Monday, May 30, 2011

သမိုင်းထဲက လူတစ်ယောက်အကြောင်း သို့မဟုတ် … ( နောက်ဆုံးပိုင်း)

အမှန်တော့ ၁၉၈၅ ခုနှစ်လောက်ကတည်းက ခမာနီတပ်ရဲ့ ခေါင်းဆောင်အဖြစ်မှ တရားဝင် နှုတ်ထွက်ကြောင်းကို ပိုပေါ့ကိုယ်တိုင် ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ ခမာနီတွေအပေါ် သြဇာရှိပြီး အရေးပါတဲ့ အုပ်ချုပ်သူနေရာမှာ ဆက်လက်တည်ရှိနေခဲ့တာပါဘဲ။

သြဇာကြီးလွန်းလှတဲ့ အာဏာရှင်ကြီးရဲ့ နောက်ဆုံးနေ့ရက်များ ဆိုက်ရောက်မလာခင် ၁၉၉၆ ခုနှစ်မှာ Brother No. 3 ရဲ့ စွန့်ခွာ လက်နက်ချမှုဟာ ကျဆုံးခန်း စတင်ချိန်ဖြစ်ခဲ့ပါတော့တယ်။ အဲဒီအချိန်မှာ ပိုပေါ့ဟာ အသက် ၇၁ နှစ်ရှိနေပါပြီ။

 (ပိုပေါ့ အသက် ၇၀ ကျော်အရွယ်)

လက်နက်ချပြီးတဲ့ နောက်မှာတော့ Brother No. 3 ဟာ ခမာနီတွေ ကျူးလွန်ခဲ့သော လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ မျိုးတုန်းသတ်ဖြတ်ရေး လုပ်ငန်းစဉ်တွေရဲ့နောက်ကွယ်က အဓိက ကြိုးကိုင် ချယ်လှယ်ခဲ့သူ တရားခံအစစ်ဟာ ပိုပေါ့ဖြစ်ကြောင်းကို ကမ္ဘာသိ ထုတ်ဖေါ်အစစ်ခံပါတော့တယ်။

အဲဒီနောက် ၁၉၉၇ ခုနှစ် ဇွန်လမှာ သူနဲ့ အနှစ် ၄၀ လောက် လက်တွဲပေါင်းဖေါ်လာခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ခမာနီတပ်ဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီး ဆုန်ဆန်ဟာ ကမ္ဘောဒီးယား အစိုးရနဲ့ ပူးပေါင်းတော့မယ်လို့ ထင်မြင်ယူဆလာခဲ့တဲ့ အတွက် သုတ်သင်ပစ်ရန် ပိုပေါ့က အမိန့်ချမှတ်ခဲ့ပါတယ်။ ဆုန်ဆန် တစ်ဦးတည်းကိုသာမဟုတ်ဘဲ သူ့ရဲ့ မိသားစု အားလုံးပါ ပိုပေါ့ရဲ့ အမိန့်နဲ့ အသတ်ခံခဲ့ကြရပါတယ်။

အဲဒီအဖြစ်အပျက်ရဲ့နောက်မှာတော့ ပိုပေါ့ဟာ ခမာနီတပ်ဖွဲ့ရဲ့ စစ်ဗျူဟာမှူးဖြစ်သူ တာမော့ (Brother No. 5) ရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး အကျဉ်းစံဘဝ ရောက်ခဲ့ရပါတော့တယ်။ အဲဒီနောက် ဇူလိုင် ၂၅ ရက်နေ့မှာ လူထုတရားစီရင်ရေးအဖွဲ့ (People’s Tribunal) ကနေ ဆုန်ဆန်ကို သတ်မှုနဲ့ ထောင်ဒဏ် တစ်သက် အကျဉ်းကျခံရန် စီရင်ချက်ချခြင်း ခံခဲ့ရပါတယ်။ အဲဒါဟာ ပိုပေါ့ရဲ့ နောက်ဆုံးနေ့ရက်များ စတင်ခဲ့ချိန်ပါဘဲ။ အဲဒီအချိန်မှာ ပိုပေါ့ဟာ အသက်အရွယ်ကြီးရင့်လို့ ကျန်းမာရေးချို့တဲ့ပြီး မီးဇာကုန် ဆီခမ်းတဲ့အချိန်ရောက်နေပါပြီ။
ဒါပေမဲ့လည်း မိုက်လုံးကြီးတဲ့သူဟာ သေတဲ့အထိ မိုက်လုံးကြီးတတ်ကြတယ် ဆိုတာ ဟုတ်များ ဟုတ်မလား မသိပါဘူး။ ပိုပေါ့ဟာ သူသေသွားတဲ့အချိန်ထိ သူ့အပြစ်တွေကို ၀န်မခံသွားခဲ့တဲ့အပြင် သူ့လုပ်ရပ်တွေအားလုံးဟာ မှန်ကန်တယ်လို့ ယုံကြည်သွားခဲ့သူပါ။ သူ့နိုင်ငံနဲ့ လူထုအတွက် သူဟာလုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါလို့ ဆိုပါတယ်။ အဲဒီအခြေအနေမှာ ဒါမျိုးကို လုပ်ကိုလုပ်ရမှာဖြစ်တဲ့အတွက် သူ့လုပ်ရပ်တွေဟာ အမှန်တွေပါဘဲလို့ အခိုင်အမာကို ပြောသွားခဲ့ပါတယ်။

