Saturday, December 17, 2011

ဒီဇင်ဘာ

ဒီဇင်ဘာတွေ မကြာခဏရောက်ရောက်လာတယ်။
မကြာမကြာ ရောက်လာတတ်တဲ့ ဒီဇင်ဘာက
နှလုံးသားတွေကို လှုပ်နှိုးတယ်။
သဆုံးခြင်းနဲ့ အသစ်တစ်ဖန်မွေးဖွားခြင်းကြားမှာ ဒီဇင်ဘာ ရှိတယ်။
ဟောင်းနွမ်းခြင်းနဲ့ သစ်လွင်မှုကြားမှာ ဒီဇင်ဘာ ရှိတယ်။
ခွဲခွာခြင်းနဲ့ တွေ့ဆုံခြင်းရဲ့ကြားမှာ ဒီဇင်ဘာ ရှိတယ်။
ထွက်ခွာခြင်းနဲ့ ဆိုက်ရောက်ခြင်းကြားမှာ ဒီဇင်ဘာ ရှိတယ်။
ပြောင်းလဲခြင်းတွေ ကြားထဲက မပြောင်းလဲတဲ့ ဒီဇင်ဘာ...
ဒီဇင်ဘာ နဲ့အတူ နှုတ်ဆက်ဖို့...
ဒီဇင်ဘာ နဲ့အတူ လွမ်းဆွတ်ဖို့...
ဒီဇင်ဘာ နဲ့အတူ နေ့သစ်တွေကို ကြိုဆိုဖို့...
ဒီဇင်ဘာဟာ လက်တစ်စုံကို ပိုင်ဆိုင်ထားတယ်။
တရွေ့ရွေ့ ကျောခိုင်းနေတဲ့ ခွဲခွာခြင်းအတွက်
လက်တစ်ဖက်က လက်ပြနှုတ်ဆက်နေဆဲ...
ဝမ်းနည်းခြင်းတွေ ဖြေသာစေဖို့...
သစ်လွင်မှုတွေထဲမှာ အသားကျဖို့
အခြားလက်တစ်ဖက်က ဖေးမတွဲခေါ်လို့...
ဒီဇင်ဘာဟာ သူ့တာဝန်တွေကိုထမ်းဆောင်ဖို့
မကြာခဏ ရောက်လို့လာတတ်တယ်....။      

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Tuesday, December 6, 2011

လွမ်းလို့ဖွဲ့တဲ့စာ

နေစိမ့်လို့ရယ်တော့လည်း မဟုတ်ရပါဘူး...
လွမ်းဖူးတဲ့သူချင်းတော့ သိမှာပါကွယ်
ပြုံးရယ်နေတိုင်း ပျော်နေမယ်ထင်ရင်ဖြင့်
ရင်ထဲနင့်နေတဲ့ အလွမ်းတွေကို
လူပုံအလယ် ချပြမှ လွမ်းတတ်တယ်လို့ ဆိုရမှာလား....။

ပျော်ရာကို လွမ်းနေရင်းနဲ့ပဲ
 တော်ရာမှာ ပျော်အောင်နေတတ်တဲ့ကိုယ်
မငိုတတ်တိုင်း ခံစားချက်မဲ့တာ မဟုတ်ဘူးလေ...
 မျက်ရည်တွေကို သိုဝှက်ထားခဲ့တာ
အကြောင်းမဲ့တော့ မဟုတ်ရပါဘူး...
ရင်ထဲကအလွမ်းတစ်စကြောင့်
ဖြစ်လာရတဲ့သောကစိတ်တွေကို 
မဝေမျှလိုခြင်း သက်သက်ရယ်ပါ...။

ရင်ထဲက ဝေဒနာကို မကြေငြာတတ်သူမို့
လှစ်ဟမပြခဲ့တဲ့ အသည်းကို မာလွန်းတယ်လို့ ထင်ချင်ကြလဲ
ကိုယ်ပြုံးနေခဲ့မှာပဲလေ....
အလွမ်းတွေကို နှလုံးသားထဲ တိတ်တဆိတ် ပုံထားရင်းနဲ့ပေါ့...
အများအမြင်မှာတော့ ကိုယ်ဟာ ခံစားချက်မဲ့စွာနဲ့
ဥပေက္ခာဖွဲ့ နေနိုင်လွန်းသူပါ...။

ပျော်ရာကိုမှန်းလို့ လွမ်းနေရင်း
မျက်ဝန်းမှာခိုတွဲလာတဲ့မျက်ရည်စကို
မျက်လွှာနှစ်စ အသာချလို့
နှုတ်ခမ်းဖျားက အပြုံးတစ်စနဲ့ 
အစားထိုး ခြွေချခဲ့ရတဲ့နေ့ရက်တွေ...
တော်ရာမှာ နေသာသလို နေနေရတဲ့အဖြစ်
ရင်ထဲမှာတော့ တစစ်စစ်နဲ့ လွမ်းနေခဲ့တာ...
ကိုယ်တိုင်ထက် ဘယ်သူကများ သိနိုင်အုံးမှာလဲ...။        ။


 

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Monday, November 28, 2011

ကမ္ဘာတစ်ဝှမ်းမှ ခြောက်လှန့်မှုဖြစ်စဉ် မှတ်တမ်းများ


၁။ တေစၧသေဘာၤႀကီး

ကမ်းမမြင် လမ်းမမြင် အပြောကျယ်လှတဲ့ ပင်လယ် သမုဒ္ဒရာထဲက 
ထူးဆန်းသောဇာတ်လမ်းများထဲမှာ အကြိမ်ကြိမ်ဖေါ်ပြပြီး မှတ်တမ်းတင်
ခြင်းခံရတဲ့ တစ္ဆေသဘောင်္ကြီး တစ်စင်းကတော့ Flying Dutchman လို့
ခေါ်တဲ့ ၁၇ ရာစုခေတ်လောက်က ရှေးခေတ် ရွက်သဘောင်္ကြီးတစ်စင်းပါ။ 
သမုဒ္ဒရာထဲမှာ သွားလာနေတဲ့ သဘောင်္များနဲ့ သဘောင်္သားများ အတွက် 
Flying Dutchman တစ္ဆေသဘောင်္ကြီးဟာ ကံကြမ္မာဆိုးများကို ယူဆောင်
လာတတ်ပါတယ်။ 


အဲဒီ ထူးဆန်းတဲ့ တစ္ဆေသဘောင်္ကြီးကို ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့ခဲ့ကြရတဲ့ 
ပင်လယ်ပြင်ထဲက ခြောက်လှန့်မှု ဇာတ်လမ်းများထဲမှာ ထင်ရှားတဲ့ 
မှတ်တမ်းတစ်ခုကတော့ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်လောင်းလျာလေး 
George V ရဲ့ နေ့စဉ်မှတ်တမ်းဖြစ်ပါတယ်။ အင်္ဂလန်ပြည့်ရှင်ပဉ္စမမြောက်
ဂျော့ဘုရင် အလောင်းအလျာ အသက် ၁၆နှစ်အရွယ် အိမ်ရှေ့မင်းသား
ဘ၀က ဗြိတိန် ဘုရင့်ရေတပ်မတော်မှာ သဘောင်္အရာရှိငယ်အဖြစ် 
အမှုထမ်းစဉ် H.M.S Inconstant စစ်သဘောင်္ပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ
ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ကို သူ့ရဲ့နေ့စဉ်မှတ်တမ်းစာအုပ်မှာ ရေးသား 
မှတ်တမ်းတင် ထားခဲ့ပါတယ်။ စစ်သဘောင်္နဲ့ သွားခဲ့တဲ့ ခရီးစဉ်တွေနဲ့ အဖြစ်အပျက်တွေကို နေ့ရက်အလိုက် နေ့စဉ်မှတ်တမ်းထဲ ရေးသွင်း 
ထားခဲ့ရာမှာ ၁၈၈၁ ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့ရဲ့ မှတ်တမ်းမှာ
တွေ့ရှိရေးသားထားချက်များက တကယ်ကို ရှင်းရှင်းလင်းလင်းနဲ့ 
တိတိကျကျ ရှိလွန်းလှပါတယ်။ ဂျော့မင်းသားက မှတ်တမ်းထဲမှာ...
“မနက် ၄ နာရီတိတိ အချိန်မှာ Flying Dutchman ဟာ
ကျွန်တော်တို့ရဲ့ သဘောင်္ဦးကနေ ဖြတ်သန်းသွားခဲ့တယ်။”
လို့ စပြီးရေးထားတယ်။ ပြီးတဲ့နောက် အိမ်ရှေ့မင်းသားက သူကိုယ်တိုင်
မြင်တွေ့လိုက်ရတဲ့ Flying Dutchman ကို ဆက်လက်ပြီး ပုံဖေါ်ရေးသား
ထားတာကတော့...
“အလွန်ထူးဆန်းတဲ့ စူးစူးရှရှ အနီရောင် အလင်းတန်းကြီးတွေက
တစ္ဆေသဘောင်္ကြီးတစ်စင်းလုံးကို တောက်ပစွာနဲ့ လွှမ်းခြုံထားတယ်။
အဲဒီလို ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြာထွက်နေတဲ့ တောက်ပတဲ့
အနီရောင် ရောင်စဉ်အလင်းတန်းကြီးတွေရဲ့ အလယ်မှာတော့
မိုးထိထောင်တက်နေတဲ့ ရွက်တိုင်မားမားကြီးတွေမှာ တက်စုံရွက်စုံ
လႊင့္တင္ထားတဲ့ တေစၧ ရြက္သေဘာၤႀကီးက သေဘာၤဦးကေန
ကိုက် ၂၀၀ လောက်အကွာ နေရာမှာ ထင်ထင်ရှားရှား ထီးထီး
မားမားကြီး ရပ်တည်နေခဲ့တယ်။”
ကုန်းပတ်ပေါ်က တာဝန်ကျ သဘောင်္သားလေးတစ်ယောက်က 
တစ္ဆေသဘောင်္ကြီးကို စမြင်မြင်ချင်းမှာပဲ အင်မတန်ထူးဆန်းတဲ့ 
သဘောင်္ကြီးတစ်စင်းကို သဘောင်္ဦးမှာ တွေ့မြင်ရတဲ့အကြောင်း 
ချက်ချင်းပဲ သတင်းပို့ခဲ့တဲ့အတွက် အဲဒီအချိန်မှာ တာဝန်ကျနေတဲ့ 
သဘောင်္အရာရှိနဲ့အတူ အခြားသဘောင်္သား ဆယ့်တစ်ယောက်ပါ 
မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခွင့် ရခဲ့လိုက်ကြတယ်။ အဲဒါအပြင်
H.M.S Inconstant စစ်သဘောင်္နဲ့အတူ စစ်ဆင်ရေးခရီးစဉ်မှာ 
အတူတကွပါတဲ့ အခြားစစ်သဘောင်္နှစ်စင်းပေါ်က သဘောင်္သားများ 
ဆီကလဲ အင်မတန်ထူးဆန်းတဲ့ စူးစူးရှရှ ရောင်စဉ် အလင်းတန်းတွေကို သဘောင်္ပေါ်ကနေ မြင်တွေ့ကြရတဲ့အကြောင်း ဆက်သွယ်ရေးစက်ကနေ 
ဆက်သွယ်ပြောကြားလာခဲ့တယ်။ တစ္ဆေသဘောင်္ကြီးရဲ့ကိုယ်ထင်ပြမှုဟာ
ကံကြမ္မာဆိုးတွေကို ယူဆောင်လာတတ်တဲ့ ထုံးစံအတိုင်း နေ့တောင် မကူးလိုက်ရဘဲ ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခုကို
H.M.S Inconstant သဘောင်္ပေါ်မှာ ဖြစ်ပွားစေခဲ့ပါတယ်။ 
အဲဒီ ကြေကွဲစရာအဖြစ်ဆိုးဟာ တစ္ဆေသဘောင်္ကြီးကို တွေ့မြင်လိုက်ရပြီး 
သိပ်မကြာခင်နာရီပိုင်းအတွင်းမှာ စိတ်မကောင်းစရာ ဖြစ်ပျက်သွားခဲ့တာ
ဖြစ်ပါတယ်။ မင်းသားငယ် ဂျော့ရဲ့မှတ်တမ်းမှာ ဆက်လက်ပြီး အဲဒီ အဖြစ်အပျက်ကို ရေးသားထားတာကတော့ ...
“မနက် ၁၀ နာရီ ၄၅ မိနစ်မှာတော့ ဒီနေ့မနက်စောစောက
တစ္ဆေသဘောင်္ Flying Dutchman ကိုတွေ့တဲ့အကြောင်း
တာဝန်ကျအရာရှိကို ပထမဦးဆုံးသတင်းပို့ခဲ့တဲ့ ကုန်းပတ်စောင့်
သဘောင်္သားလေးဟာ သူတာဝန်ထမ်းဆောင်နေတဲ့
ပင်မရွက်တိုင်ကြီးရဲ့ ထိပ်ဖျားကနေ သဘောင်္ဦးက
ကုန်းပတ်ပေါ်ကို မတော်တဆ ပြုတ်ကျပြီး တစ်ကိုယ်လုံး
ရစရာမရှိအောင် စိစိညက်ညက်ကြေပြီးတော့ အသေဆိုးနဲ့
ကွယ်လွန်သွားခဲ့ရတယ်။ (အဲဒီနေရာမှာ ဂျော့မင်းသားက
သူ့ရဲ့မှတ်တမ်းမှာ “he was smashed to atoms...” လို့
သုံးနှုန်းရေးသားထားခဲ့တယ်။) အဲဒီတပ်သားလေးဟာ ထူးချွန်
ထက်မြက်ပြီး အင်မတန် တာဝန်ကျေပွန်တဲ့ လူငယ်လေးတစ်ဦး
ဖြစ်တဲ့အပြင် သူ့အလုပ်အပေါ်မှာ အလွန်ကိုသစ္စာရှိတဲ့
ကုန်းပတ်စောင့် ၀န်ထမ်းကလေးလဲ ဖြစ်တယ်…
ဒီသဘောင်္ပေါ်မှာရာထူးတက်ဖို့ အားလုံးကမျှော်လင့်ထားကြတဲ့
လူငယ်လေးတွေထဲမှာ အလားအလာအကောင်းဆုံး
တပ်သားလေးတစ်ယောက်… အဲဒီလို သဘောင်္သားလေး
တစ်ယောက်ကို မမျှော်လင့်ဘဲ ဒီလိုဆိုးရွားလှတဲ့အဖြစ်ဆိုးမျိုးနဲ့
ဆုံးရှုံးခဲ့ရတဲ့အတွက် သဘောင်္တစ်စင်းလုံးက၀န်ထမ်းတွေအားလုံး
စိတ်မကောင်းခြင်းကြီးစွာနဲ့ ကြေကွဲဝမ်းနည်းခဲ့ရတယ်…”
လို့ ဖေါ်ပြ မှတ်တမ်းတင်ထားခဲ့ပါတယ်။
* * * * * * * * * * * * *
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(Tony Allan ရဲ့ Tales of Real Haunting မှ မှတ်တမ်းများကို
ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ရုပ်ပုံကိုတော့
Google Image ကနေ ယူထားပါတယ်။)  

