Sunday, May 29, 2011

သမိုင်းထဲက လူတစ်ယောက်အကြောင်း သို့မဟုတ် … (အပိုင်း ၂)


ပိုပေါ့အကြောင်း ဆက်ပြောရရင်တော့ သူဟာ အသက် ၃၁ နှစ် အရွယ်မှာ ပထမဇနီးနဲ့ လက်ထပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားကို ခမာနီ အဖွဲ့ခေါင်းဆောင် အဖြစ် သိမ်းပိုက်တဲ့ အချိန်မှာ အသက် ၅၀ ရှိနေပါပြီ။ 7 January 1979 မှာ ခမာနီတပ်များကို ဟွန်ဆန်ရဲ့တပ်က ဗီယက်နမ်တပ်တွေရဲ့ အကူအညီနဲ့ တိုက်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တောက်လျှောက် တိုက်ထုတ်ခံနေရတဲ့ ခမာနီတပ်ဖွဲ့နဲ့အတူ သူသိမ်းပိုက်ထားခဲ့တဲ့ ပြည်မကနေ တဖြည်းဖြည်း တပ်တွေဆုတ်လာရာက နောက်ဆုံးမှာ ကမ္ဘောဒီးယားရဲ့ အနောက်ဖက်ဆုံးအခြမ်း မှာရှိတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်နားက ဝေးလံလှတဲ့ တောတောင်တွေထဲကို ထွက်ပြေး ပုန်းအောင်း နေရပါတော့တယ်။




 ပိုပေါ့နဲ့ ခမာနီတပ်တွေ နောက်ဆုံး နေထိုင်သွားခဲ့ကြတဲ့ စခန်းနေရာတွေပါ။ 
(ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်နားလေးက အလုံဝိန်း ဆိုတဲ့ဒေသမှာရှိပါတယ်။ အခု အဲဒီနေရာက museum တစ်ခုအနေနဲ့ သွားရောက်လည်ပတ်လို့ရပါတယ်။ ဒီပုံတွေကို မနှစ်က မအိမ်သူတို့တွေ ရောက်ခဲ့စဉ်က ရိုက်ယူခဲ့တာတွေပါ။)

အဲဒီလိုအချိန်တွေအတွင်းမှာဘဲ သူ့ရဲ့ဇနီးဟာ စိတ်ဝေဒနာကို ခံစားရပြီး ရူးသွပ်သွားတဲ့အတွက် အဲဒီဇနီးနဲ့ ကွာရှင်းလိုက်ပြီးနောက် နှစ်အနည်းငယ်အတွင်းမှာဘဲ သူ့ထက် အသက်အများကြီး ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက်ကို လက်ထပ်ယူခဲ့ပြီး သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။

ပိုပေါ့ဟာ သူ့ရဲ့ကွန်မြူနစ်ပါတီ အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့ချိန်ကစပြီး ပါတီကိုနာမည် အမျိုးမျိုး မကြာခဏပြောင်းလဲ မှည့်ခေါ်ခဲ့ပါတယ်။ နောက်ဆုံးအမည်ကတော့ လူအများက ခမာနီ (Khmer Rouge) လို့သိကြတဲ့ ကမ်ပူးချား ကွန်မြူနစ် ပါတီပါ။