 (Pol Pot was sentenced here)


 (ဒါက ကိုက်အနည်းငယ်အကွာမှာရှိတဲ့ ထိုင်း နယ်စပ်ပါ။)
 အဲဒီလိုလူတစ်ယောက်ရဲ့ နောက်ဆုံးနေ့ရက်များနဲ့ နောက်ဆုံးခရီးကတော့ တကယ့်ကို မလှပခဲ့တာပါ။ ပိုပေါ့ဟာ သူ့ရဲ့ နောက်ဆုံးနေ့ရက်များကို ထိုင်းနယ်စပ်နဲ့ သိပ်မဝေးလှတဲ့ တောခေါင်ခေါင်က တဲသာသာ အိမ်စုတ်ကလေးရဲ့ အခန်းကျဉ်းလေးထဲမှာ အကျဉ်းကျခံရင်း ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကမ္ဘောဒီးယား အစိုးရ ဘက်ကလည်း ပိုပေါ့ကိုဖမ်းဆီးပြီး နိုင်ငံတကာတရားရုံးကိုတင်ဖို့ စီစဉ်နေကြပါပြီ။ သူ့ကိုဖမ်းဆီးထားတဲ့ တာမော့(Brother No. 5) ကလဲ တရားရုံးတင်ဖို့အတွက် ပိုပေါ့ကို အစိုးရထံလွှဲပြောင်းပေးဖို့် ဆန္ဒရှိနေခဲ့ပါတယ်။ ပိုပေါ့ဟာ အဲဒီသတင်း ရေဒီယိုကထုတ်လွှင့်တာကို နားဆင်ပြီးနောက် နာရီအနည်းငယ်အကြာ 15 April 1998 ဗုဒ္ဓဟူးနေ့ ညနေပိုင်း (အသက် ၇၃ နှစ်အရွယ်)မှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူကွယ်လွန်တဲ့အချိန်မှာ သူ့အနားမှာ ဘယ်သူမှရှိမနေခဲ့ပါဘူး။ ကွယ်လွန်သွားပြီးတဲ့အချိန်ကျမှသာ ဇနီးဖြစ်သူက စတင်တွေ့ရှိခဲ့တာဖြစ်တဲ့အတွက် ဘယ်အချိန်မှာ ဘယ်လိုကွယ်လွန်သွားခဲ့မှန်းကို မည်သူမှမသိရှိခဲ့ရပါဘူး။ နှလုံးခုန်ရပ်ပြီး ကွယ်လွန်ခဲ့ရကြောင်း ပြောပေမဲ့ အသတ်ခံရတယ်လို့လဲ သံသယရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှမသိနိုင်ကြတော့ပါဘူး။

(ပိုပေါ့ ကွယ်လွန်ကြောင်း ကမ္ဘာကို ဒီဓါတ်ပုံနဲ့ ကြေငြာခဲ့ပါတယ်။)
 ကြားဖူးတဲ့ ဆိုရိုးတစ်ခုက “He who kills a man is a murderer but kills millions of people is a great person.” လို့ပြောပါတယ်။ အဲဒီ Great Person ကြီးရဲ့ နောက်ဆုံးခရီးလမ်းကတော့ တရားကျဖွယ် သံဝေဂယူဖွယ် ကောင်းလွန်းလှပါတယ်။ တောခေါင်ခေါင် နယ်စပ်နားက ရွာငယ်ဇနပုဒ်မှာ သရဏဂုံတင်ဖို့ ဘုန်းတော်ကြီးမရှိသလို အသုဘအခမ်းအနားလဲ မလုပ်နိုင်ခဲ့ပါဘူး။
အကျဉ်းကျခံနေရတဲ့ အိမ်စုတ်ကလေးထဲမှာ သံသယဖြစ်ဖွယ်ရာ တိတ်တဆိတ် သေဆုံးခဲ့ရပြီး သုံးရက်အကြာမှာ ရုပ်အလောင်းကို တာလပတ်စတစ်ခုနဲ့ပတ်ကာ ရရာ ပျဉ်တိုပျဉ်စများနဲ့  ဖြစ်သလို လုပ်ထားရတဲ့ ခေါင်းတစ်ခုထဲထည့်လို့ စောင်စုတ်လေးတစ်ထည်ကို ခေါင်းတလားပေါ်လွှမ်းပြီး မီးရှို့သင်္ဂြိုဟ်ခဲ့ရပါတယ်။
မီးသင်္ဂြိုဟ်ရန်ထင်းကတော့ အနီးအနားက ကားတာယာဟောင်းများနဲ့ အိမ်စုတ်ကလေးမှာ သူနောက်ဆုံးပိုင်ဆိုင်ခဲ့တဲ့ ပရိဘောဂ အဟောင်းများကို စုပုံလို့ ဖြစ်သလိုသင်္ဂြိုဟ်ခဲ့ရတာပါ။ အားလုံးပြာကျသွားပြီးတဲ့အခါမှာတော့ အဲဒီနေရာမှာဘဲ ပြာများကိုစုပုံပြီးမြေပုံသဖွယ် ပြုလုပ်ကာ သစ်သားတိုင်များစိုက်၍ သွပ်ပြားအဟောင်းအနည်းငယ်ကို အမိုးလုပ်ပြီး သူ့အတွက် နောက်ဆုံးလဲလျောင်းရာနေရာအဖြစ် သတ်မှတ်ခဲ့ပါတော့တယ်။