Sunday, November 27, 2011

ခေါပုတ်မှတ်တမ်း

ဟိုတစ်ပတ်က Facebook ပေါ်လျှောက်လည်ရင်း အစိမ်းရောင်လွင်ပြင် ရဲ့ 
facebook wall ပေါ်မှာခေါပုတ်ကြော်သွားတွေ့တယ်။ ဓါတ်ပုံကြည့်ပြီးတော့
သွားရေကျတာနဲ့ မစားရတာကြာပြီလို့ ပြောလိုက်တာ ညီမချောက စေတနာ
အပြည့်နဲ့ ခေါပုတ်လုပ်နည်းကို ချက်ချင်းပဲ ပြောပြပါတော့တယ်။ 
သူပြောပြတော့လဲ လုပ်နည်းက သိပ်မခက်ပဲ အတော်လွယ်နေတာရယ် 
မစားရတာလဲ ကြာနေလို့ စားချင်နေတာရယ်နဲ့ အားတဲ့တစ်နေ့ လုပ်စားကြည့်ဖို့ 
စဉ်းစားလိုက်တယ်။ အစားအသောက်နဲ့ပတ်သက်ရင် ကိုယ်မလုပ်ဖူးသေးတဲ့ 
အသစ်အဆန်းဆို စမ်းလုပ်ကြည့်ချင်တဲ့ ၀ါသနာကလဲရှိတော့ နဲနဲအားတဲ့ရက်မှာ 
လက်တည့်စမ်းကြည့်မယ်ပေါ့။ အဲဒါနဲ့ပဲ မအိမ်သူတစ်ယောက် ငယ်ငယ်က
ချက်တမ်း ပြုတ်တမ်း ကစားသလို  အခုလဲ အိမ်မှာ ခေါပုတ်လုပ်တမ်း 
ကစားဖြစ်သွားပါတယ်… :D 

အိမ်မှာ ကောက်ညှင်းဝယ်ထားတာ အဖြူကော ငချိတ်ကောရှိနေတော့ ပထမ
နှစ်မျိုးလုံးလုပ်ရင် ကောင်းမလား စဉ်းစားလိုက်သေးတယ်။ နောက်တော့ 
အရင်ဖြစ်မဖြစ်ကို စမ်းကြည့်မှာမို့ အမဲတစ်မျိုးကိုပဲလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက် 
ပါတယ်။ အရင်ဆုံး ကောက်ညှင်းငချိတ်ကို ရေဆေးပြီး တစ်နာရီလောက်
ရေစိမ်ထားလိုက်ပါတယ်။ ပြီးတော့မှ ရေစစ် ဆားလေးနည်းနည်းထည့်ပြီး
ပေါင်းလိုက်တယ်။ ခပ်ပျော့ပျော့လေးဖြစ်အောင် ပေါင်းထားတဲ့ကောက်ညှင်း ငချိတ်ပေါင်းရပြီဆိုတော့ ခေါပုတ်ထောင်းဖို့အဆင့် ရောက်ပါပြီ။

ငချိတ်ပေါင်း နှမ်းလေးဖြူးထားတာ
ချောကပြောတာ ကောက်ညှင်းပေါင်းပြီးရင် ဆာလာအိတ်သန့်သန့်တစ်ခုနဲ့ 
ထည့်ပြီး လေးတဲ့ဟာတစ်ခုခုနဲ့ နာနာထုတဲ့…  အဲဒီမှာ ထုစရာကတော့ ဒီက 
ခမာ ငရုတ်ကျည်ပွေ့နဲ့တင်ပြီးတယ်။ ဒါပေမယ့် ထည့်စရာကျတော့ ကိုယ့်ဆီမှာ 
ဆာလာအိတ်ကမရှိ … ဘာနဲ့ထည့်ထုရမလဲ ရှာရပါလေရော… 
ပလပ်စတစ်အိတ်တို့ ကြွပ်ကြွပ်အိတ်တို့လို ထုနေရင်းနဲ့ ကွဲ ပေါက်ထွက်မဲ့ 
အိတ်မျိုးဆို မဖြစ်ဖူးလေ… နောက်ဆုံးတော့ Gold Roast ကော်ဖီမစ်အိတ်ကိုပဲ
ရေဆေး ဆီလေးနဲနဲသုတ်ပြီး ကောက်ညှင်းလေးနဲနဲ ထည့်ထုကြည့်တော့ 
အဆင်ပြေတာနဲ့ အဲဒီအိတ်နဲ့ပဲ ထုလိုက်တော့တယ်။

ဒီအိတ်နဲ့ ထုမလို့

ကောက်ညှင်းပေါင်းထားတာ အိတ်ထဲထည့်...

အိတ်ကိုသေချာပိတ်ပြီး ကျည်ပွေ့နဲ့ နာနာထု
ကောက်ညှင်းကို ထုတဲ့အချိန်မှာ အိတ်မှာ ကပ်မကုန်အောင်လို့ လက်မှာ 
ဆီတို့ပြီး အိတ်အထဲကို ဆီနည်းနည်းသုတ်လိုက်ပြီးမှ ငချိတ်ပေါင်းကိုထည့်ပြီး 
အ၀တွေလုံအောင် သေချာခေါက်ပြီးမှ ကျည်ပွေ့နဲ့ နာနာထုပါတယ်။ 
တစ်ကြိမ်ထဲနဲ့တော့ မရပါဘူး။ အိတ်ကိုဖွင့်ဖွင့်ပြီး ထုထားတဲ့ ကောက်ညှင်း 
အပြားလိုက်ကို လေးခေါက်ခေါက်ပြီး ပြန်စုလိုက် ပြီးမှ ပြန်ထုလိုက်နဲ့
လုပ်ရပါတယ်။ ငဖယ်ထောင်းသလိုပါပဲ။ အဲဒီလို ထုနေရင်းနဲ့မှ ခေါပုတ်ဖြစ်ခါနီး
အနေလောက်ရောက်ရင် ထုထားတဲ့ကောက်ညှင်း အပြားလိုက်ပေါ်ကို 
နှမ်းလေးနဲနဲ လိုက်ဖြူးလိုက် ဆက်ထုလိုက်နဲ့ အဲဒီလို အကြိမ်ကြိမ်ထုရင်း 
တဖြည်းဖြည်း ကောက်ညှင်းသားတွေကြေပြီး အပြင်လိုက်ဖြစ်လာတော့မှ 
ပလပ်စတစ်ဗူးတစ်ခုမှာ ကောက်ညှင်းတွေ မကပ်အောင် ဆီလေးနဲနဲသုတ်
ကောက်ညှင်းထုထားတာကို မျက်နှာပြင်လေး ညှိပြီး ထည့်ထားလိုက်တယ်။
ပုံသွင်းပြီးသားဖြစ်သွားရော..း) 

ဗူးထဲမှာ ခေါပုတ်ပြင်လုပ်ထားတာ..
ဒီလောက်ထုတာတောင် ကောက်ညှင်းက အစေ့ကျန်ချင်သေးတယ်။
ခေါပုတ်မဖြစ်တဖြစ်လေးလို့ပဲ ပြောရမယ်ထင်တယ်။ လက်တည့်စမ်းတာ 
ဆိုတော့လဲ ဒီလောက်ဖြစ်တာပဲ ကိုယ့်ဟာကိုယ် သဘောတွေကျပြီး
ကျေနပ်လို့….း)
စားခါနီးမှ ဗူးထဲကနေ အပြင်လိုက်လေးရအောင် ထုတ်ပြီး ကပ်ကြေးနဲ့ညှပ် 
ဆီပူပူလေးမှာကြော်စားတာ ကောင်းမှကောင်းပဲ။ (ဟီး.. ကိုယ့်ငါးချဉ်... 
အဲလေ ကိုယ့်ခေါပုတ် ကိုယ့်ဟာကိုယ် ကောင်းနေတာ… :D)
ကြော်ထားတာ ဒီအတိုင်းစားလဲကောင်းတာပဲ။ အိမ်မှာတော့ ခေါပုတ်ကြော်နဲ့
ထန်းလျက်ရေလေး ကြိုပြီး တို့စားတယ်။ မွှေးနေတာပဲ...း)


ဒီလို အပြားလိုက်ကလေး ရအောင် ဗူးထဲကထုတ်...

