုံးမှပါဘဲ။ ပုဇွန်ဟင်းလေးရယ်  ပဲထောပတ်ကလေး နှပ်ထားတာရယ် ဘာလချောင်ကြော်လေးနဲ့ သခွားသီးတို့စရာရယ် အင်း … မန်ကျည်းရွက် ဟင်းရေသောက် ကလေးကိုတော့ စားခါနီးမှဘဲ ပူပူလေးခပ်တော့မယ်။ အဲ … ပြောရင်းဆိုရင်းနဲ့ဘဲ ၁၂ နာရီတောင် ထိုးတော့မယ်။ ဟိုနားက ရှင်းလင်း သိမ်းဆည်း စရာကလေးတွေတော့ ပြန်လာမှ ဆက်လုပ်ရတော့မှာဘဲ။ ကဲ .. ကဲ သွားလိုက်အုံးမှ တော်ကြာ ခလေးက စောင့်နေရအုံးမယ် …..။                ။

(ခူးပြီး ခပ်ပြီး စားရန် အသင့်)

 အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

6 comments:

မိုးယံ said...

တိန်...

ဆယ့်ငါးမိနစ်လောက် နောက်ကျသွားတယ်ဗျာ.. အခုပဲ ထမင်းစားပြီးထလာတာ...

ဟဲဟဲ
ပုဇွန် နှစ်ကောင်လောက်တော့ ထပ်ကစ်သွားသေးတယ်။

ကိုဇော် said...

စိတ်လျော့ စိတ်လျော့ . . .
ဖွယ်ဖွယ်ရာရာ မစားရတာ အတော် ကြာပြီ။ ဆိုင်မှာ စားတာတွေကလည်း သိတဲ့ အတိုင်းပဲလေ။

ိကိုထွဋ် said...

စားချင်တယ်..... ချက်ကျွေးရမယ် ကြုံရင်..ဒါဗြဲ...

ပျော်ရွှင်ပါစေ....

ပန်းချီ said...

အိုး...ဗိုက်ဆာလိုက်တာ အစ်မရယ်..။ ပထမဆုံးစာလာဖတ်ရင်း ထမင်းပွဲနဲ့ တန်းတိုးတာပဲ..။ စားချင်စရာ သခွားသီးတို့စရာ နဲ့ ဘာလချောင်ကြော်း)

မအိမ်သူ said...

အားလုံးကို ကိုယ့်လက်ရာလေး တကယ်ဘဲ ချက်ကျွေးချင်ပါရဲ့ရှင်။ ကမ္ဘောဒီးယား ရောက်ခဲ့ရင် ပြောကြနော်။

မိုးခါး said...

မီးဖိုချောင် မီးဖိုချောင် .. ပျင်းတတ်လွန်းလို့ အိမ်ထောင်ကျရင် ဆိုပြီး တွေး လန့်တယ် .. :D :P

Related Posts Plugin for WordPress, Blogger...