 (အမှိုက်မီးရှို့သလို ဒီလိုမျိုး သင်္ဂြိုဟ်ခဲ့ရပါတယ်။ အပေါ်က ကြိမ်ကုလားထိုင်ကတော့ ပိုပေါ့ သတင်းထောက်များနဲ့ တွေ့ဆုံတိုင်းမှာ ထိုင်နေကျ ကုလားထိုင် ဖြစ်ကြောင်းသိရပါတယ်။)

 (ပိုပေါ့ကို သင်္ဂြိုဟ်စဉ်ကတွေ့ရတဲ့ ဇနီးနဲ့ ၁၄နှစ်အရွယ် သမီးပါ။)

 (နောက်ဆုံး လဲလျောင်းရာ)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(ထိုင်း border ပုံနဲ့ စီရင်ချက် ချတဲ့နေရာကိုပြတဲ့ ဆိုင်းဘုတ်ပုံ ၂ ပုံက ကိုယ်တိုင်ရိုက်တာပါ။ ကျန်တဲ့ပုံများကတော့ အင်တာနက်က ယူပါတယ်။)

3 comments:

ကိုဇော် said...

သံဝေဂ ရစရာပါပဲ။
မကောင်းမှု လုပ်သူရဲ့ နောက်ဆုံး သွားရာလမ်း ဆိုတာလည်း ဒီလိုပါပဲ။ ဘဝမှာ ချို့ယွင်းချက် တစ်ခုခု ရှိနေပြီ ဆိုရင် ဒါဟာ တကယ်ကို ကိုယ့်ရဲ့ ချို့ယွင်းချက်ပါပဲ။

မိုးယံ said...

အော်...လူမိုက်တွေရဲ့သွားရလမ်းဆိုတာ ဒါမျိုးတွေပဲ များတယ်ထင်ပါရဲ့...မကြာသေးခင်က ဘင်လာဒင်လည်း ထိုနည်း၎င်း ပါပဲလား။

Anonymous said...

မင်္ဂလာပါ၇ှင်

ငယ်ငယ်ကတည်းက သခင်သန်းထွန်းစာအုပ်ဖတ်တာတွေ့တော့ ဖေဖေ က ပိုပေါ့ အကြောင်းကိုပါ နည်းနည်းပြောပြပါတယ် ၁၉၉၇ ဂျပန်ကိုရောက်လာတော့ တီဗီမှာ ကမ္ဘောဒီးယားအထူးအစီစဉ်ကိုကြည့်ရပြီး ပိုပေါ့ မသေခင် ထိုင်းနယ်စပ်ဖက်ဆင်းဆင်းရဲရဲ နဲ့ ဖြတ်သန်းရတာကို ကြည့်ဖူးပါတယ်။ ဒီကတည်းက ကမ္ဘောဒီးယားရဲံ့ တစိတ်တဒေသကို စိတ်ဝင်စားခဲ့တယ်။ ၁၉၉၂ ယူအန်၇ဲ့ရွေးကောက်ပွဲ လုပ်ခဲ့ပေးပြီး နိုင်ငံခုလိုမျိုးပြောင်းလည်းတိုးတတ်သွားတာကတော့ မျက်စိရှေ့တင်နော်... ခုကျောင်းတူတူတတ်နေတဲ့ ဂျူနီယာထဲမှာ ဟွန်ဆန်ရဲ့ တူပါလာတယ်။ သူကို သူတို့သမိုင်းကိုမေးကြည့်တော့ စိတ်ရှည်လက်၇ှည်၇ှင်းပြရှာတယ်။ ဘာပဲဖြစ်ဖြစ် ဒီပို့စ်ကိုတော့ ကြိုက်တယ်း)

ကြည်ကြည်

Related Posts Plugin for WordPress, Blogger...