ကပ်ကြေးနဲ့ညှပ်ပြီး ကြော်ဖို့အဆင်သင့်...
ခေါပုတ်ကြော်လေးရပါပြီ။ မွှေးနေတာပဲ..း)

ဒီမှာ နောက်တပွဲ ... ကြိုက်တတ်ရင် ထန်းလျက်ရေလေးနဲ့ တို့စားပေါ့။
နောက်တခါ လုပ်စားဖြစ်ရင်တော့ ငရုပ်ဆုံထဲပဲ ထည့်ထောင်းကြည့်အုံးမယ်။ 
ခမာ ငရုပ်ဆုံက အတော်ကြီးတယ်။ အလေးကြီးပဲ… ထောင်းရတာတော့ 
တကယ်ကို အားပါးတရပဲ။ ကျောက်အစစ်ကို ချောနေအောင်လုပ်ထားတာ 
အသစ်စက်စက်ကို ချက်ချင်းဝယ်သုံးရင်တောင် သဲလုံးဝမထွက်ဘူး။ 

ကျောက်အစစ်ကို ထွင်းထားတာ။ အ၀ကျယ်ကျယ်လေးနဲ့ ချောနေတာပဲ

စောက်လဲနက်တယ်ဆိုတော့ အများကြီးထည့်ထောင်းလို့ရတယ်။
ငရုပ်ကျည်ပွေ့ကလဲ လုံးပတ်ကကို လက်တစ်ဆုပ်မကဘူး။ အရှည်က 
တစ်ပေနီးပါးရှိတယ်။ ငရုပ်ဆုံနဲ့ ကျည်ပွေ့ပေါင်းရင် အနည်းဆုံး ၈ကီလို
(၁၇.၆ ပေါင်) လောက်ကိုရှိတယ်။ ဒီက ငရုပ်ဆုံကိုသဘောကျလွန်းလို့ 
ရန်ကုန်ကိုသယ်ချင်တာ… ဒါပေမဲ့လဲ အဲဒီလောက်ဝိတ်နဲ့ဆိုတော့ ရန်ကုန်
မရောက်ခင် လေယာဉ်ပေါ် အတက်မှာတင်ပဲ ကန်ချခံရမယ့်ကိန်း
မြင်တယ်။း))

ငရုတ်ကျည်ပွေ့ ဆိုက်ကို ကြည့်ကြပါအုံး...

လက်တစ်ဆုပ်ထက်ပိုတဲ့လုံးပတ်နဲ့.. မ ရတာကို အလေးကြီး...
ခေါပုတ်ကို အဲဒီငရုတ်ကျည်ပွေ့နဲ့ ထုတာဆိုတော့ လေးလွန်းလို့ ကြာကြာ
မထုနိုင်ဘူး။ တော်ကြာနေ ကာယဗလတွေ ထွက်လာပြီး ဟာကြူလီမမ
ဖြစ်သွားမှာစိုးရတယ်။ ခေါပုတ်ထုဖို့ကို မီးဖိုထဲမှာ သုတ်ဖို့ပြုဖို့ ထားတဲ့ 
တဘက်စုတ်တထည် လေးခေါက်ခေါက်.. တင်ပြီးထုမယ့် တုံးရဲ့အောက်မှာ
အသေအချာခံ... အသာထိန်းပြီးမှ ထုတာတောင် တဒုန်းဒုန်းနဲ့ အသံက
တော်တော်မြည်သေးတယ်။ ကောက်ညှင်းကလဲ အတော်ကြာကြာ 
ထုရတာဆိုတော့ အိမ်အောက်ထပ်ကလူတွေလဲ အတော်တော့နားညီးမှာ…
ဘာတွေများ ဒီလောက်တောင် ဒုန်းဒုန်းဒိုင်းဒိုင်း ထုနေနှက်နေလဲလို့ 
ထင်ကြမှာပဲ... အားတော့နာသား…း))
ဒါပေမယ့်လဲ အားနာနာနဲ့ပဲ ခေါပုတ်ဖြစ်တဲ့အထိကို ထုလိုက်ပါတယ်။ :P

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Friday, November 11, 2011

ခမာတန်ဆောင်တိုင်ပွဲ

မနေ့က ခမာတို့ရဲ့ တန်ဆောင်တိုင်ပွဲတော်နေ့ပါ။
တန်ဆောင်မုန်း လပြည့်နေ့မှာ ကျင်းပတဲ့ အဲဒီပွဲတော်ကို ခမာစကားနဲ့ ဆိုရင်
Bon Om Tuk (ဘော်န် အော်မ် သော့ခ်) လို့ခေါ်ပါတယ်။ ဗမာလို အဓိပ္ပါယ်
ပြန်ရရင်တော့ ရေသဘင်ပွဲတော်ပါ။ (Water Festival လို့ခေါ်ပါတယ်။) 
Water Festival ဟာ ခမာတို့ရဲ့ ထင်ရှားတဲ့ ရိုးရာအစဉ်အလာ ပွဲတော်တစ်ခုပါ။
ပွဲတော်ကို သုံးရက်ကျင်းပလေ့ ရှိတတ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ကတော့
ပွဲတော်ရဲ့ အထွဋ်အထိပ်အကျဆုံးနဲ့ နောက်ဆုံးနေ့ပါပဲ။ ပွဲတော်ကျင်းပပုံကို ပြောပြရရင် ပွဲတော်ရက်တွေမှာ လှေပြိုင်ပွဲတွေကို အကြီးအကျယ် စည်စည်ကားကား ကျင်းပကြပါတယ်။
တန်ဆောင်မုန်း လပြည့်နေ့မှာတော့ လကိုပူဇော်တဲ့ပွဲလုပ်ပါတယ်။ 
ညနေ နေ၀င်ပြီးစ အချိန်မှာ ထွက်လာတဲ့ ၀ိုင်းဝိုင်းစက်စက် လပြည့်ဝန်းကို 
အိမ်တိုင်းရဲ့ရှေ့မှာ စားပွဲလေးတွေထုတ်ပြီး စားပွဲပေါ်မှာ ကောက်ဦးမုန့်ဆန်း 
သကြား ငှက်ပျောဖီး အုန်းစိမ်းတွေနဲ့ ပြင်ဆင်ထားတဲ့ ကန်တော့ပွဲနဲ့ အမွှေးတိုင် 
ဖယောင်းတိုင်ထွန်းပြီး ပူဇော်ပသကြပါတယ်။ လပြည့်ည ခုနစ်နာရီ
လောက်မှာတော့ နီးစပ်ရာ မြစ် ချောင်းတွေမှာသွားပြီး မီးဖေါင်တွေ
မျှောကြပါတယ်။ နောက်ဆုံးအနေနဲ့ ညသန်းခေါင်ယံအချိန်မှာ ကိုယ့်အိမ်မှာပဲ
မိသားစုနဲ့ဖြစ်ဖြစ်၊ ဘုရား ဒါမှမဟုတ် ဘုန်းတော်ကြီး ကျောင်းတွေမှာ  ဖြစ်ဖြစ် စုဝေးကြပြီးတော့ ကောက်သစ်မုန့်ဆန်းကို ၀ိုင်းဖွဲ့ စားသောက်ပြီးကြတယ် 
ဆိုရင်တော့ ရေသဘင်ပွဲတော် ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဒီနှစ်ရေသဘင်ပွဲတော်ကိုတော့ ကမ္ဘောဒီးယားမှာ ခါတိုင်းနှစ်များလို ခြိမ့်ခြိမ့်သဲ
မကျင်းပနိုင်ပါဘူး။ လှေပြိုင်ပွဲလဲ မလုပ်ဖြစ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်သာသာ
လောက်အထိ ကမ္ဘောဒီးယားတစ်နိုင်ငံလုံးမှာ ဆိုးဆိုးဝါးဝါး လနဲ့ချီပြီး
ရေကြီးနေခဲ့တဲ့အတွက် အခုလို ရေပြန်ကျခါစမှာ ကျရောက်လာတဲ့ ပွဲတော်ကို 
တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျင်းပနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ 
အစိုးရကပွဲတော်မှာကုန်ကျမယ့်ငွေများကို ရေဘေးပြန်လည်ထူထောင်ရေးမှာ 
အသုံးပြုသွားမယ်လို့ ပြောတဲ့အကြောင်း သိရပါတယ်။ ရေကျသွားပြီဖြစ်တဲ့
မြစ်ထဲမှာတော့ လပြည့်ညမို့လို့ ရိုးရာဓလေ့အတိုင်း မီးဖေါင်လေးတွေ 
လာမျှောကြတာ တွေ့ရပါတယ်။ ဒီပို့စ်က အစီအစဉ်မရှိပဲ တင်ဖြစ်သွားတဲ့ 
ပို့စ်လေးပါ။ ညက အပြင်ထွက်ရင်းတွေ့တာလေးတွေကို ဓါတ်ပုံရိုက် 
လာခဲ့တာလေးတွေ တင်ပေးချင်လို့ပါ။ Water Festival အကြောင်း
နောက်ခံသမိုင်းကြောင်းနဲ့အတူ လှေပြိုင်ပွဲတွေအကြောင်း ပြည့်ပြည့်စုံစုံကို
လေ့လာချင်သူများရှိရင် ဟိုအရင်နှစ်တွေတုန်းက ရိုက်ထားခဲ့တဲ့ 
အလှပြဖေါင်တွေနဲ့ လှေပြိုင်ပွဲက ဓါတ်ပုံတွေနဲ့တကွ နောက်များမှပဲ
ရေးတင်ပေးပါမယ်။ အခုတလော မအိမ်သူ လမ်းများနေတဲ့ အတွက် 
သရဲဇာတ်လမ်း မှတ်တမ်းတွေအကြောင်း ဆက်ရန်ရှိတာလဲ 
အကြွေးတင်နေပါတယ်။း) အမြန်ဆုံးတင်နိုင်အောင် ကြိုးစားပေးပါမယ်။ 
အခုလောလောဆယ်တော့ ဒီကြားဖြတ်ပို့စ်လေးနဲ့ပဲ ကျေနပ်ကြပါအုံးလို့....း))