ပါတီနာမည်တွေ ဘယ်လိုဘဲ ပြောင်းခဲ့ပြောင်းခဲ့ စတင်ဖွဲ့စည်းစဉ်ကတည်းက မပြောင်းလဲခဲ့တာ တစ်ခုကတော့ အဲဒီ အဖွဲ့အစည်းရဲ့ တကယ့်အရေးအကြီးဆုံး အမြင့်ဆုံးအာဏာပါဝါကို အဓိက ချုပ်ကိုင်ထားခဲ့တဲ့ ပိုပေါ့ဦးဆောင်သော လျှို့ဝှက် ဗဟိုဦးစီး ကော်မီတီပါဘဲ။ အဲဒီ ကော်မီတီဟာ ပါတီရဲ့ အရေးပါသော ထိပ်တန်းခေါင်းဆောင် လူတစ်စုနဲ့ ဖွဲ့စည်းထားခဲ့ပါတယ်။ ပိုပေါ့ကတော့ အဲဒီကော်မီတီရဲ့ တစ်ဦးတည်းသော အာဏာရှင်ဖြစ်ပြီး ကျန်တဲ့လူများဟာ သူ့လက်အောက်ကနေ သူစီမံညွှန်ကြားသမျှကို တသွေမတိမ်း လိုက်နာ အကောင်အထည် ဖေါ်ဆောင်ရတဲ့သူများ ဖြစ်ကြပါတယ်။ ဒီကော်မီတီဟာ လျှို့ဝှက်စွာ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် အဖွဲ့ဝင်များကို ဘယ်သူဘယ်ဝါလို့ လူသိမခံခဲ့သလို အဖွဲ့ဝင်များရဲ့ နာမည်များကိုလည်း မူလအမည်များအစား Brother Number One, Brother Number Two, Brother Number Three, ..... အစရှိတဲ့ အမည်များနဲ့သာ ရာထူးအစဉ်လိုက် ညွှန်းဆိုခေါ်ဝေါ် ခဲ့ကြပါတယ်။ ဒီကော်မီတီရှိတာကိုလည်း ပါတီဝင်အချို့ကလွဲရင် ဘယ်သူမှ မသိခဲ့ကြပါဘူး။ အဲဒီမှာ ပိုပေါ့ဟာ ဘယ်လောက်အထိ လျှို့ဝှက်ခဲ့သလဲဆိုရင် သူကိုယ်တိုင်နဲ့ အဖွဲ့ဝင်တွေအားလုံးရဲ့ identity တွေအားလုံးကို ဖျောက်ထားခဲ့ပါတယ်။ Brother No. 1 ဟာ ဘယ်သူလဲဆိုတာ ဘယ်သူမှမသိခဲ့ကြသလို တကယ့်ကို ပဟေဠိ လူသားတစ်ယောက် ဖြစ်နေခဲ့တာပါ။ တစ်ချို့ဆို Brother No. 1 ဆိုတာ လူကိုရည်ညွှန်းတာမဟုတ်ဘဲ ပါတီကို ဦးဆောင်နေတဲ့ လူကြီးများအဖွဲ့ကို ရည်ညွှန်းတယ်လို့တောင် ထင်ခဲ့ကြတဲ့အထိပါဘဲ။

 ဒါက ခမာနီခေါင်းဆောင်များရဲ့ပုံပါ။
(အောက်က ပုံသေးလေးတွေက ငယ်စဉ် ခမာနီခေါင်းဆောင် ဖြစ်ခဲ့ကြစဉ်က ပုံများဖြစ်ပါတယ်။ အသက်ကြီးတဲ့ပုံတွေကတော့ သူတို့တွေရဲ့ လုပ်ရပ်တွေအတွက် တရားစွဲပြီး တရားခွင်တင်တုံးက ပုံတွေဖြစ်ပါတယ်။ ဒီထဲမှာ ပိုပေါ့ပုံမပါပါဘူး။ အဲဒီအချိန်မှာ ပိုပေါ့ကွယ်လွန်သွားပါပြီ။)

ခမာနီတွေ ကမ္ဘောဒီးယား တနိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် ရက်စက် ကြမ်းကြုတ်လှတဲ့ လုပ်ရပ်တွေကို နောက်ကွယ်ကနေ စိတ်တိုင်းကျ ညွှန်ကြား ကြိုးကိုင် ချယ်လှယ်ခဲ့သူကတော့ ထိပ်ဆုံးက အာဏာရှင် Brother No. 1 ဘဲဖြစ်ပါတယ်။ လက်အောက်ခံ ခမာနီခေါင်းဆောင်များဟာ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုများကို အတိအကျ လိုက်နာ အကောင်အထည်ဖေါ် လုပ်ဆောင်ကြရပါတယ်။ အဲဒီအချိန်ထိတောင် အဲဒီ Brother No. 1 ဆိုသူဟာ ဘယ်သူဘယ်ဝါရယ်လို့ လူထုကမသိခဲ့ကြပါဘူး။ ခမာနီတပ်များရဲ့ လုပ်ဆောင်မှုအနေနဲ့သာ သိခဲ့ကြရပါတယ်။