ဒါက တန်ဆောင်မုန်းလပြည့်နေ့မှာ လကိုပူဇော်တဲ့ ကန်တော့ပွဲပါ။ လပြည့်နေ့ ညနေဆိုရင် ခမာလူမျိုးတွေရဲ့ အိမ်ရှေ့တိုင်းမှာ ဒီလိုကန်တော့ပွဲမျိုးတွေ ပြင်ပြီးထားကြပါတယ်။

ဒါကတော့ တစ်ချို့ အိမ်တွေက ကန်တော့ပွဲမှာ အမွှေးတိုင် ဖယောင်းတိုင်ထွန်းဖို့ သုံးတာလေးတွေပါ။ ငှက်ပျောအူမှာ အမွှေးတိုင် ဖယောင်းတိုင်လေးတွေစိုက် ငှက်ပျောရွက်လေးတွေကို ကန်တော့ထိုးပြီး အလှဆင်ထားပါတယ်။ ဒါက လမ်းဘေးမှာ လုပ်ရောင်းနေတာတွေ့လို့ ရိုက်လာတာ။
မီးဖေါင်မျှောဖို့ ဖေါ့တုံးတွေကို ပုံစံအမျိုးမျိုးနဲ့ အလှဆင်ပြီး လမ်းဘေးမှာ ချရောင်းနေတဲ့ ဆိုင်ပါ။

အကြီးအသေး အရွယ်စုံ ဒီဇိုင်းမျိုးစုံပါပဲ။ တစ်ခုကို ၁ ဒေါ်လာကနေ ၂ ဒေါ်လာခွဲ လောက်အထိ အကြီးအသေးပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိပါတယ်။
ဒီလိုမီးဖေါင်လေးတွေကို မျှောခါနီးကျရင် ဖယောင်းတိုင် အမွှေးတိုင်တွေ မီးညှိပြီး ရေထဲကိုမျှောလိုက်ပါတယ်။ ခမာလူမျိုးတွေက မျှောခါနီးမှာ အဓိဌါန်တို့ ဆုတောင်းတို့ ရွတ်ဆိုပြီးမှ မျှောလေ့ရှိကြပါတယ်။

ကမ်းစပ်နားက မီးဖေါင်လေးတွေ

လှတပတ အသည်းပုံလေး

ဒါကတော့ နှစ်ထပ်အသည်းလေးတွေ။ ဒီလိုမီးဖေါင်မျိုးလေးတွေကိုတော့ လူငယ်အိမ်ထောင်ရှင်တွေ သမီးရည်းစားစုံတွဲတွေ မျှောလေ့ရှိကြပါတယ်။ ချစ်သောသူနဲ့ အသက်ထက်ဆုံး ပေါင်းရပါစေ ဘာညာပေါ့ ဆုတွေတောင်း အဓိဌါန်တွေလုပ်ပြီး နှစ်ယောက်အတူကိုင် ရေထဲချမျှောလိုက်ကြတာပေါ့။း))

မှောင်မဲမဲ မြစ်ကမ်းစပ်မှာ မီးဖေါင်မျှောဖို့ ပြင်နေတဲ့ စုံတွဲ

မြစ်ထဲမျောနေတဲ့ မီးဖေါင်လေးတွေ။ ဒီနှစ်အရမ်းနည်းပါတယ်။ အရင်နှစ်တွေတုံးကများ မြစ်တစ်ခုလုံး ပြည့်မတတ် မီးရောင်တွေ တလက်လက်နဲ့ အရမ်းလှတာပဲ။ (အဲဒီမြစ်ပေါ့ ရေလျှံတာ.. အခုတော့လဲ သူမဟုတ်သလို... ညမီးရောင်တွေအောက်မှာ သာသာယာယာ လှလှပပ)
ဒါကတော့ မြစ်ကမ်းဘေးက အနုပညာညဈေး (Siem Reap Art Centre Night Market) ညဈေးဆိုပေမယ့် တစ်ချို့ဆိုင်တွေက တစ်နေကုန်ဖွင့်ပါတယ်။ ညဖက်တော့ ပိုစည်တာပေါ့။ ခမာအကတွေလဲ Free Show ရှိတယ်။

ညဈေးရှေ့က မီးတိုင်ရဲ့အလှ
ညဈေးထဲက ခမာအနုပညာလက်ရာ အမှတ်တရပစ္စည်း အရောင်းဆိုင်တစ်ဆိုင်
 
ပိုးထည်လက်မှုပညာပစ္စည်းတွေ (ပိုက်ဆံအိတ်၊ ပုဝါ၊ အင်္ကျီ)

မိချောင်းသားရေပစ္စည်း အစစ်တွေရောင်းတဲ့ဆိုင်က တောက်တဲ့ အရွယ်လောက်ပဲရှိတဲ့ မိချောင်း သားပေါက်ကလေးတွေကို ရုပ်လုံးသွင်းထားတာ (မိချောင်းအစစ်) တစ်ကောင်ကို ၁၀၅ ဒေါ်လာတဲ့ ဈေးကြီးလိုက်တာ...

ညဈေးထဲက စားသောက်ဆိုင် တစ်ဆိုင်
ညဈေးထဲက ခမာရိုးရာအကတွေနဲ့ ဖျော်ဖြေတဲ့ စင်မြင့်.. ဖရီးကြည့်လို့ရတယ်

ခမာရိုးရာတူရိယာတွေနဲ့ တီးဝိုင်း

အုန်းမှုတ်ခွက်အက.. အုန်းမှုတ်ခွက်အခွံလေးတွေကို ချောနေအောင်လုပ်ပြီး ပေါလစ်သုတ်ထားတယ်။ အဲဒါလေးတွေကို သူ့စည်းချက်နဲ့သူ တခွပ်ခွပ်ရိုက်ပြီးကတာ ကြည့်လို့ကောင်းတယ်။
စင်ရှေ့တည့်တည့်ထိုင်ပြီး အားပေးနေတဲ့ ခမာကလေးငယ်တွေ

ဒါကတော့ ခမာတွေရဲ့ နာမည်ကြီး ရိုးရာအကဖြစ်တဲ့ Apsaras Dance (Apsaras Ballet လို့လဲခေါ်တယ်) အရမ်းငြိမ့်ညောင်းတဲ့ အကပဲ။ (အပ်ဆာရာကို ဗမာလိုဆိုရင်တော့ လောကနတ်လို့ ဘာသာပြန်ရမလားမသိဘူး)

ဒါက ဆိုင်တစ်ခုမှာ အလှချိတ်ထားတဲ့ Apsaras Dance ပန်းချီကား။ အမြင့်ကြီးကို လှမ်းရိုက်ရလို့ ပုံက ကြည့်ရတာ အဆင်မပြေ ဖြစ်နေသလိုပဲ။
 ခမာရိုးရာတေးဂီတ တီးမှုတ်နေကြတာကို Video ရိုက်လာတာပါ။ 
မြန်မာသံစဉ်တွေနဲ့ သိပ်မကွာလှပါဘူး။ မွန်တေးသွားသံစဉ်ပေါ့။


(ပုံတွေ ၀ါးတားတားဖြစ်နေရင် သည်းခံကြပါနော်။ ရိုးရိုး ဒစ်ဂျစ်တယ် ကင်မရာ
လေးနဲ့ပဲ ညမှောင်မှောင်မှာ သွားရင်းလာရင်း လျှောက်ရိုက်လာတာမို့ပါ။)


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Wednesday, November 2, 2011

မှတ်သားစရာ သရဲတစ္ဆေနဲ့ ပတ်သက်သော အကြောင်းများ

Ghost လို့ခေါ်တဲ့ သရဲအကြောင်း ဘယ်တုန်းကစသလဲလို့မေးရင် ဘယ်သူမှတော့ တိတိပပ ဖြေနိုင်ကြမယ် မထင်ပါဘူး။ ဒါပေမယ့်လည်း သရဲအကြောင်း ဆိုရင်တော့ ဟုတ်တာမဟုတ်တာ အပထား.. လူတိုင်းလိုလို အနည်းနဲ့အများ စိတ်တော့ဝင်စားကြတာချည့်ပါပဲ။ လူ့သဘာဝကိုက ဘာမှန်းမသိတဲ့အရာဆို အင်မတန် စူးစမ်းချင်တတ်ကြတာကိုး။ အဲ… မှတ်တမ်းမှတ်ရာ အနေနဲ့ပြောရရင်တော့ သရဲခြောက်လှန့်ခံရမှု (Haunting) အကြောင်းကို စာနဲ့ပေနဲ့ ပထမဦးဆုံး ရေးသားပြီး မှတ်တမ်းတင်ခဲ့တာဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် (အေဒီ တစ်ရာစု) လောက်က စတင်ခဲ့တယ်လို့  ဆိုပါတယ်။ ရိုမန်စာရေးဆရာတစ်ယောက်ဟာ အေသင်မြို့က သူ့ရဲ့နေအိမ်မှာ ခြောက်လှန့်ခံရတဲ့ ၀ိညာဉ်သဏ္ဍာန်ရဲ့ အကြောင်းကို အသေအချာ ရေးသားမှတ်တမ်းတင်ထားခဲ့တဲ့ သရဲဇာတ်လမ်းဟာ ပထမဦးဆုံး မှတ်တမ်းလို့ဆိုပါတယ်။ သူ့ရဲ့နေအိမ်နေရာမှာ ရှေးယခင် အချိန်ကာလက သံကြိုးများနဲ့ အထပ်ထပ်တုပ်နှောင်ပြီး ကွပ်မျက်ခြင်းခံခဲ့ရသူလို့ ယူဆနိုင်စရာရှိတဲ့ ၀ိညာဉ်ပုံရိပ်တစ်ခုကို တွေ့ရှိရပုံ၊ ပုံရိပ်သဏ္ဍာန်မှာ မုတ်ဆိတ်မွေးများ ရှည်လျားစွာရှိပြီး သံကြိုးများလည်း တစ်ကိုယ်လုံး ရစ်ပတ်တုပ်နှောင်လျက်ရှိပုံ၊ သံကြိုးများတရွတ်တိုက်ဆွဲသံ သံထည်များ အချင်းချင်းထိမိခတ်မိသံ အသံဗလံများနဲ့အတူ အရိပ်အယောင်ပြ ခြောက်လှန့်သည်များကို ကိုယ်တိုင် မျက်မြင် ကြုံတွေ့ခဲ့ရသည့်အတိုင်း ၀ိညာဉ်ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ တကွ ခြောက်လှန့်ပုံ အသေးစိတ်ကို ရေးသား မှတ်တမ်းတင်ထားခဲ့ပါတယ်။ ကမ္ဘာဦးစကတည်းက သရဲ ၀ိညာဉ် ယုံကြည်မှု ခြောက်လှန့်မှု ပုံပြင်တွေ ရှိခဲ့တယ်လို့ ယူဆရပေမယ့် ဒီ့အရင်က ဒီလိုရေးသား မှတ်တမ်းတင်ခဲ့တာမျိုး မတွေ့ရှိခဲ့ဖူးတာကြောင့် ပထမဦးဆုံးသော ပေထက်အက္ခရာတင်ခဲ့တဲ့ သရဲဇာတ်လမ်းလို့ပဲ ဆိုကြပါစို့။ အဲဒီအချိန်ကနေ စတင်ပြီးတော့ ကမ္ဘာတစ်ဝှမ်းမှာ သရဲဇာတ်လမ်းဆိုတာတွေ တစ်ခေတ်ဆန်းခဲ့ရတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ ကမ္ဘာတစ်လွှားမှာ နိုင်ငံတိုင်း လူမျိုးတိုင်းလိုလို သူ့ယုံကြည်မှုနဲ့သူ သရဲဇာတ်လမ်းပေါင်း မြောက်များစွာကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ရေးသား ပြောဆို လာလိုက်ကြတာဟာ မရေမတွက်နိုင်လောက်အောင် ရှိနေပါပြီ။ ဒီကနေ့အချိန်မှာ စစ်တမ်းကောက်ယူမှုအရ သိရတာကတော့ လူဆယ်ယောက်မှာ တစ်ယောက်နှုန်းဟာ သရဲကိုမြင်ဖူးကြတယ် သို့မဟုတ် သရဲခြောက်တာကို ခံဖူးကြတယ်လို့ဆိုပါတယ်။ သို့သော်လည်း အဲဒီလူတွေ အတော်များများထဲမှာတောင် သရဲဆိုတာ တကယ်မရှိဘူးလို့ ယုံကြည်နေကြဆဲဖြစ်ပါတယ်။ အချို့မြင်တွေ့ဖူးသော သူများကိုယ်တိုင်က မိမိမြင်တွေ့ရမှုကို ဇဝေဇ၀ါနဲ့ အဖြေရှာဖို့ ခက်ခဲနေကြပြီး အဲဒီခြောက်လှန့်မှုများဟာ အမှန်တကယ်လို့ ယုံကြည်နိုင်ဖို့ ခဲယဉ်းနေကြဆဲပါပဲတဲ့။ ဘာကြောင့်လဲဆိုတော့ လူ့စိတ်ရဲ့ ထင်ယောင်ထင်မှားဖြစ်တတ်မှု၊ စိတ်အစွဲအလန်း ကြီးမားမှု၊ ကြောက်စိတ်ရဲ့လှုံ့ဆော်မှုတွေကြောင့် စိတ်ခြောက်ခြားမှုတွေရှိတဲ့ အခါမျိုးတွေမှာ အမှန်တကယ်ရှိသောအရာ မရှိသောအရာတွေအပေါ် ရောထွေးပြီး အကြားအမြင်တွေ မှားယွင်းမှု ဆိုတဲ့ ဖြစ်နိုင်ခြေတွေလည်း အများကြီးရှိနေခဲ့လို့ပါလို့ ဆိုပါတယ်။ ဒါ့အပြင် သဘာဝအလျောက် အလင်း အမှောင် ပုံရိပ်များရဲ့ အမြင်လှည့်စားမှု (illusion) များလည်းရှိနိုင်ပါသေးတယ်။ တခါတလေမှာ သဘာဝအတိုင်း ဖြစ်ပျက်မှုတစ်ခုခုကို လူ့စိတ်ခံစားမှုအရ ကောက်ယူမှု လွဲမှားပြီးတော့ သဘာဝလွန်ဖြစ်ရပ်တစ်ခုအဖြစ် အထင်အမြင် မှားယွင်းမှုမျိုးလည်း ရှိနိုင်ပါတယ်တဲ့။ ဘယ်လိုပဲဖြစ်စေ ကမ္ဘာတစ်လွှားမှာတော့ သရဲတကယ်ရှိမရှိဆိုတာဟာ ဒီကနေ့ဒီအချိန်အထိ မသေချာ မရေရာမှုတစ်ခု အနေနဲ့ ရှိနေဆဲဖြစ်သလို လေ့လာဆန်းစစ်မှုတွေလည်း အခုအချိန်ထိ ပြုလုပ်နေကြဆဲပါပဲ။

(Photo credit to Google image.)
သရဲဇာတ်လမ်းများနဲ့ ပတ်သက်လို့ ကမ္ဘာတစ်လွှားမှာ ဖြစ်ပျက်ခဲ့တဲ့ ထင်ရှားကျော်ကြားသော ခြောက်လှန့်မှု မှတ်တမ်းများလည်း ရာဇ၀င်မှာ ရှိခဲ့ပါတယ်။ ယခုအချိန်အထိလည်း ကမ္ဘာ့ နေရာအနှံ့အပြားမှာ ခြောက်လှန့်မှုဖြစ်စဉ်များ ရှိနေဆဲဖြစ်သလို အဲဒီဖြစ်စဉ်များကို စနစ်တကျ မှတ်တမ်းတင်ထားမှုအချို့လည်း ရှိနေခဲ့ပါတယ်။ အဲဒီလို ခြောက်လှန့်ခံခဲ့ရတယ်လို့ ဆိုသူတွေထဲမှာ သာမာန်လူများသာမက ဆရာဝန်များ၊ ခရစ်ယာန် သင်းအုပ်ဆရာများ၊ ဘုန်းတော်ကြီးများ၊ ဥပဒေ၀န်ထမ်းများ၊ တရားသူကြီးများ အပြင် ဘုရင့်အရိုက်အရာခံယူမယ့် အိမ်ရှေ့မင်းသားလို လူမျိုးများပင် ပါဝင်ကြပါတယ်တဲ့။ အဲဒီလို လူတွေကိုယ်တိုင်က မိမိတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များကို ကိုယ်တိုင်ဒိဌ ကြုံတွေ့ခဲ့ကြရပါလျက်နဲ့ တိကျသေချာစွာ ဖြေရှင်းချက်မထုတ်နိုင်ပဲ ကြုံခဲ့ရသူများ ကိုယ်၌က အဲဒီဖြစ်စဉ်တွေအပေါ်မှာ ပဟေဠိဖြစ်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။ အဓိကကတော့ ကြုံတွေ့ရတဲ့ ဖြစ်စဉ်များကို လူအများနဲ့ တပြိုင်နက်ထဲ အတူတကွ ကြုံတွေ့ခဲ့ကြရသည့်တိုင် တိကျသေချာတဲ့ လက်ဆုပ်လက်ကိုင် သက်သေပြနိုင်မှုမျိုးကို မပြုလုပ်နိုင်ကြတာပဲဖြစ်ပါတယ်။ သရဲခြောက်မှု ဖြစ်စဉ်တိုင်းမှာ ဘယ်လိုပဲ ကိုယ်တိုင်ကြုံတွေ့ရသော်လည်း ခိုင်မာတဲ့ သက်သေပြမှုမျိုးကို မပြုလုပ်နိုင်တာဟာ သရဲတကယ်ရှိမရှိ ဆိုတာပြောနိုင်ဖို့အတွက် အဓိက အားနည်းချက် ဖြစ်နေခဲ့ရပါတယ်။ နောက်ထပ် အငြင်းပွားစရာ အချက် အနေနဲ့ ရှိပြန်တာက သရဲခြောက်လှန့်မှု ဖြစ်စဉ်များကို လေ့လာသုံးသပ်မှုများကနေ ပြဆိုတာကတော့ လူအများ လက်ခံယူဆထားကြသလို သေလွန်သွားပြီးသော ၀ိညာဉ်များက လာရောက် ခြောက်လှန့်တာဖြစ်တယ် ဆိုတဲ့အချက်နဲ့ အချို့သော ခြောက်လှန့်မှုဖြစ်စဉ်များဟာ လုံးဝသက်ဆိုင်မှု မရှိတာကို တွေ့ရှိရတာကြောင့် ခြောက်လှန့်မှုတိုင်းဟာ သေဆုံးခြင်းနဲ့ ကွယ်လွန်ပြီးသော ၀ိညာဉ်များနဲ့ပါ တိုက်ရိုက် ပတ်သက်မှု ရှိမရှိ ဆိုတာ ထည့်စဉ်းစားစရာ ဖြစ်လာပြန်ပါတယ်။ အခြားယူဆချက်တစ်ခုရဲ့ အမြင်ကျပြန်တော့ ကွယ်လွန်သွားသူတွေကို မိမိသက်ဆိုင်ရာ လူမျိုးစု ဘာသာ ဓလေ့ ထုံးတမ်းစဉ်လာများအတိုင်း သဂြုင်္ိဟ်မှုပြုခြင်းကို မခံရတဲ့ ၀ိညာဉ်များဟာ ကျေနပ်မှုမရှိတဲ့အတွက်ကြောင့် သင့်တော်တဲ့အတိုင်း ပြန်လည် သဂြုင်္ိဟ်ပေးစေချင်တဲ့အတွက် အသိပေးလိုတဲ့အနေနဲ့ လာရောက်ခြောက်လှန့်ခြင်းအမှုကို ပြုကြတာဖြစ်တယ်လို့လဲ ဆိုပြန်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း ဘာသာတိုင်း လူမျိုးတိုင်းဟာ လူတစ်ယောက် သေဆုံးသွားခဲ့ရင် အသုဘအခမ်းအနားကို မိမိတို့ရဲ့ ဓလေ့ထုံးတမ်းများအတိုင်း အလေးထားပြီးပြုလုပ်ကြတာ ဖြစ်တယ်လို့ အဲဒီအယူအဆကဆိုပါတယ်။ အဲဒီအတွက်ကြောင့် သရဲခြောက်ခံရတယ်ဆိုရင် လာရောက် ခြောက်လှန့်တဲ့ဝိညာဉ်ကို ကျေနပ်စေဖို့ သက်ဆိုင်ရာ အသုဘအခမ်းအနားကို ၀ိညာဉ်အတွက် ရည်စူးပြုလုပ်ပေးပြီး စနစ်တကျ ပြန်လည်မြှုပ်နှံပေးလိုက်မယ်ဆိုရင် လာရောက် ခြောက်လှန့်ခြင်း မရှိကြတော့ပါဘူးတဲ့။ နောက်ထပ်အမြင်တစ်မျိုးကတော့ ရူပဗေဒသဘောတရားတွေနဲ့ နည်းနည်းဆက်နွယ်တယ်ထင်ရပါတယ်။ သရဲဆိုတာ လူတွေရဲ့ ဆက်လက် လှုပ်ရှားနေဆဲဖြစ်သော အတိတ်က ပုံရိပ်များသာ ဖြစ်ပါတယ်တဲ့။ အဲဒီလို အရိပ်ထင်ကျန်နေမှုဟာ ကာယကံရှင် သေခြင်းရှင်ခြင်းနဲ့ သိပ်မသက်ဆိုင်လှဘူးလို့ ဆိုပါတယ်။ အဲဒီပုံရိပ်များဟာ ကာယကံရှင် ရှင်သန်လှုပ်ရှား သက်ဝင်ခဲ့ရာ နေရာတွေ (ဥပမာ - အိမ်၊ ကျောင်း၊ ရုံးခန်း၊ တက္ကသိုလ်များ၊ စာသင်ဆောင် လူနေဆောင်များ၊ နန်းတော် အစရှိတဲ့ အဆောက်အဦးနေရာတွေ) နေ့စဉ် သွားလာလှုပ်ရှားခဲ့တဲ့လမ်း အစရှိတို့မှာ (ဓါတ်ပုံတို့ ဗွီဒီယိုတို့လို) ပုံရိပ်ထင် ကျန်ရစ်ခဲ့ပါတယ်။ အဲဒါဟာ ပဲ့တင်သံ ပြန်လာတတ်သလို သဘောတရားမျိုး ဖြစ်ပါတယ်တဲ့။ ပဲ့တင်သံကို အကြိမ်ကြိမ် အခါခါ ကြားရသလို စွဲထင်နေတဲ့ ပုံရိပ်တွေကိုလည်း မပျောက်ကွယ်သွားမချင်း အကြိမ်ကြိမ် ပြန်လည်မြင်တွေ့ နေရခြင်းဖြစ်ပါတယ်။ အဲဒီလို စွဲထင်ကျန်ရစ်တဲ့ ပုံရိပ်တွေဟာ အချိန်ကြာလာတဲ့အခါမှ တဖြည်းဖြည်းနဲ့ မှေးမှိန် ပျောက်ကွယ်သွားတတ်ကြပါတယ်။ အဲဒီ ပုံရိပ်တွေဟာ လူတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ စွမ်းအင်စက်ကွင်း (emotional energy fields) များကြောင့် ပတ်ဝန်းကျင်မှာ စွဲထင် ဖြစ်ပေါ်လာရတာလို့ ဆိုပါတယ်။ အဲဒါကြောင့် စိတ်အစွဲအလန်း ကြီးတတ်ကြသူများ၊ စိတ်ခံစားမှု ပြင်းထန်ကြသူများရဲ့ ပုံရိပ်များဟာ စွမ်းအင်ပိုမိုထက်မြက်တဲ့အတွက် ပိုမိုပြီး ရှင်းလင်းပြတ်သားစွာ ပေါ်လွင်တတ်ကြသလို အချိန်ကာလလည်း ပိုကြာရှည်စွာ စွဲထင်နေတတ်ကြပါတယ်။ ဒီ့အတွက်ကြောင့်လည်း မတော်တဆမှု၊ အသတ်ခံရမှု အစရှိတဲ့ အဖြစ်မျိုးတွေနဲ့ သေဆုံးခဲ့ရသူတွေမှာ ထိတ်လန့်မှု ကြောက်ရွံ့မှု အစရှိတဲ့ စိတ်ခံစားမှုတွေ အမြင့်ဆုံးအနေအထားမှာ ရှိနေမှုကြောင့် စွမ်းအင်ကလည်း အမြင့်မားဆုံးဖြစ်တဲ့အတွက် အဲဒီလိုလူတွေရဲ့ ပုံရိပ်များဟာ ထင်ထင်ရှားရှားနဲ့ အချိန်ပိုမိုကြာမြင့်စွာ စွဲထင်နေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ (မှတ်ချက် - အစိမ်းသေလိုမျိုးဆို သရဲပိုခြောက်တယ် ဆိုတာမျိုး ဆိုလိုချင်တယ် ထင်ပါတယ်။)