ဒါကတော့ ပိုပေါ့ စခန်းမှာတွေ့ခဲ့ရတဲ့ Mobile Radio Station ကားပါ။ 
(အဲဒီ စတေရှင်ကနေ တနိုင်ငံလုံးသာမက ကမ္ဘာကိုပါ မျက်စေ့လည်စေဖို့ ကွန်မြူနစ်မှိုင်းတိုက်တဲ့ သတင်းမှားတွေ အများကြီး ထုတ်လွှင့်ခဲ့တယ်လို့ သိခဲ့ရပါတယ်။)



 အဲဒီနောက်ပိုင်းမှာတော့ ခမာနီတွေ အရှုံးကြီးရှုံးပြီး ထွက်ပြေး ပုန်းအောင်းနေကြရာကနေ ၁၉၉၆ ခုနှစ်လောက်မှာ ခမာနီတပ်တွေ စတင်ပြိုကွဲခဲ့ပါတယ်။ အဲဒါကတော့ခမာနီအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Brother No. 3 ဟာ နောက်လိုက်နောက်ပါ လေးထောင်လောက်နဲ့အတူ ကမ္ဘောဒီးယား လက်နက်ကိုင် တပ်ဖွဲ့တွေထံမှာ လက်နက်ချ အလင်းဝင် လိုက်ကြတာပါ။ အဲဒီအဖြစ်အပျက်ဟာ ပိုပေါ့နဲ့ သူ့ရဲ့နောက်ဆုံးလက်ကျန် ခမာနီကွန်မြူနစ်များ အတွက် နောက်ဆုံးနေ့ရက်များရဲ့ အစဖြစ်ခဲ့ရပါတော့တယ်။

နိဂုံးပိုင်း ဆက်ရန်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(ခမာနီခေါင်းဆောင်များရဲ့ ပုံကို အင်တာနက်မှယူပါတယ်။ ကျန်တဲ့ပုံများကတော့ ကိုယ်တိုင်ရိုက်ထားတာပါရှင်။)

5 comments:

ဟန်ကြည် said...

ပိုပေါ့အကြောင်းကို ဖတ်ဖို့စိတ်ကူးထားပေမယ့် အခုထိမဖတ်ဖြစ်သေးဘူး...ကွန်မြူနစ်တွေအကြောင်း ရှာဖို့ဖွေဖို့ စိတ်သိပ်မပါတာကြောင့်လည်း ပါမယ်ထင်ပါတယ်...ဘာပဲဖြစ်ဖြစ် အခုတော့ ပိုပေါ့အကြောင်း တော်တော်လေးသိသွားပြီပဲ...ကျေးဇူးတင်ပါတယ်...ရှာဖတ်လို့ကုန်မယ့် အချိန်တွေ သက်သာသွားတဲ့အတွက်ပါ...

ချစ်ကြည်အေး said...

ညီမ အိမ်သူရေ...အမ ပြောတာ လွဲသွားတယ်၊ အမှန်က အမရေးနေတာ ပိုပေါ့ အကြောင်းရယ် မဟုတ်ပါဘူး KILLING FIELDပါ...။ ညီမရေးတာလေး စိတ်ဝင်စားပါတယ် ညီမ။ ဆက်ပါဦးနော်...:)

မအိမ်သူ said...

ဆရာဦးဟန်ကြည် >> စာလာဖတ်တဲ့အတွက်ကော ကွန်မန့်တွေအတွက်ကော ကျေးဇူးအထူးပါရှင်။

မချစ်ကြည်အေး >> မချစ်ရေ ဘယ်လိုဘဲဖြစ်ဖြစ် version အမျိုးမျိုး ဖတ်ရတာပေါ့ရှင်။ တစ်ယောက်နဲ့တစ်ယောက် approach ကမတူနိုင်ဘူးလေ။ လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။

ကိုဇော် said...

နိဂုံးပိုင်းပြီးရင်လည်း အခု လက်ရှိ အခြေအနေနဲ့ မပြောင်းအလဲလေးတွေလည်း ဆက်ပါဦး။

မအိမ်သူ said...

အဆင်ပြေရင် ကြိုးစားပြီးရေးကြည့်ပါ့မယ် ကိုဇော်ရေ။ လာအားပေးတာ ကျေးဇူးပါ...

Related Posts Plugin for WordPress, Blogger...