အဲဒီတော့ သရဲတစ္ဆေ ခြောက်လှန့်မှုများနဲ့ ပတ်သက်တဲ့ အမျိုးမျိုး အဖုံဖုံသော အယူအဆ ထင်မြင်ချက် သုံးသပ်ချက်များဟာ ကမ္ဘာတစ်ဝှမ်းမှာ အမျိုးမျိုး ကွဲပြားနေခဲ့ပါတယ်။ သရဲတစ္ဆေနဲ့ ပတ်သက်ပြီး လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ထင်မြင် ယူဆချက်များဟာလည်း ဘယ်လိုမှ တူနိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဒီနေ့ဒီအချိန်အထိလည်း နာနာဘာဝ မကောင်းဆိုးဝါး ကြတ် သရဲ တစ္ဆေ ဘီလူး သဘက် ဖုတ် ပြိတ္တာ မိစ္ဆာ နတ်ဆိုး အမည်ပေါင်းများစွာနဲ့ ခြောက်လှန့်မှုများဟာလည်း နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ပုံစံမျိုးစုံ အသွင် သဏ္ဍာန်မျိုးစုံနဲ့ ကမ္ဘာအနှံ့မှာ ရှိနေဆဲပါ။ ဒါပေမယ့် သရဲဆိုတာ တကယ်ရှိမရှိ၊ ခြောက်လှန့်မှုများဟာလည်း အမှန်တကယ် ဟုတ်မဟုတ်ဆိုတာကတော့ ကမ္ဘာပေါ်မှာ အခုအချိန်ထိ သက်သေပြနိုင်ခြင်း မရှိသေးသလို အဖြေရှာလို့မရနိုင်သေးတဲ့ ပုစ္ဆာတွေအဖြစ် ရပ်တည်နေဆဲပါပဲ။
* * * * * * * * * * * * * * *
(ဆက်ရန် - ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ ခြောက်လှန့်မှု မှတ်တမ်းများအကြောင်းကို နောက်နေ့တွေကျမှ ဆက်ရေးပါမယ်။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(Tony Allan ရဲ့ Tales of real haunting နဲ့ ယခင်က ဖတ်မှတ်ခဲ့ဖူးသော သရဲတစ္ဆေ မှတ်တမ်းများအကြောင်း၊ အင်တာနက်မှ သရဲအကြောင်းနှင့် ပတ်သက်သမျှ ဖတ်ရှုထားခဲ့သော အချက်အလက်များကို မှီငြမ်း ကိုးကားပြီး ဘာသာပြန် ရေးသားထားခြင်း ဖြစ်ပါတယ်။)

Saturday, October 1, 2011

နှမ်းတစ်စေ့ပုံပြင်၊ ဖြူစင်တဲ့လောကနဲ့ အမျှင်မပြတ်တဲ့အတွေး..

နှမ်းစေ့ကလေးတစ်စေ့အကြောင်း ပုံပြင်လေးတစ်ခု ကြားဖူးတယ်။ ဆီကြိတ်စက်ကြီးဆီကို အသွားမှာ ကွင်းပြင်တစ်ခုကိုဖြတ်သွားတုန်း မတော်တဆ မြေကြီးပေါ်ကို ကျကျန်နေခဲ့တဲ့ နှမ်းစေ့ကလေး တစ်စေ့ဟာ သူ့အပေါင်းအဖေါ်တွေနဲ့အတူတူ ဆီကြိတ်တဲ့ဆုံကြီးဆီကို ပါမသွားနိုင်ခဲ့ တော့ဘူး။ သူဟာ သူ့အဖေါ်တွေလို ဆီဖြစ်ခွင့်မရတော့လို့ အင်မတန်မှ ၀မ်းနည်း နေခဲ့မိတယ်။ တကိုယ်တည်း စိတ်ဓါတ်ကျစွာ ၀မ်းပန်းတနည်း ငိုကြွေး နေခဲ့တယ်။ သူဟာ သူ့အပေါင်းအသင်းတွေလို အသုံးကျတဲ့အရာ တစ်ခု ဖြစ်ခွင့်မရတော့တဲ့အပေါ် သူ့ကိုယ်သူ နာကျည်းလို့မဆုံး ဖြစ်နေခဲ့တာပေါ့။ နှမ်းစေ့ကလေးနားက မြက်ပင်လေး ကတော့ နှမ်းစေ့ကလေးကို အားပေးဖို့ကြိုးစားကြည့်တယ်။ မြက်ပင်ကလေးက အသင်ဟာ ဆီမဖြစ်ခဲ့ပေမယ့် ဆီဖြစ်နိုင်တဲ့ နှမ်းစေ့ကလေးဘ၀ကို ပိုင်ဆိုင်ခဲ့ရတာ ဘယ်လောက် ကောင်းလိုက်သလဲလို့ ပြောတယ် နှမ်းစေ့ကလေးက ဆီဖြစ်ခွင့်မရမှတော့ နှမ်းတစ်စေ့ရဲ့ဘ၀ဟာ ဘာများ အသုံးကျတော့မှာလဲကွာလို့ ကြေကွဲတဲ့လေသံနဲ့ ပြန်မေးလိုက်တယ်။ တစ်ခုခုတော့ အသုံးကျမှာပါကွာလို့ မြက်ပင်လေးက ပြန်ပြောတယ်။ နှမ်းစေ့ကလေးကတော့ အားလျော့တဲ့ လေသံနဲ့ မဖြစ်နိုင်ပါဘူးကွာလို့ စိတ်ပျက်စွာ ပြန်ပြောလိုက်တယ်။ မြက်ပင်လေးကတော့ အားမလျော့သေးဘူး။ သူနှမ်းစေ့ကလေးကို ဘယ်လိုအားပေးရမလဲလို့ စဉ်းစားနေတယ်။ နှမ်းစေ့ကလေးရေ ဆီမဖြစ်ခဲ့ပေမယ့် မင်းမှာ တခြားလုပ်နိုင်တာ တစ်ခုခု ရှိနေချင် ရှိနေအုံးမှာပါကွာလို့ မြက်ပင်ကလေးက စဉ်းစားရင်း လှမ်းပြောလိုက် ပြန်တယ်။ ဆီမဖြစ်တော့တဲ့ နှမ်းတစ်စေ့က ဘာများလုပ်နိုင်စရာ ရှိရအုံးမှာလဲ။ အသုံးမကျတော့တဲ့ ဘ၀ပါဗျာလို့ နှမ်းစေ့က စိတ်ဓါတ်ကျသံနဲ့ ပြန်ပြောတယ်။ ဆီမဖြစ်နိုင်တော့ပေမယ့် နှမ်းပင်လေး တစ်ပင်တော့ ခင်ဗျားအနေနဲ့ ဖြစ်နိုင်သေးတယ်လေ မဟုတ်ဘူးလားလို့ မြက်ပင်လေးက မေးလိုက်ပြန်တယ်။ နှမ်းတစ်ပင်နဲ့လဲ ဆီဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူးဗျာ။ အလကားပါပဲလို့ နှမ်းစေ့က စိတ်ပျက်လက်ပျက် ခေါင်းခါရင်း ပြန်ပြောလိုက်တယ်။ ဒါတော့မှန်တာပေါ့ဗျာ။ တစ်ပင်တည်းနဲ့တော့လည်း ဘယ်ဆီဖြစ်ပါ့မလဲ။ ဒါပေမယ့်လည်း မင်းရဲ့ အပင်လေးက နှမ်းသီးလေးတွေသီး နှမ်းစေ့လေးတွေထပ်ကျ နောက်ထပ်
နှမ်းပင်လေးတွေထပ်ပေါက် အဲဒီအပင်လေးတွေကနေ နှမ်းစေ့ကလေးတွေ အများကြီး ထပ်ထပ်ကျ နှမ်းပင်ကလေးတွေ အများကြီး ထပ်ပေါက်ဆိုရင်တော့ သိပ်မကြာခင် ဒီနေရာမှာ နှမ်းခင်းကြီးတစ်ခင်း ဖြစ်လာနိုင်သေးတာပဲ မဟုတ်လားဗျာ။ ဒါဆိုရင် မင်းရဲ့မျိုးဆက်နှမ်းစေ့လေးတွေကတော့ ဆီဖြစ်ခွင့် ရှိလာနိုင်သေးတာပေါ့လို့ မြက်ပင်လေးက အားတက်သရော ပြောပြန်တယ်။ နှမ်းစေ့ကလေးက တစ်ချက်စဉ်းစားလိုက်ပြီး အင်းပေါ့လေ ဒီလိုဖြစ်လာရင်တော့ သိပ်မဆိုးပါဘူး။ နှမ်းတစ်စေ့ကနေ နှမ်းတစ်ပင်၊ နှမ်းတစ်ပင်ကနေ နောက်ထပ် နှမ်းပင်တွေဖြစ်လာမယ် ဆိုရင်တော့ ကျွန်တော် နှမ်းတစ်ပင်ဖြစ်လာအောင် ကြိုးစားကြည့်ပါ့မယ်လို့ မြက်ပင်ကလေးကို ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ပဲ နှမ်းစေ့ကလေးကနေ နှမ်းပင်ကလေးပေါက် နှမ်းသီးလေးတွေသီး ရင့်မှည့်တဲ့အချိန်ရောက်တော့ နှမ်းသီးကလေးတွေက ပေါက်ကွဲထွက်ပြီး နှမ်းစေ့ကလေးတွေ ပတ်ဝန်းကျင်မှာ ထပ်ကျရာကနေ နှမ်းပင်ကလေးတွေ ထပ်ပေါက် အဲသလိုနဲ့ပဲ သိပ်မကြာတဲ့နှစ်တွေအတွင်းမှာ နှမ်းစေ့ကလေးကျခဲ့တဲ့ ကွင်ပြင်ကြီးဟာ နှမ်းခင်းကြီးတစ်ခင်း ဖြစ်လာခဲ့တယ်။ အဲဒီနှမ်းခင်းကြီးကို ဆီစက်အလုပ်သမားတွေ တွေ့တဲ့အခါ အလွန်အံ့သြကြတာပေါ့။ ဒီကွင်းပြင်ကြီးထဲမှာ ဒီနှမ်းခင်းကြီး ဘယ်လိုများဖြစ်လာပါလိမ့်လို့ အံ့သြတကြီးဖြစ်နေခဲ့ကြတယ်။ အဲဒါနဲ့ အလုပ်သမားတွေလည်း နှမ်းတွေရိတ်သိမ်းချိန်တန်တော့ အဲဒီနှမ်းတွေကို ရိတ်သိမ်းပြီး ဆီကြိတ်ဖို့အတွက် ဆီစက်ကိုပို့လိုက်ကြတယ်တဲ့။ ဆီဖြစ်ခွင့်မရခဲ့ရှာတဲ့ နှမ်းစေ့လေးတစ်စေ့ကနေ စခဲ့တဲ့ ဒီနှမ်းခင်းကြီးက နှမ်းစေ့ကလေးတွေ ကတော့ ဆီဖြစ်ခွင့်ရသွားခဲ့ကြတာပေါ့ကွယ်။

ကြားဖူးတဲ့ ပုံပြင်ကလေးကတော့ ဒီမှာပြီးသွားပါတယ်။ ဒါပေမယ့် မပြီးနိုင်တာကတော့ ကိုယ့်အတွေး… တကယ်နှမ်းစေ့ကလေးက အပြင်မှာ နှမ်းခင်းကြီးတစ်ခင်း ဖြစ်မဖြစ်တော့ ကိုယ်မပြောတတ်ဘူး။ ဒါကပုံပြင်ပဲလေ။ ကလေးတွေ အိပ်ယာဝင်ချိန်မှာ ပြောပြဖို့ လူကြီးသူမတွေရဲ့ စိတ်ကူးယဉ် ပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော်ငြားလည်း ပုံပြင်ထဲက နှမ်းစေ့ကလေးက ကိုယ့်စိတ်ကို ဖမ်းစားတယ်။ နှမ်းစေ့ကလေးအကြောင်း ကိုယ်လျှောက်တွေးတယ်။ အပြင်လောကမှာ နှမ်းစေ့ကလေးက ကိုယ်ဖြစ်နေခဲ့ရင်ကော…
နှမ်းပင်ကလေးတစ်ပင် ပေါက်လာအောင်ထိတောင် ကိုယ်စွမ်းဆောင်နိုင်ပါ့မလား… အတွေးပွားစရာ… ပြီးတော့ အပြင်မှာက မြက်ပင်ကလေးလို အားပေးမဲ့သူထက် ပစ္စလက်ခတ် မညှာမတာ နင်းခြေသွားကြမယ့်သူတွေကြားမှာ နှမ်းပင်ကလေး ရှင်သန်နိုင်ပါ့မလား။ နှမ်းစေ့ကလေး ကျကျန်နေခဲ့တဲ့ နေရာဟာ အပင်မပေါက်နိုင်တဲ့ ကျောက်တုံး ကျောက်ဆောင်တွေ ကြားမှာ ဖြစ်နေခဲ့ရင်ကော… အပင်ပေါက်နိုင်တဲ့နေရာမှာ ကျခဲ့ရင်တောင် ကြက်ယက် ငှက်စားအခြေအနေမျိုးမှာဆိုရင် အပင်လေးတောင် ဖြစ်ခွင့်ရပါ့မလား။ ပုံပြင်ထဲမှာ အားပေးတဲ့ မြက်ပင်လေးကြောင့်သာ နှမ်းစေ့ကလေးက အပင်ကလေးတစ်ပင်ဖြစ်လာဖို့ ရွေးချယ်ခဲ့တာ။ မြက်ပင်လေးမရှိခဲ့ရင် နှမ်းစေ့ ကလေးဟာ ဆီလဲမဖြစ် အပင်လဲမပေါက် အခြေအနေမှာ စိတ်ဓါတ်ကျစွာနဲ့ပဲ အဆုံးသတ် သွားခဲ့မှာလား… တွေးစရာတွေက အမျှင်မပြတ်… ကိုယ်သာ နှမ်းစေ့ကလေးနေရာမှာ ဆိုရင်… မြက်ပင်ကလေးလဲ မရှိခဲ့ဘူးဆိုရင်… ကိုယ်အဆိုးတွေ အပျက်တွေချည်းပဲ တွေးမိနေခဲ့သလား။

ဖြူစင်ခြင်းတွေ လောကကြီးမှာ ရှားပါးနေတယ်။ လူတွေမှာ ဖြူစင်တဲ့နှလုံးသားတွေ မရှိကြတော့ဘူး။ လောကကြီးကတော့ အနက်ရောင်တွေပဲ လွှမ်းမိုးနေတော့တာပါပဲကွာ ဆိုတာမျိုး ညည်းငြူတာတွေ၊ နေရာတကာမှာ ဖြူစင်မှုဆိုတာ မရှိနိုင်ဘူး ဆိုတဲ့အသံတွေ မကြာခဏ ကြားကြား နေရတယ်။ အဲဒီလိုအသံတွေ ကြားရရင် ကိုယ့်အတွေးထဲကို ပုံပြင်ထဲက နှမ်းစေ့ကလေး ၀င်ဝင်လာတတ်တယ်။ ဘာမှတော့လဲ မဆိုင်လှပါဘူး။ ဒါပေမယ့် ကိုယ့်အတွေးထဲမှာတော့ နှမ်းစေ့ကလေးက ဖြူစင်ခြင်းဆိုတဲ့ နှမ်းပင်ကလေး တစ်ပင်ကို ရှင်သန်နိုင်အောင် ကြိုးစားနေခဲ့တယ်။ သူ့အပင်ကနေ ဖြူစင်ခြင်းနှမ်းစေ့ကလေးတွေ ပွားများလာပြီး အဲဒီနှမ်းစေ့ကလေးတွေကနေတဆင့် ဖြူစင်ခြင်းဆိုတဲ့ နှမ်းခင်းကြီး ဖြစ်လာတဲ့ အထိ နှမ်းစေ့ကလေးတွေကို ဆက်လက် ပွားများစေခဲ့တယ်။ အဲဒီနှမ်းစေ့ကလေးတွေက နေရာအနှံ့ တစ်လောကလုံးကို ပြန့်ပွား သွားနိုင်ခဲ့ရင် ဖြူစင်ခြင်းတွေ နေရာအနှံ့ မရောက်နိုင်ပေဘူးလား။ အဲဒီလိုဆိုရင်တော့ ဖြူစင်တဲ့နှမ်းခင်းတွေ လောကကြီးထဲ နေရာအနှံ့မှာ ရှိလာတော့မှာပေါ့။ နေရာတကာမှာ ဖြူစင်မှုတွေ ပြန့်ပွားလာဖို့အတွက်
ဖြူစင်ခြင်းနှမ်းစေ့ကလေးတွေ အများကြီး ရှိလာဖို့တော့ လိုအပ်တယ်လေ။ နှမ်းကလေးတစ်စေ့ကနေ တဖြည်းဖြည်း ပွားများလာမယ့် နှမ်းခင်းကြီးဆိုတာ ဘယ်လောက်ကြာနိုင်သလဲ ကိုယ်မသိပါဘူး။ သို့ပေမယ့်လည်း ဖြူစင်တဲ့လောကဆိုတာ ဖြစ်လာနိုင်ဖို့အတွက် ကိုယ် ကိုယ်တိုင်ကအရင်ဆုံး ကိုယ့်နှလုံးသားထဲမှာရှိတဲ့ ဖြူစင်မှုဆိုတဲ့ နှမ်းစေ့ငယ်ကလေးကို အပင်ကလေး ပေါက်လာနိုင်အောင် ကြိုးစားရအုံးမှာ။ အဲဒီအပင်ကရလာမယ့် နှမ်းစေ့ကလေးတွေကိုလည်း ဆက်လက်ပြီး ပြန့်ပွားစေရအုံးမှာ…။ အဲဒီနှမ်းစေ့ကလေးတွေကနေ အပင်လေးတွေ ထပ်ထပ်ပြီး ပေါက်နေဖို့လည်း လိုအပ်သေးတာ… တဖြည်းဖြည်းတော့လည်း နှမ်းခင်းကြီးဖြစ်လာရမှာပေါ့။ ပြောရရင်တော့… ဒါ ကိုယ့်ရဲ့ မရူးမနှမ်း စိတ်ကူးယဉ်အတွေး သက်သက်ပါပဲ။ တကယ်တော့ အခုမှ ကိုယ်က နှမ်းပင်ကလေး တစ်ပင်ဖြစ်လာဖို့ ကြိုးစားကြည့်နေမိတဲ့ အညှောက်တောင် မပေါက်သေးတဲ့ နှမ်းစေ့ကလေး တစ်စေ့အဖြစ် စိတ်ကူးကြည့်ရုံသက်သက်လေးပဲ ရှိပါသေးတယ်။ ဒါပေမယ့် တချိန်ချိန်မှာ နှမ်းစေ့ကလေးကနေ ဖြစ်လာမယ့် နှမ်းခင်းကြီးကိုတော့
ဖြူစင်တဲ့လောကကြီးအဖြစ် ကိုယ်မျှော်လင့်နေမိပါသေးတယ်။
နှမ်းစေ့ကလေးအတွက် ကိုယ်အဆိုးတွေချည့်ပဲ မတွေးခဲ့ပါဘူးဆိုတာ… ။     ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Tuesday, September 27, 2011

ရေနစ်တဲ့မြို့

ချောင်းရေကလျှံ မြစ်ရေကတိုး
မိုးမင်းရှင် သူ မသနားတယ်
သွန်းဆင့်ကာဖြိုး..။
ရေတိုးတဲ့မြစ်ပြင်
တသွင်သွင်လျှံကာဖြိုးပါလို့
ကမ်းကိုပင် ကျော်ကာလွှမ်းလို့ရယ်
မြို့တွင်းဝယ် ဘောင်ဘင်စီးတာကြောင့်
မြစ်ရေလျဉ် တစ်ခွင်ကြောမှာ ရေနစ်တဲ့မြို့။      ။

ကမ္ဘောဒီးယားမှာ ပြီးခဲ့တဲ့သြဂုတ်လထဲကစလို့ တနိုင်ငံလုံးမှာ နေရာအနှံ့
ရေတွေကြီးနေပါတယ်။ နောက်ဆုံးသိရတဲ့ သတင်းများအရ အဲဒီလို
ရေလွှမ်းမိုးမှုကြောင့် တနိုင်ငံလုံးမှာ ဗြိတိန်နိုင်ငံသားတစ်ဦး အပါအ၀င် 
အနည်းဆုံး လူ ၁၀၀နီးပါးသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ ရေကြီးမှုကြောင့် 
အိမ်ယာပေါင်း ၆၃ ၀၀၀ ခန့် ရေမြုပ်သွားကာ အခုအချိန်အထိတနိုင်ငံလုံး 
အတိုင်းအတာနဲ့ မိသားစုပေါင်း ၁၀၀ ၀၀၀ ကျော်လောက် ရေဘေးဒဏ် 
ခံစားနေရပြီး ကျောင်းပေါင်း ၃၀၀ခန့်လည်း ပိတ်ထားရပါတယ်။ 
လယ်ယာမြေ ၁၆၃ ၀၀၀ ဟက်တာခန့်လည်း (ဧက ၄၀၇ ၀၀၀ခန့်)
ရေနစ်မြုပ်သွားခဲ့ရတယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ 
သိရပါတယ်။ ရေကအခုအချိန်ထိ ဆက်လက်ပြီး ကြီးနေဆဲပါ။ 
ဘယ်နှစ်ရက်လောက် ဆက်ကြီးအုံးမယ် မသိသေးပါဘူး။ ကမ္ဘောဒီးယား 
အစိုးရကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အတော်အရေးပေးပြီး 
လုပ်နေပါတယ်။ ၀န်ကြီးချုပ် ဟွန်ဆန် ကိုယ်တိုင် အရေးပေါ် 
အစည်းအဝေးခေါ်ပြီး ရေဘေးကယ်ဆယ်ရေးနဲ့ ရေဘေးကြုံခဲ့ရတဲ့
ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို 
စီမံချက်တွေချပြီး ညွှန်ကြား လုပ်ဆောင်နေပါတယ်။

အမှန်တော့ ကမ္ဘောဒီးယားမှာ ရေကြီးတာဟာ ပုံမှန်အနေအားဖြင့် 
အဆန်းမဟုတ်ပါဘူး။ မဲခေါင်မြစ်ဝှမ်းဒေသတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယား
နိုင်ငံဟာ ဟိုးအရင်ကတည်းက နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလတွေမှာ 
ဆိုရင် မဲခေါင်မြစ်ရေတိုးလို့ ရေလွှမ်းနေကျဧရိယာတွေ သဘာဝအတိုင်း 
ရှိနေပြီးသားပါ။ ဒါပေမယ့် အခုနောက်ပိုင်း နှစ်တွေမှာတော့ မဲခေါင်မြစ်
ရေလွှမ်းမိုးမှုဟာ ပုံမှန်အတိုင်း မဟုတ်တော့ပဲ တစ်နှစ်ထက်တစ်နှစ် 
ဆိုးဝါးလာလိုက်တာ အခုတစ်ကြိမ်ရေကြီးတဲ့ အဖြစ်ကတော့ ပြီးခဲ့တဲ့ 
ဆယ်စုနှစ်တွေအတွင်းမှာ အဆိုးဝါးဆုံး အခြေအနေ ဖြစ်တယ်လို့
ဆိုကြပါတယ်။

မအိမ်သူတို့တွေ ကမ္ဘောဒီးယားမှာ နေတာ အတော်လေး ကြာပါပြီ။ 
အရင်တုန်းက အဲဒီလို ရေကြီးမှုမျိုးကို မကြုံခဲ့ရပေမယ့် လွန်ခဲ့တဲ့ ၂၀၀၈
ခုနှစ်ကစလို့ ပထမဦးဆုံးအကြိမ် မြစ်ရေတွေလျှံတက်ပြီး မြို့ထဲကို 
ဒလဟောစီးဝင်ကာ ရေလွှမ်းသွားတာကို စပြီးကြုံခဲ့ရပါတယ်။
အဲဒီတုန်းက ဒီမြို့ဒေသခံတွေရဲ့ အပြောအရဆိုရင် သူတို့တစ်သက်မှာ 
ဒီလိုရေကြီးတာဟာ ဒါဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်တဲ့။ 
အဲဒီတုန်းကဆိုရင် မြစ်ကိုဖြတ်တဲ့ တံတားပေါ်မှာ လူတွေအုံခဲပြီး
ကြိတ်ကြိတ်တိုးနေအောင် မြစ်ရေလျှံတာကို လာကြည့်ကြတာ
တွေ့ခဲ့ရဖူးပါတယ်။ အဲဒီနှစ်ကစလို့ နှစ်စဉ် စက်တင်ဘာ အောက်တိုဘာ
ဆိုရင် မြစ်ရေလျှံတက်လာပြီး မြို့ကို တစ်နှစ်တစ်ကြိမ် ရေလွှမ်းတာ
ဒီနှစ်ဆိုရင် လေးနှစ်ဆက်တိုက်ရှိပါပြီ။

ဒါ ၂၀၀၈တုံးက ပထမဦးဆုံးအကြိမ် မြစ်ရေတွေ ကမ်းပေါ်ကို လျှံတက်လာတဲ့ပုံပါ။ ဒီနှစ်မှာတော့ အခုမြင်နေရတဲ့ လူထိုင်နေတဲ့ကမ်းကိုပါ ရေတွေအကုန်လွှမ်းသွားပါတယ်။ တစ်မြို့လုံး ရေအပြည့်ပါပဲ။
 ဒီနှစ်မှာတော့ အခြေအနေ ပိုဆိုးလာတဲ့အပြင် တစ်ကြိမ်နဲ့တစ်ကြိမ် 
ကြားထဲမှာ တစ်ပတ်တိတိပဲခြားပြီး နှစ်ကြိမ်တိုင်တိုင် ရေကြီးတာပါ။ 
အခု ဒုတိယတစ်ကြိမ် ရေကြီးတာဟာ ကြုံခဲ့သမျှထဲမှာ အဆိုးဆုံးပါပဲ။ 
အရင်တုံးက တစ်ခါမှ ရေမလွှမ်းဖူးတဲ့ နေရာတွေအထိ တစ်မြို့လုံးနီးပါး ဒူးလောက် ပေါင်လောက်ရှိတဲ့ ရေထဲနစ်နေတာ ဒီနေ့ဆိုရင် ၆ရက်တောင်
ရှိနေပါပြီ။ လွန်ခဲ့တဲ့ ကြာသပတေးနေ့ ညနေပိုင်းလောက်မှာ ရေတွေ 
တရိပ်ရိပ်စတက်လာလိုက်တာ သောကြာနေ့မနက်မှာတော့ တစ်မြို့လုံးကို
ရေတွေလွှမ်းသွားပါတယ်။ တစ်မြို့လုံးလည်း သွားရေးလာရေးတွေ အကုန်
ခက်ခဲကုန်ပြီး ဈေးတွေဘာတွေ ၀ယ်တာခြမ်းတာကအစ အတော်လေးကို 
ဒုက္ခရောက်ပါတယ်။ ဘယ်သွားသွား အဲဒီဒူးလောက် ပေါင်လောက်ရှိနေတဲ့
ရေတောထဲမှာ ခြေလျင်ရုန်းပြီး သွားနေရတာ ခြေသလုံးတွေကြွက်တက် မတတ်ပါပဲ။ မြစ်ရေလျှံတာမို့လို့ ရေတွေက မြစ်ထဲကနေ အရှိန်နဲ့စီးဆင်း
နေတဲ့အတွက်ကြောင့် အဲဒီရေစီးတဲ့ အရှိန်ကို ရုန်းပြီးသွားရတာ 
အတော့်ကိုမလွယ်တဲ့ ကိစ္စပါ။ အခုအချိန်ထိ ရေကသိသိသာသာ 
ကျ မသွားသေးပါဘူး။ မိုးကလဲ ဒီရက်တွေမှာ ဆက်တိုက်ဆိုသလို
နေ့နေ့ညည ရွာနေတဲ့အတွက် ဘယ်နှစ်ရက်လောက် ဒီရေတွေနဲ့ 
စခန်းသွားရအုံးမယ် မသိသေးပါ။ ပုံမှန် အနေအထားအရ ဆိုရင်
အောက်တိုဘာလဟာ ကမ္ဘောဒီးယားမှာ မိုးများတဲ့လ ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေ ရေကြီးရင် အောက်တိုဘာလောက်မှ ကြီးတတ်တာပါ။ ဒီနှစ်မှာတော့ စောစီးစွာ နှစ်ကြိမ်တောင် ကြီးပြီးနေပြီဆိုတော့ ရှေ့လ
အတွက်ကိုလည်း စိတ်ပူစရာပါပဲ။ နောက်ထပ်ရေကြီးနိုင်တဲ့ အနေအထား အများကြီးရှိနေပါသေးတယ်။ စောင့်ကြည့်ရုံပဲ တတ်နိုင်ပါတယ်။ 
သဘာဝတရားရဲ့ဖေါက်ပြန်မှုတွေကို တားဆီးလို့မှ မရနိုင်တာမဟုတ်လား။

ဒါက ဟိုလွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပထမအကြိမ် ရေကြီးတဲ့ပုံပါ။

ဒါကတော့ အခု ဒုတိယအကြိမ်ပေါ့။ အိမ်အပေါ်ထပ်က လှမ်းရိုက်ထားတာ။ ပထမ အကြိမ်တုံးက အိမ်အောက်ထပ်ထဲ ရေမ၀င်ဘူး။ အခု အောက်ထပ်ထဲထိဝင်လို့ သဲအိတ်တွေနဲ့ ကာထားတဲ့ပုံပါ။ လှေကား သုံးထစ်မြုပ်နေပြီး အရှေ့က သဲအိတ်လေး ၂ခုက လှေကားဘောင်ကို ရေထဲမှာ တိုက်မိမစိုးလို့ အမှတ်အသားလုပ်ပြီး တင်ထားတာ။

ခြံထဲက တစ်ဝက်လောက်ရေမြုပ်နေတဲ့ သရက်ပင်။ ကြည့်လေရာ ရေဖွေးဖွေးပါပဲ။ ကျွန်းပေါ်ရောက်နေသလိုတောင် ခံစားရတယ်။

ဒါကတော့ ကမ္ဘောဒီးယား ရေကြီးတဲ့ သတင်းလေးတွေပါ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...